(ဂ)-အင်းတော်မြို့နယ်အတွင်းမူးယစ်ဆေးဝါးရောင်း ဝယ်သုံးစွဲနေခြင်းကိုလျှော့ချရန်နှင့်ယခုထက်ပိုမိုသော အစီအမံများချမှတ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၄.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr daw pyone၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ပြည်သူသို့ကျေးဇူးတင်လွှာထဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရေးသားထောက်ပြခဲ့သော လမ်းညွှန်ချက်ကို ပထမတင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံ၏အနာဂတ်ကိုပိုင်စိုးသော မျိုးဆက်သစ်လူငယ်များ ကျန်းမာဘေးကင်းလုံခြုံစွာ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင်‌့ ကြီးပြင်းလာရေး၊ နိုင်ငံ့တာဝန်များကို အသင့်လွှဲပြောင်းထမ်းဆောင်နိုင်ရေးအတွက် မူးယစ်ဆေးဝါးအမှောင်ထုကြီးကို ရှင်းလင်းဖယ်ရှားရန် အရေးကြီးလှ ပါသည်ဟု ရေးသားလမ်းညွှန်ခဲ့ပါကြောင်း၊ အခြားသောမြို့နယ်များကဲ့သို့ မိမိ၏မဲဆန္ဒနယ်ကလည်း မူးယစ်ဆေးဝါး အမှောင်ထုကြီးဖုံးလွှမ်းမှုကိုခံနေရပြီး မိမိတို့ကွင်းဆင်းသည့်အခါ ကျေးရွာများတွင် မူးယစ်ဆေးဝါးပြဿနာများ အများဆုံးတင်ပြကြပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်တွင် မြို့ပေါ် လေးရပ်ကွက်နှင့်ကျေးရွာပေါင်း ၁၅၃ ရွာ၊ လူဦးရေ ၁၃၀၀၀၀ ကျော်နေထိုင်ပါကြောင်း၊ အများစုက လယ်သမားများဖြစ်ကြပြီး၊ မူးယစ်ဆေးဝါးကင်းစင်သည့် ရွာမရှိပါကြောင်း၊ အဓိက တင်ပြလိုသည်မှာ ကျေးရွာလူထုလူငယ်များ၏ ၆၀ သို့မဟုတ် ၇၀ ရာခိုင်နှုန်းခန့် မူးယစ် ဆေးဝါးစွဲသည့်အဆင့်မှာ ရှိနေပြီဖြစ်ပါကြောင်း၊ ယခုအခါ ရွာထိပ်များ၊ ရွာလယ်များ၊ ဝါးရုံပင်များအောက်တွင်၊ လယ်ထဲတွင်၊ ရွာတစ်ရွာနှင့် တစ်ရွာဆက်သွယ်သည့်လမ်းများတွင် မူးယစ်ဆေးဝါးဈေးတန်းများ စည်ကား နေပါကြောင်း၊

မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလျှော့ချရာတွင် အဓိကကျသော ဝန်ကြီးဌာနများနှင့်ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အဆင့်တွင် မူးယစ်ဆေးဝါးကင်းရှင်းသော်လည်း ရပ်ကွက်နှင့်ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ ခြိမ်းခြောက်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းများဖြင့် လုံးထွေးနေသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး စံချိန်တင်ပမာဏ များကိုလည်း ဖမ်းဆီးပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထုနှင့်လည်း ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်လာပါကြောင်း၊ သို့သော်လည်း အခြားသောမြို့နယ်များကဲ့သို့ ရဲတပ်ဖွဲ့အင်အား နည်းပါးနေပါကြောင်း၊ ရဲနှင့်ပြည်သူအချိုးသည် ၁ း ၁၄၀၀ ခန့်ဖြစ်နေပြီး အခြားသော ရဲလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရသည့်အတွက် မူးယစ်ဆေးဝါး ရှာဖွေ တားဆီးရာတွင် အခက်အခဲဖြစ်နေပါကြောင်း၊ ထို့အပြင် အချို့ဝန်ထမ်းများ၏အဂတိလိုက်စားမှုလည်း ရှိနေပါ ကြောင်း၊ ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု၏ယုံကြည်မှုကလည်း နည်းနေသေးသည့်အတွက် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထင်သလောက်ခရီးမပေါက်ဖြစ်နေပါကြောင်း၊

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲရေးကိုလျှော့ချရန် အဓိကကျသောဝန်ကြီးဌာန တစ်ခုဖြစ်သော ကျန်းမာရေး ဝန်ကြီးဌာနနှင့် INGO တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအစားထိုး မက်သဒုံးဆေးဝါးသောက်သုံးသော Center  များကို အင်းတော်တွင် တစ်ခု၊ မော်လူးဆေးရုံတွင် တစ်ခုပေးထားပါကြောင်း၊ အင်းတော်တွင် နေ့စဉ် ၄၀၀ ကျော် လာရောက်သောက်သုံးပါကြောင်း၊ မော်လူးတွင် ၁၀၀ ခန့် သောက်သုံးပါကြောင်း၊ အကျိုးရှိသော်လည်း လုံလောက်မှုမရှိပါကြောင်း၊ နေ့စဉ်၊နှစ်ရှည်သောက်ရခြင်း၊ ခရီးစရိတ်ကုန်ခြင်း၊ အလုပ်ပျက်ခြင်း စသည်တို့ကြောင့် မထိရောက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးစွဲလူငယ်များအတွက် ကျေးရွာအရောက် Center များကို ဖွင့်ပေးထားမည်ဆိုပါက အလွန်ပင်ကောင်းသည်ကို အကြံပြုလိုပါကြောင်း၊   

အင်းတော်မြို့နယ်သည် တားဆီးသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလည်းမရှိသကဲ့သို့ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်သော စက်ရုံလည်းမရှိသော်လည်း မိုင်ရှည်ထောင်ချီခရီးဆန့်လာသော မကောင်းဆိုးဝါးအန္တရာယ်ကြီးကို ကာကွယ်ရန် အလွန်လိုအပ်လျက်ရှိပါကြောင်း၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်စည်းရိုးကိုလုံခြုံစေရန် ကာကွယ်လိုသည့် ဆန္ဒများ၊ သားကောင်ဖြစ်သွားသော လူငယ်များကို ကယ်တင်လိုသည့်ဆန္ဒများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် သာယာသော ပတ်ဝန်းကျင်ဖန်တီးလိုသည့်အတွက် အင်းတော်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေခြင်းကို လျှော့ချရန်နှင့် ယခုထက်ပိုမိုသော အစီအမံများချမှတ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ  သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားရလျက် ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အစိုးရအဆက်ဆက်အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း လက်တွေ့နယ်ပယ်တွင် စိန်ခေါ်မှုများရင်ဆိုင်နေရဆဲသာ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တားဆီးနှိမ်နင်းရေးနှင့် တရားစီရင်‌ရေး မဟာဗျူဟာတစ်ခုတည်းကိုသာ အသုံးပြု၍မရဘဲ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍများကိုပါ ထည့်သွင်းရေးဆွဲရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ဗဟိုအဖွဲ့သည် ဝန်ကြီးဌာနများအသီးသီးကပါဝင်သော လုပ်ငန်းကော်မတီ ၁၀ ခုကို  ဖွဲ့စည်းထားသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်ထိ အဆင့်ဆင့်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့်အပြင် မြေပြင်အခြေအနေ လိုအပ်ချက်အပေါ်မူတည်၍ Special Test Force များဖွဲ့စည်း၍ မူးယစ်ဆေးဝါးဖမ်းဆီး ရရှိရေးအတွက် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖွဲ့စည်းပုံအရ စုစုပေါင်းအင်အား ၃၃၃၄ ဦး ဖြစ်သော်လည်း လက်ရှိအင်အား ၁၁၁၈ ဦးရှိသည့်အတွက် ၂၇.၉၉ ရာခိုင်နှုန်းသာရှိသည့်အတွက် အင်အားများ ပြည့်မီနိုင်ရေးကို စီမံချက်များဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်တပ်ဖွဲ့စု(၆) ကသာတွင် မူးယစ်တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ ခွင့်ပြုအင်အား အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၃၆ ဦးဖြစ်ပြီး လက်ရှိတွင် ၁၆ ဦးဖြင့် ဖွဲ့စည်းပုံ၏ ၄၄.၄၄ ရာခိုင်နှုန်းနှင့် အင်းတော်မြို့နယ်အပါအဝင် မြို့နယ်ခုနစ်မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နယ်မြေရဲတပ်ဖွဲ့ဝင်များ၊  အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းတော်မြို့နယ်အတွင်း တားဆီးနှိမ်နင်းရေးများဆောင်ရွက်ခဲ့သည့်အခါ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ပေါင်း ၉၇ မှု၊ တရားခံ ကျား/မ စုစုပေါင်း ၁၈၇ ဦး၊ ၂၀၁၆ ခုနှစ်တွင် အမှုပေါင်း ၁၂၀၊ တရားခံ ကျား/မ စုစုပေါင်း ၂၀၇ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၂ ရက်နေ့ထိ မူးယစ်ဆေးဝါးအမှုပေါင်း ၇၆ မှု ဖမ်းဆီးရမိခဲ့ရာတွင် ဘိန်း ၇.၇၉၅ ကီလို၊ ဘိန်းဖြူ ၆.၅၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော်ဖမ်းဆီးရမိပြီး ကျားတရားခံ ၁၃၀၊ မတရားခံ ၄ ဦး ပေါင်း ၁၃၄ ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ အင်းတော်မြို့နယ်အတွင်း တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူလူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးပြန့်နှံ့ဝင်ရောက်မှုမရှိစေရေးအတွက် အခြေခံပညာ ကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထု များနှင့်ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပညာပေးဟောပြောခြင်းများကို စုစုပေါင်းအကြိမ် ၁၀၆ ကြိမ်ပြုလုပ်ခဲ့ပြီး လူဦးရေစုစုပေါင်း ၂၀၀၀၀ ကျော် တက်ရောက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်း ဒေသခံပြည်သူများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် မူးယစ် ကင်းစင်ကျာင်း၊ မူးယစ်ကင်းစင်ရပ်ကွက် နှင့် မူးယစ်ကင်းစင်ကျေးရွာများကို တည်ထောင်ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အခါ အထိုက်အလျောက်အောင်မြင်မှုများ ရရှိနေသည့်အတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင် ဆောင်ရွက်မှုကိုရယူပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စု၊ ပင်ဝယ်ကျေးရွာကို မူးယစ်ကင်းစင်ကျေးရွာအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူလူထု၏ပူးပေါင်း ဆောင်ရွက်မှုအားကိုရယူပြီး ကျန်ကျေးရွာများကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းတော်မြို့နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ပြဿနာများ လျော့နည်းပပျောက်စေရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သော မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအသစ် အမြန်ဆုံးပေါ်ထွက်လာရေးကို လမ်းပြမြေပုံ Road Map ရေးဆွဲချမှတ်ပြီး လုပ်ငန်းစဉ်းများအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိကျင့်သုံးနေသော ၁၃၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို လိုအပ်သည့်အတွက် ဥပဒေမူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ရာ ယခုအခါ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးလျက်ရှိပါ၍ အင်းတော် မြို့နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် အင်းတော်မြို့နယ်က ကျောက်စိမ်းတူးဖော်ရာနေရာများသို့ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့ကို အင်းတော်မြို့တွင် အခြေပြုထားရှိပြီး နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားကိုရယူပြီး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများရှိပါက ဖော်ထုတ်စစ်ဆေးအရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။