(စ)-လှိုင်သာယာမြို့နယ် လက်မှုလုပ်ငန်း ပညာ သင်ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u win minလှိုင်သာယာမြို့နယ် လက်မှုလုပ်ငန်းပညာသင်ကျောင်းကို ၁၉၉၁ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ်လေးမျိုးဖြင့် သင်ကြားပေးခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက လှိုင်သာယာလက်မှုလုပ်ငန်းပညာသင် ကျောင်းအပါ အဝင် မြန်မာတစ်နိုင်ငံလုံးရှိ လက်မှုလုပ်ငန်း ပညာသင်ကျောင်း ရှစ်ကျောင်းကို ပိတ် သိမ်းခဲ့ပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် စက်မှုဇုန် ၁၂ ခုရှိပြီး စက်ရုံအလုပ်ရုံပေါင်း ၈၀၀ ကျော်ရှိသည့် အခြေခံအလုပ်သမားလူတန်းစား အများစု နေထိုင်သော မြို့နယ် ဖြစ်ပါကြောင်း၊ စက်ရုံလုပ်သားများ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနိုင်ရန် အတွက် လက်မှုလုပ်ငန်းအသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသည် မိမိတို့ နိုင်ငံတွင် အများအပြား လိုအပ်လျက်ရှိပါကြောင်း၊ လှိုင်သာယာမြို့နယ်တွင် အလုပ် သမားများ အလုပ်အကိုင်ရရှိရေး၊ အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင် ရရှိနိုင်ရေး အတွက် အထည်ချုပ်စက်ရုံများတွင် အသုံးပြုသော မော်တာဖြင့်ချုပ်သည့် အပ်ချုပ် စက်သင်တန်း ၎င်းစက်ချုပ်မော်တာများကို ပြုပြင်သည့်သင်တန်းများ အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ ပရိဘောဂစက်ရုံများတွင် ပရိဘောဂများကို စက်များဖြင့် ပြုလုပ်သည့်အတွက် ပရိဘောဂပြုလုပ်သော လက်သမားသင်တန်းများလည်း အမှန် တကယ် လိုအပ်လျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ ပန်းရန်သင်တန်း၊ သံချည် သံကွေး သင်တန်း၊ ဂဟေစက်သင်တန်း စသည့်အသက်မွေးဝမ်းကျောင်းပညာ များကို အမှန်တကယ်သင်ကြားပေးနိုင်မည့် လက်မှုလုပ်ငန်းအသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းများကို အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊

ထို့ကြောင့် လက်မှုလုပ်ငန်းအသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ် သင်ကြားပေးမည်ဆိုပါက မည်သည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် သင်ကြား ပေးမည်နှင့် ဒေသနှင့်ကိုက်ညီသည့် မည်သည့်အသက်မွေးဝမ်းကျောင်း ဘာသာရပ် များဖြင့် သင်ကြားပေးနိုင် ရှိ/မရှိနှင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win maw tunအမျိုးသားပညာရေးဥပဒေအရ မြန်မာနိုင်ငံတွင် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး နှင့် နည်းပညာနှင့် သက်မွေးပညာရေးများကို ဆောင်ရွက်မည်ဖြစ်ကြောင်းကို အတိ အလင်း ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ ၂၀၁၅ခုနှစ်က စတင်ပြီး နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နည်းပညာနှင့်သက်မွေးပညာဆိုင်ရာကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယခင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သော နက် မောက်စက်မှုလက်မှုအထက်တန်းကျောင်းကို စင်္ကာပူ-မြန်မာ သက်မွေးပညာ သင်တန်း ကျောင်း(SMVTI) အဖြစ်လည်းကောင်း၊ ယခင် အောင်ဆန်းစက်မှု အထက်တန်း ကျောင်းနေရာတွင် ရတနာဂဟေစက်နည်းပညာသင်တန်းအနေဖြင့်လည်းကောင်း ၊ ရွာမတွင် နည်းပညာအထက်တန်းကျောင်းအနေဖြင့်လည်းကောင်း အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)ကို ယခုပညာသင်နှစ်အတွင်း ဆောင်ရွက်နိုင်ရန်လည်းကောင်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှိုင်သာယာမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ဖြစ်သော အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)တွင် ပုံမှန် AGTI (၃)နှစ်သင်တန်းများနှင့် ဒေသနှင့်လိုအပ်ချက်ကိုက်ညီသော ကာလတိုသင်တန်းများကို လည်းကောင်း၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ရွာမ)တွင် ပုံမှန်နည်းပညာအထက်တန်းကျောင်း (၂)နှစ်သင်တန်းများအပြင် ဒေသ၏ လိုအပ်ချက်နှင့်ကိုက်ညီသော သက်မွေးပညာ သင်တန်းများကို လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ပူးပေါင်းပြီး အခြေခံ စက်ချုပ်သင်တန်းများကိုလည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ရှိသော လက်မှုလုပ်ငန်းပညာ သင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားပြီးဖြစ်ပါကြောင်းနှင့် အဆောက်အဦမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ရှေးဦးစွာဆောင်ရွက်ပြီးလျှင် ကာလတိုသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပါမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဝင်းမင်း(လှိုင်သာယာ)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လှိုင်သာယာမြို့နယ်တွင် အထည်ချုပ်စက်ရုံများ၊ လက်သမား၊ ပရိဘောဂစက်ရုံများက အလုပ်သမားလိုအပ်ချက်ရှိသည့်အတွက် ဒေသနှင့်ကိုက်ညီသော မော်တာ စက်ချုပ် သင်တန်းများ၊ ပရိဘောဂလက်သမားသင်တန်းများ အစရှိသည့်ဘာသာရပ်များကို ဖြည့်စွက် သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

 စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်အကျိုးရှိနိုင်မည့် သင်တန်းများ ဆောင် ရွက်နိုင်မှုကို ဒုတိယသမ္မတကြီးကိုယ်တိုင် ဦးဆောင်ပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးကော်မတီအနေဖြင့် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းများ မဖွင့်ခင် ဒေသအတွင်းရှိ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုန်သည်စက်မှု အသင်းများမှ တာဝန်ရှိလူကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီးမှ အလိုအပ်ဆုံး၊ အထိ ရောက်ဆုံး အလုပ်အကိုင်ရရှိမှုအဖြစ်နိုင်ဆုံးသင်တန်းများကို ရွေးချယ်ဆောင်ရွက်ပေး နေပါကြောင်း ပြန်လည်ဖြေကြားပါသည်။