မေးခွန်း အကြောင်းအရာ
ရွှေကူမြို့နယ်တွင် နေ့စဉ်နှင့်အမျှ အသုံးပြုနေသည့် ယာဉ်များကို ယာဉ်မောင်းလိုင်စင် လျှောက်ထားနိုင်သူ၏ လူဦးရေနှင့် ယာဉ်ကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အသုံးပြုနေကြသည့် လူဦးရေငါးသောင်း ခန့်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့ကို ယာဉ်မောင်းလိုင်စင်များ လာရောက်လုပ်ပေးသည့်အခါ အခွင့်အရေး တစ်ရပ်ကဲ့သို့ စားသောက်ဆိုင်တွင် ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားဖြင့် ဧည့်ခံရခြင်း၊ ပြည်သူ့ဆီက အပိုငွေ ကောက်ပြီးဧည့်ခံနေရသည် ဆိုသည်မှာသိရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ နောက်တစ်ခါ မြို့နယ်တိုင်းတွင် ရုံးခွဲများမှ ပညာပေးခြင်းလုပ်ငန်းများ၊ ဌာနမှ စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဖွင့်လှစ်ထားနိုင်မည်ဆိုပါက ပြဿနာများ ပြေလည်သွားမည် ဖြစ်ပါကြောင်း၊ နောက်တစ်ခါ ရက်တိုစီမံချက်အနေဖြင့် ယာဉ်မောင်းလိုင်စင် လုပ်ပေးသည့်အတွက် လိုင်စင်သက်တမ်း တိုးခြင်းများ ထိရောက်မှုမရှိပါကြောင်း၊ ထို့နောက်တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာအောင် ယာဉ်များကိုမည်မျှ တန်ဖိုးသတ်မှတ်ထားနည်းနှင့် ပြည်သူများက မည်မျှထိတရားဝင် ယာဉ်မောင်းလိုင်စင်ရအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ဖော်ပြနိုင်ခြင်းမရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့၏ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်မည်ဆိုပါက ဗန်းမော်ရုံးကို ဆက်သွယ်ပြီး Paper စနစ်နှင့် E စနစ်ဖြင့် ပေးပို့မည်ဆိုလျှင် လုပ်ငန်းများ ချောမွေ့မည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ စနစ်တကျစီမံခန့်ခွဲနိုင်ရန် ပြည်သူများ အဆင်ပြေချောမွေ့မှုမှ ဝန်ဆောင်မှုစနစ်ကို အစဉ်မပြတ်၊ စဉ်ဆက်မပြတ် အပြည့်အဝ အာခမံချက် ပေးနိုင်သည့် ကုန်းလမ်းပို့ဆောင်ရေးဌာနမှ (က.ည.န) ရုံးခွဲ (OSS) အနေဖြင့် ဖွင့်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရွှေကူမြို့နယ်သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင်ပါဝင်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ၏ ဗန်းမော်ခရိုင်ရုံးက တာဝန်ယူဆောင်ရွက်သည့် မြို့နယ် (၄) မြို့နယ်အနက် တစ်မြို့နယ်ဖြစ်ပါကြောင်း၊ ဗန်းမော်ခရိုင်ရုံး၏ မှတ်တမ်းများအရ ၃၀-၁၂၀၁၇ ရက်နေ့အထိ ရွှေကူမြို့နယ်လိပ်စာနှင့် မော်တော်ယာဉ် ၈၅ စီး၊ နှစ်ဘီးတပ်၊ သုံးဘီးတပ်၊ ထရော်လာဂျီ ၂၄၆၅ စီး စုစုပေါင်းယာဉ်စီးရေ ၂၅၅၀ စီးနှင့် ယာဉ်မောင်းလိုင်စင် ၄၈၆၅ စောင် မှတ်ပုံတင်ထားရှိပါကြောင်း၊ (ကညန) ဗန်းမော်ခရိုင်ရုံးအနေဖြင့် ရွှေကူမြို့နယ်သို့ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် လုပ်ငန်းများကို နယ်လှည့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ၂၀၁၇ ခုနှစ်အတွက် မတ်လနှင့်ဇွန်လတို့တွင် ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုလို ကွင်းဆင်း ဆောင်ရွက်သည့်အခါ မြို့နယ်ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပိုမိုနားလည်စေရေးအတွက် ဟောပြောပွဲများကျင်းပခြင်း၊ ပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းတို့ကိုလည်း တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကညန၏ ရုံးခွဲ (OSS) တစ်ခုအနေနှင့် ရွှေကူမြို့တွင် အစဉ်မပြတ် ဖွင့်လှစ်ပေးရေးကိစ္စနှင့် စပ်လျဉ်းပြီး ကချင်ပြည်နယ်၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ဖွင့်လှစ်ရေး ကြီးကြပ်မှု ကော်မတီက (OSS) လုပ်ငန်းဆောင်ရွက်ရန် ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပေး ထားသည့်ဌာန ၉ ဌာနတွင် ကညနက ပါဝင်ခြင်းမရှိသည့်အတွက် ရွှေကူမြို့အပါအဝင် ဗန်းမော်ခရိုင်အတွင်းရှိ မြို့များမှာ ကညန ရုံးခွဲ (OSS) ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကညန၏ လက်ရှိခွင့်ပြုဖွဲ့စည်းပုံအရ ရုံးချုပ်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဆိုင်ရာ တိုင်းဒေသကြီး၊ တိုင်းဒေသကြီးရုံးခွဲ၊ ပြည်နယ်ရုံး၊ ပြည်နယ်ရုံးခွဲ၊ တွဲဖက်ပြည်နယ်ရုံး၊ ခရိုင်ရုံးစုစုပေါင်း ၅၅ ရုံးဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်အဆင့်ရုံးဖွင့်လှစ် ထားခြင်းမရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ခရိုင်ပေါင်း ၇၅ ခရိုင် ရှိသည့်အနက် ၃၅ ခရိုင်မှာ ကညနခရိုင်ရုံးများ ဖွင့်လှစ်ထားရှိခြင်း မရှိသေးပါကြောင်း၊ ကညန၏ ခရိုင်ရုံးတစ်ရုံးဖွင့်လှစ်ရာတွင် အ၎င်းခရိုင်အတွင်းရှိ ယာဉ်စီးရေ၊ ယာဉ်မောင်းလိုင်စင် စောင်ရေ၊ ဒေသတွင်းအချက်အချာကျမှု စသဖြင့် အကျုံးဝင်သည့် အချက်အလက်များကို အခြေခံစဉ်းစားပြီး အလိုအပ်ဆုံးခရိုင်များတွင် ခရိုင်ရုံးများ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ရုံးအသစ်တစ်ရုံး ဖွင့်လှစ်မည်ဆိုပါက ရုံးဆောက်လုပ်ရန် မြေနေရာရှာဖွေတောင်းခံခြင်း၊ နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းမှ ရုံးအဆောက်အဦ၊ ရုံးသုံးပရိဘောဂ၊ ရုံးသုံးစက်ကိရိယာ၊ ယာဉ်စစ်ဆေးရေးစက် ကိရိယာများ၊ ရုံးအသုံးအဆောင် ပစ္စည်းများအတွက် ငွေလုံးငွေရင်းအသုံးစရိတ်များ တောင်းခံခြင်း၊ ဝန်ထမ်းဖွဲ့စည်းပုံ ရေးဆွဲ၍ ဝန်ထမ်းများတောင်းခံရခြင်း၊ ခန့်ထားမည့်ဝန်ထမ်းများ၏ လစာစရိတ်များ ကျခံရန်အတွက် သာမန်အသုံးစရိတ် ဘတ်ဂျတ်ခွင့်ပြုငွေ တင်ပြတောင်းခံခြင်းများ ဆောင်ရွက်ရပါကြောင်း၊ မြို့နယ်များတွင် မော်တော်ယာဉ်စီးရေ၊ ယာဉ်မောင်းလိုင်စင်စောင်ရေ နည်းပါးသဖြင့် ရုံးဖွင့်လှစ်ခြင်းမပြုဘဲ ပြည်သူများအဆင်ပြေစေရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေစေရေးအတွက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးသည့် နေရာတွင် တစ်ကြိမ်လျှင် လေးရက် ဆောင်ရွက် ပေးလျက်ရှိရာ ငါးရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း၊ တစ်နှစ်လျှင် လေးကြိမ် ဆောင်ရွက်ပေးလျက်ရှိရာမှ ငါးကြိမ်အထိ တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ လိုအပ်လာသည့်အချိန်တွင် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးရန် ဒေသဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းလာပါကလည်းကောင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ ဦးဇာနည်မင်း (ရွှေကူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ ဝန်ကြီးဖြေသွားသည့်နေရာတွင် မြို့နယ်ကို မတ်လကလည်းလုပ်ခဲ့ပါကြောင်း၊ လာမည့်ဒီဇင်ဘာလတွင်လည်း မိုဘိုင်းအနေဖြင့် လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ယခုလိုလုပ်ဆောင်ပေးသည့် နေရာတွင် ထိရောက်မှု မရှိပါကြောင်း၊ ယာဉ်မောင်းလိုင်စင်လုပ်ထား သော်လည်း သက်တမ်းတိုးခြင်းမရှိဘဲ ရှိနေသည့် ယာဉ်များလည်း အများကြီးရှိပါကြောင်း၊ နောက်တစ်ခါ ယာဉ်စည်းကမ်းဥပဒေတွင် ယာဉ်ကိုဝယ်ယူသည့် ပိုင်ရှင်အနေဖြင့် ခြောက်လအတွင်း အမည် Foam ပြောင်းလဲရမည်ကိုလည်း ပြောင်းလဲခြင်းမရှိဘဲ ယခင်ကအတိုင်း လုပ်ဆောင်နေခြင်းမှာလည်း အားလုံးလိုလိုဖြစ်နေပါကြောင်း၊ ဝန်ကြီးအနေဖြင့်လည်း ၎င်းကို ရုံးခွဲအနေဖြင့် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသွားခြင်းဖြစ်သည့်အတွက် ယခုလက်ရှိ အခြေအနေထက် ထိရောက်အောင် ရေရှည်အတွက်ကို မည်ကဲ့သို့ အစီအမံများ ရှိသနည်းကို သိလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး အခြားသောဝန်ကြီးဌာနများနည်းတူ မိမိတို့ဝန်ကြီးဌာနကလည်း ဌာနအသီးသီးတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက်ကို ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသကဲ့သို့ ထိရောက်မှုက ရာနှုန်းပြည့် နေရာတိုင်းတွင် ရှိချင်မှရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေနှင့် ခုနမြို့နယ်အဆင့်အထိ မိုဘိုင်းနှင့် ကွင်းဆင်းနယ်လှည့် ဆောင်ရွက်ပေးသည့် နေရာတွင် အထူးသဖြင့် က.ည.န အနေနှင့်က ပိုပြီး ထိထိရောက်ရောက် ပြည်သူ့ဝန်ဆောင်မှုကို အပြည့်အဝပေးနိုင်ရန်အတွက်ကို ဝန်ကြီးဌာနအနေဖြင့် က.ည.န ကို လိုအပ်သလိုညွှန်ကြားပြီး ထိရောက်စွာ ညွှန်ကြားသွားစေမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
