(က)-ပန်ဆောင်မြို့ပေါ်မှ နယ်စပ်အထိ (၁/၃)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအားသတ်မှတ်ဘဏ္ဍာနှစ် အတွင်းလုပ်ငန်းပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမ ရှိသော Dragon Power Light ကုမ္ပဏီအား အရေး ယူပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u one hlaနန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ မြို့တွင်းလမ်းသည် မြို့အဝင်ဆိုင်းဘုတ်မှ နယ်စပ်အထိ သုံးမိုင်ကွာဝေးပါကြောင်း၊ မြို့တွင်းမှနယ်စပ်အထိ ၁ မိုင် ၃ ဖာလုံကို Dragon Power Light ကုမ္ပဏီမှ ပြည်ထောင်စုအဆင့် တင်ဒါတိုက်ရိုက်အောင်မြင်ပြီး တာဝန်ယူဆောင်ရွက်ထားရတာဖြစ်ပြီး နောက်ပိုင်းတွင် ၁ မိုင်ထပ်တိုးပြီး စုစုပေါင်း ၂ မိုင်နှင့် ၃ ဖာလုံတာဝန်ယူထားခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်အထိ ၎င်းလမ်းသည် ကျောက်ပုံများစီထားသော်လည်း ကတ္တရာခင်းနိုင်ခြင်းမရှိသေးပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဒေသခံတစ်ဦးကို အကူအညီတောင်းပြီး တာဝန်ယူကြီးကြပ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်ကုမ္ပဏီအနေဖြင့် တာဝန်ယူ ကြီးကြပ်လုပ်ဆောင်သူကို ပစ္စည်းနှင့် ငွေကြေးအလုံအလောက် ပံ့ပိုးပေးခြင်းမရှိသည့်အတွက် ယနေ့အချိန်အထိ ကြန့်ကြာနေရခြင်းဖြစ်ပါကြောင်း၊ တင်ဒါအောင်သည့်နောက် လုပ်ငန်းစတင်ရန် ခဏရောက်လာပြီး ပြန်သွားခြင်းဖြစ်ပါကြောင်း၊ ဖုန်းဖြင့်ဆက်သွယ်ရန် ခက်ခဲသဖြင့် မြေပြင်တွင် အလုပ်လုပ်သည့်သူများအတွက် အင်မတန်အခက်အခဲကြုံနေရ ခြင်းဖြစ်ပါကြောင်း။

ယခုလို အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံတော်၏ဘဏ္ဍာ အလေအလွှင့်ဖြစ်စေပြီး အရည်အသွေး ပြည့်မီမှုမရှိသည့်အခါ နိုင်ငံတော်အတွက်ရော လူထုအတွက်ပါ နစ်နာမှုအများကြီးဖြစ်စေပါကြောင်း၊ ထို့ကြောင့် ယခုအချိန်အထိ လုပ်ငန်းအချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် Dragon Power Light ကုမ္ပဏီကို အရေးယူပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen than htutနယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ၏အထောက်အပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်နေရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နှစ်ဖက်ညှိင်းပြီး လုပ်ငန်းများကို ပိုမိုအဆင်ပြေစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးရည်ရွယ်ပြီး ပထမအကြိမ်၊ ဒုတိယအကြိမ် စသည်ဖြင့် MoU တွင် ထည့်သွင်းဖော်ပြ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် သတ်မှတ်ခြင်း မဟုတ်ဘဲ အကြိမ်အရေအတွက်အရ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ပေါ်တွင် နှစ်နိုင်ငံနယ်စပ်အထိ ၂ မိုင် ၃ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းသည် အိန္ဒိယနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းကို မိမိတို့နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်ပါကြောင်း၊ Dragon Power Light ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ရှိသူများ မြေပြင်ကွင်းဆင်း စိစစ်ချက်အရ ကျောက်လမ်းခင်းခြင်း ၁ မိုင် ၃ ဖာလုံမှာ ကတ္တရာ ၁ ဖာလုံ ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန်ကျန်သည့် ကျောက်လမ်း ၁ မိုင်နှင့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာနေရခြင်းမှာ ကုမ္ပဏီအနေဖြင့် တစ်ဖက်နိုင်ငံမှ ကတ္တရာဝယ်ယူရာမှာ အခက်အခဲရှိခြင်း၊ မြစ်ကြီးနားမှဝယ်ယူမည်ဆိုပါက တနိုင်း-ရှင်ဗွေယန်-နန်းယွန်း လမ်းကြောင်းတွင် နယ်မြေလုံခြုံရေးအခြေအနေအရ သယ်ယူရန်မလွယ်ကူ ခြင်းတို့ကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်းကို စိစစ်သိရှိရပါကြောင်း၊ တင်ဒါအောင်သည့် Dragon Power Light ကုမ္ပဏီအနေဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လကုန်တွင် ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများပြီးစီးရေးအတွက်လည်း ဝန်ကြီးဌာနမှ စနစ်တကျကြပ်မတ် တွန်းအားပေးဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ပြီးစီးအောင်နိုင်ခြင်းမရှိပါက အဆိုပါကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံစာချုပ် ပျက်ပြယ်စေခြင်း၊ Blacklist စာရင်းသတ်မှတ်ခြင်း၊ နောင် ဆောင်ရွက်မည့် တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ခွင့ြ်ပုမည် မဟုတ်ပါကြောင်း ဖြေကြားပါသည်။