(ခ)-သိန္နီ-ရေပူ အမြဲစစ်ဆေးရေးစခန်းမှ နွားကဲ့ သို့သောသက်ရှိပစ္စည်းဖမ်းဆီးရမိသောနွား (၇၄) ကောင်၏ လေလံတင် ရောင်းချခဲ့သောတန်ဖိုးကို အများပြည်သူ မြင်သာအောင် ထုတ်ပြန်ပေးရန်နှင့် အချိုးကျမည်သို့ ခွဲဝေပေးသည်ကိုသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၄.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

sai oo khamရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန္နီ-ရေပူ အမြဲစစ်ဆေးရေးစခန်းတွင် ၁၀-၄-၂၀၁၇ ရက်နေ့တွင် နွား ၇၄ ကောင်ကို ဖမ်းဆီးခဲ့ပါကြောင်း၊ ဖမ်းဆီးခဲ့သည့် နွား ၇၄ ကောင်ကို ဖမ်းဆီးပြီးသည့်နောက်ပိုင်း ၇၄ ကောင်လုံး ပျောက်ဆုံးသွားသည့်ဲ့ သတင်းများထွက်ပေါ်ခဲ့ပါကြောင်း၊ ၂၆-၅-၂၀၁၇ ရက်နေ့ တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်အရ နွားများကို အပ်နှံထားသည့် နေရာကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်လူ၊ မြို့မိမြို့ဖများအပါအဝင် မြို့နယ်ဥပဒေအရာရှိ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် သိန္နီ-ရေပူစစ်ဆေးရေးစခန်းမှ အကောက်ခွန်အရာရှိများ အပါအဝင် သတင်းမီဒီယာများမှ သွားရောက်စစ်ဆေးခဲ့ပါကြောင်း၊ နွားများကိုလည်း တွေ့ရှိပါကြောင်း၊ ယင်းသို့ တရားမဝင် ကုန်သွယ်ရန် သယ်ဆောင်လာသည့်နွား ၇၄ ကောင်နှင့်ပတ်သက်ပြီး အမှုကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက သိန္နီမြို့နယ် စီမံခန့်ခွဲမှုကော်မတီရဲ့ဆုံးဖြတ်ချက်အရ လေလံတင်ရောင်းချသွားမည်ဟု သိရှိရပါကြောင်း၊

 နွားကဲ့သို့သော သက်ရှိပစ္စည်းများ ဖမ်းဆီးရမိမှုအပေါ် မည်သို့သောမည်မျှအချိန်ကာလ သတ်မှတ် ချက်ဖြင့် လေလံတင်ရောင်းချခြင်းပြုကြောင်းနှင့် လေလံတင်ရောင်းချသည့်အခါတွင် မည်ကဲ့သို့စံချိန်စံညွှန်း စည်းကမ်းသတ်မှတ်ချက်များ၊  လူတန်းစားများ၊ မည်သည့်လူတန်းစားများ ပေါ်မည်တူ၍ လေံတင်ရောင်းချကြောင်း၊ လေလံတင်ရောင်းချခဲ့သော တန်ဖိုး ငွေစာရင်းများကို အများပြည်သူမြင်သာအောင် ထုတ်ပြန်ဖော်ပြပေးရန်  ရှိ/မရှိ၊ လေလံတင်ရောင်းချငွေများကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာမြို့နယ်၊ ဖမ်းဆီးပေးသည့်ဌာန အဖွဲ့အစည်း များအတွက် မည်သည့်အချိုးကျဖြင့် မည်သို့ခွဲဝေပေးသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soe၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ၁၂ နာရီအချိန်တွင် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာဘက်မှ ကွတ်ခိုင်မြို့နယ် ဘက်သို့ နွားများသယ်ယူနေကြောင်း သတင်းရရှိသည့်အတွက် ရေပူစစ်ဆေးရေးစခန်းမှာ တာဝန် ထမ်းဆောင်နေသည့် အကောက်ခွန်မှူး ဦးစိန်မိုးနှင့်အဖွဲ့ သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ပြီး တရားမဝင်သယ်ဆောင်သူအား စုံစမ်းဖော်ထုတ်အရေးယူပါရန် သိန္နီမြို့နယ် မြို့မရဲစခန်းသို့ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် တိုင်တန်းလာသည့်အတွက် သိန္နီမြို့မရဲစခန်းမှာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်အရေးယူခဲ့ပြီး အမှုကို ရဲအုပ်အောင်ကျော်မိုးမှ စစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသည့်နွားများသည် ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ ရဲစခန်းတွင်ထိန်းသိမ်း စောင့်ရှောက်ရန် အခက်အခဲရှိသည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ  ၅၂၃ အပိုဒ်(၁)နှင့်အညီ အမှန်တကယ်ထိန်းသိမ်းနိုင်မည့် သိန္နီမြို့နယ် အမှတ်(၄)ရပ်ကွက်နေသူထံ လိုအပ်သည့်အခါ ပြန်လည်ပေးအပ်ရန် ဝန်ခံကတိချုပ်ဆိုပြီး ခေတ္တအပ်နှံထိန်းသိမ်းစေခြင်း ဖြစ်ကြောင်း ကိုသိရှိရပါကြောင်း၊  သိန္နီမြို့မရဲစခန်းအနေဖြင့် အဆိုပါအမှုတွင် တရားခံများကို စုံစမ်းခဲ့သော်လည်း ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိသည့် အတွက် ဥပဒေအကြံပြုချက်နှင့်အညီ အမှုကို ပိတ်သိမ်းခဲ့ပြီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိသည့် နွားထီး ၇၄ ကောင်ကို လိုအပ်သော စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန်အတွက် သိန္နီမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့ကြောင်း၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိသည့် နွားထီး ၇၄ ကောင်သည် ပျက်စီး လွယ်သောပစ္စည်းများဖြစ်သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၂၅ နှင့်အညီ လေလံတင်ရောင်းချ နိုင်ရေးအတွက် လေလံတင်အဖွဲ့ဖွဲ့စည်းခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်းအပါအဝင် လိုအပ်သော စီမံခန့်ခွဲ မှုများဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြအတည်ပြုချက်ရယူပြီး လေလံ တင်ရောင်းချခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိသည့် နွားထီး ၇၄ ကောင်ကို လေလံတင် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ရဲလုပ်ငန်းများဆောင်ရွက်ခြင်းအပါအဝင် ရက်ပေါင်း ၆၆ ရက် အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  ပိုင်ရှင်မဲ့သက်သေခံပစ္စည်းများ လေလံတင် ရောင်းချရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၃.၁၂.၂၀၁၂ ရက်စွဲပါစာအမှတ် ဖြင့် ထုတ်ပြန်ထားသည့် မူလပစ္စည်းပိုင်ရှင်ထံသို့ ရောင်းချခြင်းမပြုရ။ လေလံရရှိသူမှာလည်း လေလံ ဝယ်ယူသည့်ပစ္စည်းများကို တစ်ဖက်နိုင်ငံသို့ သယ်ယူရောင်းချခြင်းမပြုရ။ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေး အထောက်အကူပြုစေရန် မွေးမြူရေးအစုအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတို့တွင်လည်းကောင်း၊ စားသုံးမှုတွင်လည်းကောင်း အကျိုးရှိမှုကို ရည်ရွယ်ပြီး ရောင်းချပေးရန်ဟူသော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေလံ တင်ရောင်းချနိုင်ရေးအတွက် လေလံကြော်ငြာစာတွင် နွားတစ်ကောင်လျှင် ငွေကျပ် ၃၈၀၀၀၀ နှင့် ထိန်းသိမ်းမှုအတွက် အစာ၊ ဆေးအပါအဝင် ငွေကျပ် ၇၀၀၀၀ စုစုပေါင်း ၄၅၀၀၀၀ ကို လေလံတင်ကြမ်းခင်းဈေးအဖြစ် သတ်မှတ်ခဲ့ကြောင်း၊

၁၆.၆.၂၀၁၇ရက်နေ့တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်းကိုလည်း အများ ပြည်သူသိရှိနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြော်ငြာဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်လည်း ကြော်ငြာခဲ့ပါကြောင်း၊ လေလံတင်ရောင်းချပွဲတွင် လေလံဝယ်ယူလိုသော လျှောက်ထားသူ သုံးဦးရှိပြီး လေလံတင်ရောင်းချခြင်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ရာ နွားတစ်ကောင်လျှင် ငွေကျပ် ၄၆၅၀၀၀ နှုန်းဖြင့် နွားထီး ၇၄ ကောင်အတွက် စုစုပေါင်းငွေကျပ် သိန်း ၃၄၄၁၀၀၀၀ ရရှိခဲ့ပါကြောင်း၊ လေလံတင်ရောင်းချငွေများကို ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၇.၁၀.၂၀၁၅ နေ့ အမိန့်ကြော်ငြာစာအမှတ်(၁၂၄/၂၀၁၅)၊ ၁၁.၄.၂၀၁၇ ရက်အမိန့် ကြော်ငြာစာအမှတ်(၄၉/၂၀၁၇)တို့အရ ၃၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူသို့လည်းကောင်း၊ ၃၀ ရာခိုင်နှုန်းအား စုံစမ်းထောက်လှမ်းသည့်အဖွဲ့ များနှင့် ရှာဖွေဖမ်းဆီးသည့်အဖွဲ့များသို့လည်းကောင်း ခွဲဝေရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားရှိပါ ကြောင်း၊

သို့ပါ၍ နွားထီး ၇၄ ကောင်ကို လေလံတင်ရောင်းချရာတွင် ရရှိခဲ့သည့်ငွေကျပ်သိန်း ၃၄၄၁၀၀၀၀ အနက် အစာ၊ ဆေးအပါအဝင် ရက်ပေါင်း ၆၆ ရက် အတွက် ထိန်းသိမ်းခငွေကျပ် ၅၁၈၀၀၀၀ ကို နွားများအား ထိန်းသိမ်းစောင့်ရှောက်ထားသူထံသို့ ဇွန်လ ၁၆ ရက်နေ့မှာ လေလံတင်ရောင်းချရေး အဖွဲ့မှပေးချေခဲ့ပြီး ကျန်ရှိသည့်ငွေကျပ် ၂၉၂၃၀၀၀၀ ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ  ရက်နေ့တွင် ညွှန်ကြားချက်နှင့်အညီ ပြည်ထောင်စုရန်ပုံငွေစာရင်းအမှတ် MD-010624 သို့ို ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၅၈၄၆၀၀၀ ကိုလည်းကောင်း၊ ပြည်နယ်ရန်ပုံငွေစာရင်းအမှတ် MD-021329 သို့ ၃၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၈၇၆၉၀၀၀ ကိုလည်းကောင်း၊ ရှာဖွေဖမ်းဆီးသည့်အကောက်ခွန်မှူး ဦးစိန်မိုးနှင့်အဖွဲ့ကို ၃၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၈၇၆၉၀၀၀ ကိုလည်းကောင်း၊ သတင်းပေးသူများ ထံ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၅၈၄၆၀၀၀ ကိုလည်းကောင်း အသီးသီးဖြန့်ဝေပေးသွင်းထားပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးစိုင်းဦးခမ်း(သိန္နီ)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လေလံတင်မရောင်းချရသည့်နွားများကို မည်ကဲ့သို့ထားရှိမည်(သို့မဟုတ်) နိုင်ငံ ပိုင်နွားမွေးမြူးရေးခြံများကို ပေးပို့ရန်အစီအစဉ်ရှိ/မရှိကိုသိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး မှ ရှင်းလင်းဖြေကြားပါသည်။

ပိုင်ရှင်မဲ့ဖမ်းဆီးရမိတဲ့ပစ္စည်းများ၊ သက်ရှိပစ္စည်းဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လမ်းညွှန်ချက်လည်းထားရှိပြီးဖြစ်ပါကြောင်း၊ ဖမ်းဆီးရမိ သည့် နွားများသည် ပျက်စီး လွယ်သည့်ပစ္စည်းများဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်း ထားရမည့် အစီအစဉ် မပါရှိပါကြောင်း၊ လက်ရှိဖမ်းဆီးရမိသည့် နွား ၇၆ ကောင်ကို ၆၆ ရက်ကြာ ထိန်းသိမ်း ထားသည့်အချိန်တွင် နွားများသည် အစာရေစာရှားပါးမှုနှင့် ရောဂါဖြစ်ပွားမှုများလည်း ဖြစ်ပေါ် လာတာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ၎င်းနွားများကို အစိုးရပိုင်အဖြစ် ဆက်လက်ထိန်းသိမ်းဖို့ မဖြစ်နိုင်သည့်အတွက် သက်ရှိဖမ်းဆီးရမိသည့် ပျက်စီးလွယ်သော ပစ္စည်းများနှင့်ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လေလံတင်ရောင်းချခြင်းကိုသာ ဆောင်ရွက်စေလျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။