(င)-ကလေးမြို့နယ်၊ မြစ်သာမြစ်ဝဲယာရှိ ဒေသခံ တောင်သူလယ်သမားများအတွက် ကူးတို့များအား လေလံ စနစ်အစား ဒေသခံတောင်သူလယ်သမား အများစု ဦးစီး ဆောင်ရွက်သော တောင်သူကူးတို့ များဖြင့် ပြောင်းလဲ လုပ်ပိုင်ခွင့်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့ (၃၁.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

aye aye muမေးခွန်း၏ ရည်ရွယ်ချက်မှာ မြစ်သာမြစ်ဝဲ/ယာတွင် ကျေးရွာပေါင်း ၂၁ ရွာ၊ အိမ်ထောင်စုပေါင်း ၃၅၇၁ စုနှင့် လူဦးရေ ၁၆၃၅၀ ဦးတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရေးနှင့် ဆင်းရဲမှုလျှော့ချရေး အတွက်ဖြစ်ပါကြောင်း၊ စီးဆင်းသည့် မြစ်သာမြစ်အရှည်သည် ၇၄ မိုင်ရှိပြီး ကလေးမြို့နှင့်ဂန့်ဂေါမြို့နယ် အစပ်နားတွင် ကြိုးတံတားငယ်တစ်စင်းသည် ကျေးရွာအနည်းငယ်ကိုသာ အကျိုးပြုနေခြင်းကြောင့် ရွာချင်းဆက်လမ်း အနည်းငယ်ရှိသည့် လမ်းများမှာ မိုးရာသီတွင် သွားရေးလာရေးခက်ခဲ လျက်ရှိပါကြောင်း၊ အခြားကျန်ရှိသည့် ကျေးရွာများက မြစ်ကူး၊ ကူးတို့၊ စက်လှေများကိုသာ မဖြစ်မနေအားထားနေရခြင်း ဖြစ်ပါကြောင်း၊

မြစ်သာမြစ် ဖြတ်သန်းစီးဆင်းသည့်အတွက် ရေထွက်အင်အားကြီးမားပြီး ရေစီးသန်ခြင်းကြောင့် ရေတိုက်စားမှု များပြီး ရေကြောင်းပြောင်းလဲမှု မြန်ခြင်းနှင့်အတူ ရေမျက်နှာပြင် ကျယ်ပြန့်ခြင်းဖြစ်ပေါ်ပြီး ကောင်းကျိုးအနေဖြင့် အကျိုးပြုသည်မှာ အဖိုးတန်လှသည့် မြေနုကျွန်းများစွာ ရရှိခြင်းဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ လုပ်ငန်းခွင်ဝင်ရန်အတွက် မြစ်ကိုဖြတ်ကူးသည့်အခါ ခိုင်းနွားများနှင့် လယ်ယာသုံးပစ္စည်းများကို သယ်ယူကြရသည်မှာ အခက်အခဲများစွာရှိပါကြေင်း၊

မြစ်အရှေ့ဘက်ခြမ်းရှိရွာ ၂၁ ရွာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ လိုင်စင်ချထားပေးပြီး လုပ်ကိုင်နေသည့် ကူးတို့များက ၁၂ ခုရှိပါကြောင်း၊ ၎င်းကူးတို့များကို လုပ်ငန်းချထားပေးခဲ့သည့် စနစ်က ဈေးပြိုင်လေလံစနစ်ဖြစ်ပြီး အောင်မြင်သွားသည့် လေလံဈေးနှုန်းများက အနိမ့်ဆုံး ၅၃၀၀၀၀ ကနေပြီး အများဆုံး ၂၇၀၀၀၀၀ ထိဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များက ကောက်ယူသည့် ကူးတို့ခ နွားတစ်ကောင် ၃၀၀၀ ကျပ်၊ လူတစ်ယောက် ၅၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၅၀၀ ကျပ်၊ လူတစ်ဦး အသွား/အပြန်ကို ၂၀၀၀ ကျပ်ခန့် ဖြစ်ပါကြောင်း၊ ဒေသခံများအနေဖြင့် ကူးတို့ခအဖြစ် တစ်နှစ်လျှင်သိန်းပေါင်း ၃၂၇ သိန်း ကုန်ကျခံရခြင်း ဖြစ်ပါကြောင်း၊ ၎င်းငွေကြေးများသည် လုပ်ငန်းရှင်များ၏ အမြတ်ငွေများ မပါဝင်ပါကြောင်း၊ တိုင်းပြည်တိုးတက်ရန်အတွက် အခွန်အခများရရှိရေးသည်လည်း မဖြစ်မနေလိုအပ်ပါကြောင်း၊ အခွန်အခရရှိရေးကို အကြောင်းပြုပြီး လုပ်ငန်းရှင်များ အပြိုင်အဆိုင်ဈေးပြိုင်စစ်ခြင်းသည် အခြားနေရာများတွင် သင့်တော်သော်လည်း ကျေးရွာချင်းဆက်လမ်းများမရှိဘဲ သီးခြားဒေသတစ်ခုကဲ့သို့ ဖြစ်နေသည့်အတွက် ဖွံ့ဖြိုးမှုလွန်စွာအားနည်းသည့် မြစ်သာမြစ်ဝဲ/ယာရှိ ကျေးရွာများအတွက် ရေနစ်ရာဝါးကူထိုးကဲ့သို့ ဖြစ်နေပါကြောင်း၊

ကလေးမြို့နယ်၊ မြစ်သာမြစ်ဝဲ/ယာရှိ ဒေသခံတောင်သူလယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ကူးတို့များအား ဒေသခံများလူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အစဉ်အလာဖြင့် တစ်လျှောက်လုံး လေလံစနစ်ဖြင့် လုပ်ငန်းရှင်များ လုပ်ကိုင်စေခဲ့တဲ့စနစ်အစား နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သောအခွန်အခ များ ရရှိစေပြီး ဒေသခံများလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ဒေသခံတောင်သူလယ်သမားအများစု ဦးစီးဆောင်ရွက်သော တောင်သူကူးတို့များအဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ အား သက်ဆိုင်ရာသို့ မေးမြန်းအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

kyaw myo၂၀၁၅ ခုနှစ် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ရေယာဉ်များ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်းကို ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးဗဟိုအဖွဲ့ဖြင့် တိုင်းဒေသကြီး/ပြည်နယ် ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အသီးသီး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

၈-၂-၁၉၈၉ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၅/၈၉ က ဆုံးဖြတ်ချက်အရ စက်မြင်းကောင်ရေ ၂၀ အောက်ရေယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကူးတို့လိုင်းများတွင် ပြေးဆွဲနေသည့် ရေယာဉ်များသည် စက်မြင်းကောင်ရေ ၂၀ အောက် ရေယာဉ်များဖြစ်သဖြင့် ၎င်းကူးတို့ရေယာဉ်များ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကဆောင်ရွက်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကျန်ရေယာဉ်များနည်းတူ စစ်ဆေးမှုများပြုလုပ်ပြီး ရေယာဉ်ပေါ်လိုက်ပါမည့် ခရီးသည်ဦးရေ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါကြောင်း၊

စည်ပင်သာယာရေးအဖွဲ့များ ဥပဒေနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၃ ကို ၁-၄-၁၉၉၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေအခန်း ၉ ပုဒ်မ ၂၇ မှ ၃၅ အထိတွင် ကူးတို့လုပ်ငန်းလုပ်ကိုင်ခွင့်ကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန် သတ်မှတ်ပြဋ္ဌာန်းချက်များ ပါရှိပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်များအရ သက်ဆိုင်ရာစည်ပင်သာယာရေး အဖွဲ့များအနေဖြင့် မြစ်ကူး၊ ချောင်းကူး၊ ကူးတို့လုပ်ငန်းများကို လေ့လံစနစ်ဖြင့် ခွင့်ပြုဆောင်ရွက်လျက် ရှိခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးမြို့၊ မြစ်သာမြစ်ဝဲယာရှိ ဒေသခံတောင်သူ လယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ရသင့်ရထိုက်‌သော အခွန်အခများ ရရှိစေရေးအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကလေးမြို့၊ မြစ်သာမြစ်ဖြတ်ကူးသော တောင်သူကူးတို့အဖြစ် ဟဲလုပ်ကူးတို့ကိုလည်းကောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ဟဲလုပ်ကူးတို့နှင့် အင်ကျွန်းကူးတို့ လုပ်ငန်းနှစ်ခုကို တောင်သူဦးစီးသော တောင်သူကူးတို့အဖြစ် လေလံချထားပေးပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စီစဉ်‌‌ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။