မေးခွန်း အကြောင်းအရာ
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၄ ပုဒ်မခွဲ(ခ) တွင် နိုင်ငံသားများကို လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုထားသည့် အခွင့်အရေးကို အခြေခံပြီး ပြည်ထောင်စု လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ဥပဒေအမှတ် (၁၅/၂၀၁၁)ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေ၏ရည်ရွယ်ချက်က မိမိတို့၏ဆန္ဒ၊ လိုလားချက်များကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် ရှိရန်နှင့် ၎င်းအခွင့်အရေးကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် တာဝန်ရှိအစိုးရအပေါ် အရေးယူဖြေရှင်းပေးနိုင်ရန် ဥပဒေနှင့်အညီ တင်ပြတောင်းဆိုခြင်းလည်း ဖြစ်ပါကြောင်း၊ ငြိမ်း/စု/စီ ဥပဒေကို ပြဋ္ဌာန်းပြီးနောက် ပြည်သူများအနေဖြင့် နိုင်ငံနှင့်အဝန်း နေ့စဉ်နှင့်အမျှ ဆန္ဒဖော်ထုတ် မှုများကို ဥပဒေနှင့်အညီ ပြုလုပ်လာလျက်ရှိကြသော်လည်း ဆန္ဒဖော်ထုတ်မှုတချို့ကိုသာ သက်ဆိုင်ရာက အရေးယူကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး များစွာသောဆန္ဒဖော်ထုတ်မှုများအပေါ် မသိကျိုးကျွံနှင့် ဥပက္ခာပြုထား ပါကြောင်း၊
ယခုကဲ့သို့သော ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ မဖြေရှင်းနိုင်သည့်အတွက် အကြိမ်ကြိမ်ဆန္ဒဖော်ထုတ်မှု များ ဖြစ်လာကြရာက အကြမ်းဖက်မှုများဆီသို့ ဦးတည်သွားတတ်ပြီး ထိခိုက်ပျက်စီးနစ်နာကြရပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း တရားဥပဒေနှင့်အစိုးရအပေါ် ယုံကြည်မှုအားနည်းလာကြပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် ထိရောက်သောဖြေရှင်းမှုကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး ပြည်သူ့ဆန္ဒကို မထီမဲ့မြင် ပြုလုပ်နေမည်ဆိုပါက ငြိမ်း/စု/စီဥပဒေသည် အကျိုးသက်ရောက်မှုမရှိနိုင်ရုံသာမက ပြဿနာများကို ပိုမိုကြီးထွားလာရန် လှုံ့ဆော်ပေးသောဥပဒေမျိုးသာ ဖြစ်လာလိမ့်မည်ဟု ယူဆပါကြောင်း၊ လက်ပံတောင်း တောင်ပြဿနာနှင့် လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်များတွင် နမူနာအားဖြင့် တွေ့မြင်နိုင်ပါကြောင်း၊ နောင်တွင်လည်း တာဝန်ရှိသူများအနေဖြင့် ပြဿနာများအပေါ် စိစစ်ဖြေရှင်းမှုများ မလုပ်ဘဲ ခေါင်းရှောင်နေပါက မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများကဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ပြီး တင်ပြသည့်အပေါ် တာဝန်ရှိသူ နိုင်ငံတော် အစိုးရအနေဖြင့် အဖွဲ့ဖွဲ့ပြီး စုံစမ်းမှုများ၊ အရေးယူဖြေရှင်းမှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာပုဂ္ဂိုလ်၊အဖွဲ့အစည်းများကို ဆန္ဒဖော်ထုတ်ခြင်းအား PEDE စုံစမ်းစစ်ဆေးမှုများဖြင့် အရေးယူ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆန္ဒဖော်ထုတ်မှုတိုင်းကို အဖြေမှန်ပေါ်ပေါက်လာရန် ရှာဖွေဖော်ထုတ်ပြီး ပြဿနာပြေငြိမ်းသွားသည်အထိ ပြန်လည်တုန့်ပြန်ဖြေရှင်းမှု(Reaction) လုပ်ပေးနိုင်ပါမှ ၎င်းဥပဒေ၏ အကျိုးသက်ရောက်မှုကို ပြည်သူများ ပီပီပြင်ပြင်ခံစားလာရမည် ဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက ၎င်းဥပဒေသည် အမြင်ကောင်းရုံ သက်သက်ပြဋ္ဌာန်းထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ငြိမ်း/စု/စီ ဥပဒေ၏အနှစ်သာရ ပီပြင်စွာအကောင်အထည်ဖော်လာနိုင်ရန်အတွက် (၁) ငြိမ်း/စု/စီ ဥပဒေပြဋ္ဌာန်းပြီးနောက် ယခုအချိန်အထိ တစ်နိုင်ငံလုံးတွင် တရားဝင်ဆန္ဒဖော်ထုတ်မှုပေါင်း အရေအတွက် မည်မျှရှိသည်နှင့် (၂) ဆန္ဒဖော် ထုတ်မှုဖြစ်လာပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူအဖွဲ့အစည်းများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် မည်သို့အရေးယူကိုင်တွယ်ဖြေရှင်းခဲ့ကြသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ြ
ငိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်၏ဥပဒေအမှတ်(၁၅)နှင့် ပြဋ္ဌာန်းခဲ့ပြီးနောက် နည်းဥပဒေကို ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၆၄/၂၀၁၂)နှင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သော်လည်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၈/၂၀၁၆) ဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို အသစ်ပြန်လည် ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါ၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေအသစ် ရေးဆွဲလျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲလျက် ရှိပါကြောင်း၊
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးသည့် အချိန်ကစပြီး ယနေ့အထိ တရားဝင်ခွင့်ပြုချက်ဖြင့် ရယူပြီး ဆန္ဒဖော်ထုတ်မှုစုစုပေါင်း ၂၀၁၂ ခုနှစ်တွင် ၁၃၁ ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် ၄၄၃ ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ၈၄၈ ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ၇၀၇ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၅၇၃ ကြိမ်၊ ၂၀၁၇ ခုနှစ် ဇွန်လကုန်အထိ ၃၇၂ ကြိမ် စုစုပေါင်း ၃၀၇၄ ကြိမ် ရှိပါကြောင်း၊ ဆန္ဒဖော်ထုတ်မှုတစ်ခု ဖြစ်ပေါ်လာပြီးနောက် သက်ဆိုင်ရာဌာနများအလိုက်ဆောင်ရွက်မှုများအနေဖြင့် ထုတ်နုတ်ဖြေကြား ရမည်ဆိုပါက ဆန္ဒဖော်ထုတ်သူများအနေဖြင့် မြေယာနှင့်သက်ဆိုင်သောဆန္ဒဖော်ထုတ်မှုများကို လယ်ယာ မြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီနှင့် အဆင့်ဆင့်သော ကော်မတီများ အနေဖြင့် ဆန္ဒဖော်ထုတ်မှုများအပေါ် တည်ဆဲမြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်ညှိှနှိုင်းဖြေရှင်းဆောင်ရွက်ဆဲနှင့် ဆန္ဒဖော်ထုတ်မှု များလည်း ရှိနေသေးပါကြောင်း၊ အလုပ်သမားနှင့်သက်ဆိုင်သော ဆန္ဒဖော်ထုတ်မှုများနှင့်စပ်လျဉ်းပြီး ဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပေါ်လာပြီးနောက် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ (The Settlement of Labour Dispute Law) အရ ဖွဲ့စည်းထားရှိသော မြို့နယ်ညှိှနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းဆိုအလုပ်သမားများနှင့် အလုပ်ရှင်များ တွေ့ဆုံညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးမှုများကို ပြုလုပ်လျက် ရှိပါကြောင်း၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုဖြင့် ပြေလည်မှုမရရှိပါက တိုင်းဒေသကြီး/ပြည်နယ် အငြင်းပွားမှုဖျန်ဖြေရေးခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးပို့ဖြေရှင်းလျက်ရှိပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အငြင်းပွားမှုဖျန်ဖြေရေးခုံသမာဓိအဖွဲ့၏ ဆောင်ရွက်မှုနှင့် ပြေလည်မှုမရှိပါက အငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီသို့ လွှဲပြောင်းပေးပို့ ဆောင်ရွက်ရပါကြောင်း၊ အငြင်းပွားမှုဖျန်ဖြေရေးခုံသမာဓိကောင်စီ၏ဆုံးဖြတ်ချက်ကို အလုပ်ရှင်မှသော်လည်းကောင်း၊ အလုပ်သမား များမှသော်လည်းကောင်း ကျေနပ်မှုမရှိပါက နှစ်နှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်လွှာတင်သွင်းနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊ ထို့အပြင် ရေချိုငါးလုပ်ငန်းနှင့်ဆက်စပ်ပြီး ရေချိုငါးလုပ်ငန်း စီမံခန့်ခွဲမှုကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ကစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးခဲ့သည့်အတွက် အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး ဆန္ဒဖော်ထုတ်မှုဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ ပြည်နယ်ရေချိုငါးလုပ်ငန်း ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊
ရတနာနယ်မြေများနှင့်ပတ်သက်သော ဆန္ဒဖော်ထုတ်မှုများနှင့်စပ်လျဉ်းပြီး ကျောက်စိမ်းတူးဖော်ရာတွင် လုပ်ကွက်ဧရိယာအလိုက် စက်ယန္တရားများ ကန့်သတ်တူးဖော်စေခြင်းကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စပြီးလုပ်ကွက်များကို သက်တမ်းတိုးပေးခြင်းနှင့် လုပ်ကွက်အသစ်များ ချထားပေးခြင်းမရှိတော့ဘဲ သက်တမ်းရှိ လုပ်ကွက်များကိုသာ လုပ်ကိုင်ဆောင်ရွက်စေခြင်းတို့ကို ဆောင်ရွက်ပေးပြီး တရားဝင်ပြည်ပသို့ သယ်ဆောင် ရောင်းချနိုင်ရေးအတွက် Gems Trading Center အရောင်းစင်တာများ ဖွင့်လှစ်ဆောင်ရွက်ရန်စီစဉ်ပေးခြင်းနှင့် ရေမဆေးကျောက်ရှာဖွေသူများကို ကျောက်စိမ်းရိုင်းရှာဖွေခွင့်နှင့် ကိုင်ဆောင်ခွင့်လက်မှတ်များ မှတ်ပုံတင် ထုတ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကြောင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပေါင်းစပ် ဖြေကြားချက်အရ သိရှိရပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအပေါ် ကျေနပ်မှုမရှိသည့်အတွက် ဆန္ဒဖော်ထုတ်ခြင်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့၊ ရွာ ပြင်ဆင်ဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်းပြီး ဆန္ဒဖော်ထုတ်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဒေသရှိ ပြည်သူလူထု၏သဘောထားအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ အဆင့်ဆင့် တင်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ပေါင်းစပ်ဖြေကြားထားပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့နှင့်ပတ်သက်သည့် ဆန္ဒဖော်ထုတ်မှုများ နှင့်စပ်လျဉ်း၍ ၎င်းတို့ဆန္ဒဖော်ထုတ်သော တောင်းဆိုချက်များသည် ကျိုးကြောင်းညီညွတ်မှုရှိသည့် ကိစ္စရပ်များ၊ ဥပဒေနှင့်ညီညွတ်သည့်ကိစ္စရပ်များ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း မရှိသည့်ကိစ္စရပ်များ၊ ဒေသ၏ လူမှုစီးပွားရေး ထိခိုက်ခြင်းမရှိသည့် ကိစ္စရပ်များ၊ ပြည်သူလူထုက လက်ခံနိုင်ခြင်းရှိသည့် ကိစ္စရပ်များဖြစ်ပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း(မြေပုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အချိန်နှင့်တစ်ပြေးညီ မဖြေရှင်းဘဲ မြေယာလုပ်ထုံးလုပ်နည်းအရ၊ ဥပဒေ၊ နည်းဥပဒေအရ၊ အဆင့်ဆင့် ဖြေရှင်းနေမည်ဆိုပါက မိမိတင်ပြခဲ့သော ဥပမာများကဲ့သို့ ထိပ်တိုက်တွေ့မှုများ၊ ပြဿနာများကို ပိုမို တိုးပွားစေရန် အဆိုပါဥပဒေက ကူညီနေသည့်သဘောမျိုး ရောက်သွားသည့်အတွက် မြို့နယ်အတွင်း အချိန် နှင့်တစ်ပြေးညီ မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်သနည်း၊ မည်သို့သောညွှန်ကြားချက်များ ထုတ်ထားသနည်း၊ ဆန္ဒဖော်ထုတ်သည့်အပေါ် မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းသနည်း၊ ထိုကိစ္စမျိုးများဖြစ်သည့်အခါ ကာယကံရှင်များကို ဖိတ်ခေါ်ပြီး စုံစမ်းသည့်အဖွဲ့အစည်းဖွဲ့၍ စုံစမ်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းခြင်းတို့အတွက် ညွှန်ကြားချက်ရှိသနည်း၊ အကယ်၍ မိမိအနေဖြင့် ရင်ဆိုင်ရသည့်အခါ မည်ကဲ့သို့ အမြန်ဆုံးဖြေရှင်းနိုင်ရန် ကူညီဆောင်ရွက်နိုင်သနည်းတို့ကို ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဥပဒေအရ ဆန္ဒဖော်ထုတ်ခွင့်ကို ကြိုတင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြားရပါကြောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသည် ဆန္ဒဖော်ထုတ်မည့်အကြောင်းအရာကို ကြိုတင်သိရှိပြီးနောက် ဆောင်ရွက်ရမည့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများကို အချိန်နှင့်တပြေးညီ တင်ပြပါကြောင်း၊ တင်ပြ ဆောင်ရွက်ချက် အပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်းသော်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက တစ်ခုကသော်လည်းကောင်း၊ သိရှိပြီး ဆန္ဒပြရန်အတွက် တောင်းဆိုထားသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြိုတင်တွေ့ဆုံညှိှနှိုင်းမှုများ ပြုလုပ်ရပါကြောင်း၊ ဥပမာအားဖြင့် ဆန္ဒဖော်ထုတ်မည့်နေရာ၊ ချီတက်မည့်လမ်းကြောင်း၊ ဆန္ဒဖော်ထုတ်မည့် အချိန်၊ ဆန္ဒဖော်ထုတ်မည့်ရက်တွင် ဆောင်ရွက်နိုင်ခွင့်ရှိ/မရှိတို့ကို ကြိုတင်သတ်မှတ်မှုများကို ခေါ်ယူတွေ့ဆုံရန် ပြည်သူလူထုအနှောင့်အယှက်မဖြစ်စေရေးအပါအဝင် လိုအပ်သော ညှိနှိုင်းမှုများဆောင်ရွက်သကဲ့သို့ ဆန္ဒပြမည့် အကြောင်းအရာအပေါ် ကြိုတင်ဆွေးနွေးညှိနှိုင်းမှုများကို မြို့နယ်အဆင့်တွင် စတင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပဒေအရ သတ်မှတ်ထားသော ပြဋ္ဌာန်းချက်တွင် မပါရှိသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာန အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်ကိုကြိုတင် တင်ပြသော ဆန္ဒဖော်ထုတ်မည့်အစီအမံများကို မြို့နယ်အဆင့်တွင်သာမက ခရိုင်အဆင့်၊ ၎င်းမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဆင့်ဆင့်ကိုလည်း တပြိုင်နက်တည်း ကြိုတင်အသိပေးရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်ကတာဝန်ယူဖြေရှင်းနိုင်သော လုပ်ငန်းစဉ်များကို မြို့နယ်တွင်သာ ကြိုတင်ညှိနှိုင်း ဆောင်ရွက်စေလျက်ရှိပြီး ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများကို သက်ဆိုင်ရာခရိုင်နှင့် ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ သို့သော်လည်း ဆန္ဒဖော်ထုတ်မှုများက မိမိ၏ မူလဖြေဆိုချက်နှင့် ကိုက်ညီရန် လိုအပ်ပါကြောင်းနှင့် တင်ပြပါအကြောင်းအရာများနှင့် ကိုက်ညီမှုမရှိပါက ၎င်းတို့၏ဆန္ဒဖော်ထုတ်မှုသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ အပါအဝင် ဝန်ကြီးဌာနများသည် ဆန္ဒဖော်ထုတ်မှုများအပေါ် အလေးအနက်ထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
