မေးခွန်း အကြောင်းအရာ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ညောင်လေးပင်မြို့တွင် ညောင်းလေးပင်မြို့၊ ပြွန်တန်ဆာမြို့၊ မဒေါက်မြို့နှင့် ပိန်းဇလုတ်မြို့ဆိုပြီး မြို့လေးမြို့ရှိပါကြောင်း၊ ညောင်လေးပင်မြို့သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် မိုင်တိုင် (၉၇) မှ မိုင်တိုင် (၁၀၀) ကြားတွင်တည်ရှိပြီး ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် ကားလမ်းဆုံရာတွင်ရှိသည့်အတွက် ကုန်တင်ကားကြီးများ၊ နောက်တွဲမော်တော်ကား ယာဉ်များ၊ အဝေးပြေးအမြန်ယာဉ်ကြီး/ငယ်များ နေ့ညမပြတ်ဖြတ်သန်း နေရသည့်အတွက်ကြောင့် တိုးဂိတ်စာရင်းများအရ တစ်နေ့လျှင် ယာဉ်အစီးပေါင်း ၄၀၀၀ ခန့် ဖြတ်သန်းလျက်ပါကြောင်း၊ ညောင်လေးပင်မြို့၏ တောင်ဘက် (၆) မိုင်အကွာတွင် တည်ရှိသည့် ပြွန်တန်ဆာမြို့ကလည်း ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် တည်ရှိသည့်အတွက် မိုင်တိုင် (၉၂) ကနေ မိုင်တိုင် (၉၄) အတွင်းတည်ရှိပြီး ညောင်လေးပင်မြို့ကို ဖြတ်သန်းသွားသည့် ယာဉ်များသည်လည်း ပြွန်တန်ဆာမြို့ကို ဖြတ်သန်းသွားရခြင်း ဖြစ်ပါကြောင်း၊
၎င်း မြို့နှစ်မြို့လုံးသည် ရန်ကုန်-မန္တလေးမီးရထားလမ်းနှင့် ကားလမ်းဆုံရာတွင် တည်ရှိခြင်းကြောင့် တစ်နေ့ကို လူစီးရထားစင်းရေ ၁၆ စင်းခန့် ဖြတ်သန်းနေရပါကြောင်း၊ ကားလမ်းပိတ်ထားရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သဖြင့် ကျောင်းတက်/ဆင်း၊ ရုံးတက်/ဆင်း၊ ဈေးစည်ကားချိန်များတွင် ရထား ဖြတ်သန်းမှုကလည်း ပိုမိုများသည့်အတွက် မကြာခဏ ယာဉ်အန္တရာယ် ထိခိုက်မှုများလည်း ဖြစ်ပေါ်ပါကြောင်း၊ ထို့နောက် ညောင်လေးပင်မြို့နှင့် ပြွန်တန်ဆာမြို့များတွင်ခရီးသည်တင်/ချ၊ ကုန်ပစ္စည်းတင်/ချ ပြုလုပ်ရေး အတွက် ယာဉ်ရပ်နားစခန်းများ သီးခြားမရှိခြင်းကြောင့် ကားလမ်းဘေးဝဲ/ယာတွင် ဂိတ်ထိုးပြီး ခရီးသည်များ ကုန်စည်တင်/ချ ပြုလုပ်ကြရခြင်းသည် လမ်းပိတ့်ဆိုခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ပိုင်းကို ယခင်က AH1 ခေါ်သည့် အာဆီယံလမ်းမကြီးအဖြစ် အသုံးပြုရန်စီစဉ်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် လမ်းပိတ်ဆို့မှုများ မဖြစ်သင့်ပါကြောင်း၊
၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညောင်လေးပင်မြို့နယ်၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရေးအစီရင်ခံစာတွင် အဆိုပြုထားသော ညောင်လေးပင်မြို့နှင့် ပြွန်တန်ဆာမြို့ကို ရှောင်ကွင်းပြီးသွားရန်အတွက် မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်ထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းမြို့ရှောင်လမ်းကို ညောင်လေးပင်ဘက် မိုင်တိုင် (၁၀၀) မှ ပြွန်တန်ဆာမြို့ ၉၂ မိုင် ခြောက်ဖာလုံကို ဖောက်လုပ်လိုက်မည်ဆိုပါက မိမိတို့ညောင်လေးပင်မြို့နှင့် ပြွန်တန်ဆာမြို့တွင် နေ့စဉ်တွေ့ကြုံနေရသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ ပြေပျောက်သွားနိုင်ခြင်းနှင့် အနောက်ဘက်ခြမ်းရှိ လမ်းများသည်လည်း ဒေသဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ညောင်လေးပင်မြို့နှင့် ပြွန်တန်ဆာမြို့တို့ကို ရှောင်ကွင်းပြီး မြို့ရှောင်လမ်း ဖောက်လုပ်ရန် စီစဉ်ထားခြင်းရှိ/မရှိ၊ စီစဉ်ဆောင်ရွက်ထားပါက မည်သည့်ကာလတွင် စတင်ဖောက်လုပ်ပါမည်နည်းနှင့် အစီအစဉ်မရှိပါကလည်း မည်ကဲ့သို့ဖြစ်ပါနည်းဆိုသည့် မေးခွန်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ညောင်လေးပင်မြို့တွင် ဖြတ်သန်းသွားလာနေသော ယာဉ်စီးရေမှာ တစ်ရက်လျှင် ပျမ်းမျှ ၄၀၀၀ ခန့်ရှိပြီး ယာဉ်သွားလမ်းအကျယ်မှာ ၃၆ ပေ ရှိပါကြောင်း၊ ညောင်လေးပင်မြို့အတွင်းရှိ လက်ရှိဖြတ်သန်းလျက်ရှိသည့် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ယာဉ်ငယ်များနှင့် ရန်ကုန်-တောင်ငူ-မန္တလေး လမ်းဟောင်းမှ ဖြတ်သန်းသည့် ကုန်တင်ကားကြီးများ၊ နောက်တွဲမော်တော်ယာဉ်ကြီးများ၊ အဝေးပြေးအမြန်ယာဉ်ကြီးများ တိုးတက်များပြားလာ ခြင်းတို့ကြောင့် ယာဉ်ကြောကြပ်တည်း ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်လေးပင်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၆ ခုနှစ်တွင် ညောင်လေးပင်မြို့ Town Plan အား လျာထားရေးဆွဲ အတည်ပြုထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါပုံစံအရ မြို့ရှောင်လမ်းမှာ ရန်ကုန်-တောင်ငူ-မန္တလေး လမ်းဟောင်း မိုင်တိုင် (၉၆) အနီးမှစပြီး ညောင်လေးပင်မြို့အထွက် မိုင်တိုင် (၁၀၀) လမ်းဟောင်း နှင့် ပြန်လည်ဆုံတွေ့မည် ဖြစ်ပါကြောင်း၊ သို့သော် ညောင်လေးပင်မြို့နှင့် ကပ်လျက်ရှိသည့် ပြွန်တန်ဆာမြို့ တွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေသဖြင့် ပြွန်တန်ဆာမြို့နှင့် ညောင်လေးပင်မြို့အား မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်ခြင်းဖြင့် ယာဉ်ကြောကြပ်တည်းမှုများအား ဖြေလျော့နိုင်မည်ဖြစ်ပြီး မြို့ကွက်များအနေဖြင့် စနစ်တကျဖွံ့ဖြိုး တိုးတက်လာမည်ဆိုသော်လည်း ပြွန်တန်ဆာမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Town Plan ကို အဆိုပြုရေးဆွဲထားခြင်း မရှိပါကြောင်း၊
အဆိုပါ ညောင်လေးပင်မြို့နှင့် ပြွန်တန်ဆာမြို့အပိုင်းများသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီကို B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်း မိုင်တိုင် (၅၀) မှ မိုင်တိုင် (၉၈) ထိနှင့် ဟိုက်စတားကုမ္ပဏီလီမိတက်သို့ ခွင့်ပြုထားသည့် ညောင်လေးပင်-ဇေယျဝတီလမ်းပိုင်း မိုင်တိုင် (၉၈) မှ မိုင်တိုင် (၁၄၆) အထိ လမ်းပိုင်းများ ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်လေးပင်မြို့နှင့် ပြွန်တန်ဆာမြို့တို့ကို မြို့ရှောင်လမ်းဖောက်လုပ်နိုင်ရေးအတွက် ပြွန်တန်ဆာမြို့၏ Town Plan ကို ၂၀၁၇ ခုနှစ် သြဂုတ်လကုန်တွင် စတင်ရေးဆွဲသွားမည်ဖြစ်ပြီး ခန့်မှန်းကာလ နှစ်လခန့် ကြာမြင့်မည်ဖြစ်ပါကြောင်းနှင့် အဆိုပါ Town Plan ရေးဆွဲပြီးစီးပါကလည်း မြို့ရှောင်လမ်းဖောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
