(ဃ)-မန္တလေးမူဆယ်လမ်းကိုနိုင်ငံတကာအဆင့်မီ လမ်းဖြစ်အောင်ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့်စာ ချုပ်သက်တမ်းမည်မျှကျန်ရှိပြီးသက်တမ်းကုန်ဆုံးပါက ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်ကိုသိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ (၃.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr sai maunt khanမန္တလေး-မူဆယ်လမ်းဟာ မိုင် ၂၈၀ ကျော်ရှိပြီး ရာသီမရွေးသွားလာနိုင်သော ယာဉ်ပေါင်းထောင်ချီ အသုံးပြုနေသည့်အတွက် ဒေသ၏စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များအတွက် မရှိမဖြစ်လိုအပ်သည့် မဟာဗျူဟာဆက်သွယ်ရေးလမ်းကြောင်း ဖြစ်ခြင်းကြောင့် ပြုပြင်ထားရန် လိုအပ်လျက်ရှိပါကြောင်း၊ စီးပွားရေးအနေဖြင့် ကြည်‌့မည်ဆိုလျှင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ၇၅ ရာခိုင်နှုန်းနှင့် စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းရှိသည့်အတွက် နိုင်ငံတော်၏ စီးပွားရေးမှာလည်း အရေးပါသည့် လမ်းကြောင်းဖြစ်ပါကြောင်း၊ ယခင်ကတ္တရာခင်းလမ်းမှ ကျောက်ခင်းလမ်းပြန်ဖြစ်ပြီး မိုးတွင်းကာလဆိုလျှင် ချိုင့်ခွက်များ၊ ဗွက်များကို ရှောင်ကွင်းမောင်းနှင်သွားလာနေရသဖြင့် မိနစ်ပိုင်းအတွင်း ယာဉ်တန်းရှည်ကြီးများ ဖြစ်ပေါ်ပြီး ပိတ်ဆို့မှုများ ဖြစ်ခြင်းကြောင့် ဖြစ်သလိုလမ်းဘေးတွင် အိပ်ကြရပါကြောင်း၊ အဆိုးဆုံးအပိုင်းမှာ နောင်ချိုနှင့် ကျောက်မဲကြားက ဂုတ်တွင်းလမ်းအပိုင်းဖြစ်သည့် ကွတ်ခိုင်-မူဆယ်ကြား ရှုခင်းသာလမ်းပိုင်းတို့ ဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းများသည် နက်ရှိုင်းမတ်စောက်ပြီး အကွေ့အကောက်များခြင်းကြောင့် သမားရိုးကျနည်းပညာဖြင့် မဟုတ်ဘဲ ခေတ်မီနည်းပညာအယူအဆနှင့် ခေတ်မီစက်ယန္တရားများဖြင့် ဖောက်မည်ဆိုပါက ကောင်းမွန်သည့် လမ်းများ ရရှိမည်ဖြစ်ပါကြောင်း၊ ယခုလမ်းတစ်လျှောက်တွေ့ရသည်မှာ ခေတ်မီစက်ယန္တရားနှင့် ခေတ်မီ နည်းပညာအယူဆ အသုံးပြုနိုင်မှုနည်းပါးခြင်း၊ လမ်း၏ရေနုတ်မြောင်းများ သတ်သတ်မှတ်မှတ်မရှိခြင်းနှင့် လမ်း၏ မြေသားများသည်လည်း ဖို့မြေဖြစ်ခြင်းများကြောင့် အချို့ယာဉ်မောင်းများသည် ကျွမ်းကျင်မှုနည်းသည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာကြခြင်းကြောင့် မကြာခဏယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေသည့်အတွက် မန္တလေး-မူဆယ်လမ်း ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသနည်း၊ မန္တလေး-မူဆယ်လမ်းကို နိုင်ငံတကာအဆင့်မီ လမ်းဖြစ်အောင် ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါကလည်း မည်သည့်အချိန်တွင် ရာနှုန်းပြည့်ပြီးစီးပါမည်နှင့် (၃) B.O.T စာချုပ်သက်တမ်း မည်မျှကျန်ရှိသည်၊ သတ်တမ်းကုန်ဆုံးပါကလည်း ဆက်လက်ဆောင်ရွက်မည်‌့ အစီအစဉ်များ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u kyaw linnမန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်း ၂၉၈ မိုင် ၃ ဖာလုံအား ၁၉၉၆ ခုနှစ်မှစ၍ ယခင်အေးရှားဝေါလ်ကုမ္ပဏီလီမီတက် ယခု Oriental Highway Co.,Ltd သို့ B.O.T စနစ်ဖြင်‌့ ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်းတွင် ဂုတ်တွင်းနှင့် ရှုခင်းသာကွေ့လမ်းကျဉ်းသော နေရာများအား လမ်းချဲ့ခြင်းနှင့် လမ်းခမ်းခြင်း၊ ဂုတ်တွင်းအပိုင်းတွင် Stabilized ခင်း၍ AC လမ်းအဖြစ်ဆောင်ရွက်ခြင်း၊ ရှုခင်းသာအပိုင်းတွင် လမ်းအကျယ်ရပြီး ကွေ့နေရာများအား Stabilized ခင်း၍ AC ပြန်လည်ခင်းခြင်း၊ ၄၈ ပေအကျယ်ရရှိပြီးသော မိုင်တိုင် ၂၃၈ အောက် နမ့်ဖလွန်းရွာတွင်းမှ ရှုခင်းသာဘက်ခြမ်းသို့ Stabilized နှင့် AC ခင်းခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလမ်းအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် လမ်းပိတ်ဆို့မှုအများဆုံး ဖြစ်ပွားလေ့ရှိသော နောင်ချိုမြို့နယ်၊ ဂုတ်တွင်းလမ်းပိုင်းကြားတွင် တန် ၅၀ ကရိန်းတစ်စီးနှင့် မိုင် ၂၂၂ ကွတ်ခိုင်တိုးလ်ဂိတ်တွင် ၂၅ တန် ကရိန်းတစ်စီးတို့အား အရန်သင့်ထားရှိပါကြောင်း၊ အကယ်၍ လမ်းပိတ်ဆို့မှုဖြစ်ပွားပါကလည်း နောင်ချိုတိုးလ်ဂိတ်နှင့် ကျောက်မဲတိုးလ်ဂိတ်တို့တွင် Information Center အဖြစ် LED ဆိုင်းဘုတ်များ တပ်ဆင်၍ ခရီးသွားပြည်သူများအား အချိန်မီအသိပေးနိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ Oriental Highway Co.,Ltd မှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့များမှ ယာဉ်ကြောပိတ်ဆို့ပါက အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အဆိုပါပြည်ထောင်စုလမ်းမကြီး ၂၉၈ မိုင် ၃ ဖာလုံကို AASHTO HS20-44 ဒီဇိုင်းဖြင်‌့ လေးလမ်းသွားနိုင်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်အတွက် မြို့တွင်းလမ်းပိုင်း ၇၃ မိုင် ၁ ဖာလုံကို ချန်လှပ်ပြီး ကျန်ရှိသည့် ၂၂၅ မိုင် ၂ ဖာလုံကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် Oriental Highway Co.,Ltd မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရာနှုန်းပြည့်ပြီးစီးရေး စီမံချက်ရေးဆွဲထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ၂၇ မိုင်အား လေးလမ်းသွားကတ္တရာလမ်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၁၁၂ မိုင် ၃ ဖာလုံနှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၈၅ မိုင် ၇ ဖာလုံဆောင်ရွက်ရန် စီမံချက်များရေးဆွဲထားပြီး နယ်မြေလုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဂုတ်တွင်းတံတားဆောက်လုပ်ရန်နှင့် နောင်ချို မြို့ရှောင်လမ်းအား ‌ဖောက်လုပ်ရန်အတွက် မြေယာလျော်ကြေး/သီးနှံလျော်ကြေး ကိစ္စများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သစ်တောရေးရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိကပိုင်မြေပိုင်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမြေယာ လျော်ကြေးညှိနှိုင်းချက်များ ပြီးစီးပါက ဂုတ်တွင်းတံတား စီမံကိန်းနှင့်နောင်ချိုမြို့ရှောင်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား အမြန်စတင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းတွင် လမ်းပိုင်းအလိုက် စာချုပ်သက်တမ်းမှာ ၄၀ နှစ်ဖြစ်ပြီး စာချုပ်သက်တမ်းကျန်ရှိနေမှု အခြေအနေအား လမ်းပိုင်းအလိုက် တင်ပြရမည်ဆိုလျှင် မန္တလေး-နောင်ချို အပိုင်း၏ B.O.T ကျန်ရှိသက်တမ်းမှာ ၂၈ နှစ်ဖြစ်ပြီး၊ နောင်ချို-ကျောက်မဲ အပိုင်း၏ B.O.Tကျန်ရှိသက်တမ်းမှာ ၂၁ နှစ်ဖြစ်ပါကြောင်း၊ ကျောက်မဲ-လားရှိုးအပိုင်း၏ လက်ကျန်သက်တမ်းက ၂၉ နှစ်ဖြစ်ပြီး လားရှိုး-မူဆယ် အပိုင်း၏ လက်ကျန်သက်တမ်းက ၂၀ နှစ်ဖြစ်ပါကြောင်း၊ မိုင်းယု-မူဆယ်အပိုင်းက ၂၆ နှစ် လက်ကျန်ဖြစ်ပြီး မူဆယ်-နမ့်ခမ်းအပိုင်း၏ B.O.T ကျန်ရှိသက်တမ်းက ၂၆ နှစ်ဖြစ်ပါကြောင်း၊ စာချုပ်သက်တမ်းကုန်ဆုံး၍ ထပ်မံတိုးမြှင့်လိုပါက တစ်ကြိမ်လျှင်ငါးနှစ်စီဖြင့် သုံးကြိမ်တိုးမြှင့်နိုင်ပါကြောင်း၊ ထိုသို့ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကုမ္ပဏီအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စိစစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥပဒေအရခွင့်ပြုပါက တိုးမြှင့်ဆောင်ရွက် နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသော မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း လမ်းအား ပဋိဉာဉ်စာချုပ်သက်တမ်း ကျန်ရှိမှုနှင့် ဆောင်ရွက်မည့်အစီအစဉ် အခြေအနေအား ရှင်းလင်းဖြေကြားပါသည်။