(ဃ)-သဘာဝဘေးအန္တရာယ် ကြုံတွေ့ပါက ထိ ခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်း ရန်ဖုန်းမှ စာတိုစနစ်သုံး ဘေးအန္တရာယ်ကြိုတင် သတိပေးချက် ထုတ်ပြန်ရေးစနစ်ဖြင့်ဆောင်ရွက် ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့ (၃၁.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

kyaw aung lwinသဘာဝဘေးအန္တရာယ် ပေါင်းစုံဝိုင်းရံနေပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ တွေ့ကြုံလာပါက ကြိုတင် သတိပေးချက် ထုတ်ပြန်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းတို့ အရေးကြီးလှပါကြောင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းသည် ကမ္ဘာ့ ဘေးအန္တရာယ်ဆိုးသမိုင်းတွင် သေပျောက်မှုအများဆုံး မှတ်တမ်းဆိုးကြီး ကျန်ရစ်ခဲ့ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်သတိပေးမှု  အားနည်းခြင်း၊ ကြိုတင်ကာကွယ်မှု အားနည်းခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးအားနည်းခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ ‌မြေငလျင်ဘေး၊ မီးတောင်ပေါက်ကွဲခြင်းဘေးတို့ကို ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများ စနစ်တကျ ဆောင်ရွက်နိုင်ပါက နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကယ်တင်စောင့်ရှောက်နိုင်ပါလိမ့်မည် ဖြစ်ပါကြောင်း၊

          နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပေးချက် ထုတ်ပြန်ရာတွင် ရေဒီယို၊ ရုပ်မြင်သံကြား၊ FM ရေဒီယို၊ တယ်လီဖုန်း၊ အင်တာနက် Website၊ E-Mail၊ Mobile Telephone၊ SMS စာတိုစနစ် စသည်ဖြင့် နည်းမျိုးစုံအသုံးပြု ဖြန့်ချိနေကြသည့်အနက်မှ SMS စာတိုစနစ်နှင့် Mobile phone အသုံးပြု၍ သတင်းထုတ်ပြန် ကြေညာချက်သည် ထိရောက်မှု အရှိဆုံးဖြစ်ပါကြောင်း၊ စာတိုစနစ်သုံး ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေးစနစ်၏ အားသာချက်က သတိပေးချက်များကို အသုံးပြုသူ မြောက်များစွာထံ တစ်ပြိုင်နက်တည်း ပေးပို့နိုင်ခြင်းဖြင့် ဘေးအန္တရာယ်နှင့် ပတ်သက်သော တိကျသော သတင်းအချက်အလက်များကို ပြည်သူတို့ အချိန်နှင့် တစ်ပြေးညီ အခမဲ့ ရရှိနိုင်ခြင်း ဖြစ်ပါကြောင်း၊

          ၂၀၀၈ ခုနှစ် သြဂုတ်လ ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ရေလွှမ်းမိုးမှုတွင် အစိုးရအနေဖြင့် Mobile phone များအသုံးပြု၍ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စီမံပေးခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့ချနိုင်ခဲ့ပါကြောင်း၊ ဤစနစ်ကို ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးချနိုင်ခြင်းကြောင့် ၂၀၀၈ ခုနှစ် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ရေလွှမ်းမိုးမှုတွင် ပျက်စီးဆုံးရှုံးမှုများကို လျော့ချနိုင်ခဲ့ပါကြောင်း၊ ၂၀၀၉  ခုနှစ် ပခုက္ကူ၊ ဆိပ်ဖြူဒေသ မုန်တိုင်းရေဘေးတွင် ကြီးမားသော ရေလှိုင်းကြီးများ ရုတ်တရက်ကျရောက်လာ၍ ရွာများကို တိုက်စားသွားသော်လည်း Mobile phone များဖြင့် အထက်ဘက် ကျေးရွာများမှ အောက်ဘက်ကျေးရွာများကို ကြိုတင်သတင်းပေးမှုကြောင့် သေပျောက်မှုနှင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် Mobile phone အသုံးပြု ဘေးအန္တရာယ်ကြိုတင်သတိပေးချက် အခမဲ့ထုတ်ပြန်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor၊  Ooredoo စသည့် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများနှင့်အတူ ကျေးလက်နေ ပြည်သူအများစုသည် Mobile phone များ သုံးစွဲနေကြပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်း၍ ပြည်သူကို Mobile phone အသုံးပြုဘေးအန္တရာယ် ကြိုတင်အသိပေးချက် ထုတ်ပြန်ရေးစနစ် အခမဲ့ ဝန်ဆောင်မှုပေးရန် ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများ ထုတ်ပြန် ဆောင်ရွက်ပါက နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင်‌့‌ရှောက်နိုင်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စေတုတ္တရာဒေသကို တမံရေပြင်ကြီးများအောက်တွင် ထိတ်လန့်နေရသော ပြည်သများအတွက် ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေကြီးရေလျှံဘေးများ ကြုံတွေ့လာပါက ဘေးအန္တရာယ် ကြိုတင်သတိပေးချက်များသည် အထူးအရေးတကြီးလိုအပ်လှပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် မိုဘိုင်းဖုန်းများအသုံးပြု၍ စာတိုစနစ်သုံး ဘေးအန္တရာယ်ကြိုတင်သတိပေးချက် တုန့်ပြန်ရေးစနစ် ( SMS DISASTER ALRETS SYSTEM) ဖြင့် ကြိုတင် သတိပေးခြင်းဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

kyaw myoသဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အချိန်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်အသိပေးချက်ကို ဆက်သွယ်ရေးအော်ပရေတာများ ဖြစ်ကြသော MPT၊ Telenor နှင့် Ooredoo တို့၏ မိုဘိုင်းဖုန်းများသို့ Short Message Service(SMS) ဖြင့် ပေးပို့ခြင်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှ စတင်ဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနက ညှိနှိုင်းလာခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်းအော်ပရေတာများထံသို့ ပြန်ကြားရေးဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေးသော SMS များပေးပို့လာပါက မိုဘိုင်းဖုန်းသုံးစွဲသူများထံသို့ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေး ဆောင်ရွက်ပေးရန် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် အကြောင်းကြားခဲ့ပါကြောင်း၊

          ထို့အပြင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှု၊ မုန်တိုင်းသတိပေးချက်၊ လေပြင်းတိုက်ခတ်မည့် သတိပေးချက်၊ မိုးကြီးမည့်သတိပေးချက်၊ အချိန်အခါမဟုတ် မိုးရွာသည့်သတိပေးချက်နှင့် ထူးခြားမိုးလေဝသ အခြေအနေများ စသည့် မိုးလေဝသဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များကိုလည်းကောင်း၊ မြစ်ရေကြီးမည့်သတိပေးချက်၊ ထူးခြားမြစ်ရေမြင့်တက်လာမည့် သတိပေးချက်စသည့် ဇလဗေဒဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များကို လည်းကောင်း၊ ကြိုတင်မခန့်မှန်းနိုင်သော မြေငလျင်လှုပ်ရှားမှုများအတွက် မြေငလျင်သတင်းများကိုလည်းကောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော အကြိမ်တိုင်းတွင် ကြိုတင်သတိပေးချက်များကို မိုဘိုင်းဖုန်းသုံးစွဲသူများထံသို့ SMS ဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတစ်ဆင့် ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊

          ထိုကဲသို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန SMS ဖြင့် ပေးပို့ရေးဆောင်ရွက်သည့်အပြင် လူမှုမီဒီယာ (Social Media) တစ်ခုဖြစ်သော Facebook တွင် Dmh Myanmar Page ဖြင့် လည်းကောင်း၊ Internet Website တွင် www.dmg.gov.mm ဖြင့်လည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒထုတ်ပြန်ချက်များဖြင့် သတိပေးချက်များကို အချိန်နှင်‌့တစ်ပြေးညီ တင်ပြပေးလျက်ရှိသည့်အပြင် Call Center တယ်လီဖုန်းနံပါတ် ၁၈၇၆၊ လိုင်းခွဲ(၄) မှဖြေကြားပေးလျက်ရှိပြီး တယ်လီဖုန်းနံပါတ် ၁၆၇-၄၁၁၂၅၂ နှင့် ၀၁-၆၆၇၇၆၆ တို့မှ အလိုအလျောက် ဖြေကြားသောစနစ်ဖြင့်လည်း ဖြေကြားပေးလျက် ရှိပါကြောင်း၊

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များကို ပြည်သူများထံသို့ SMS ပေးပို့ရန် ဆက်သွယ်ရေအော်ပရေတာများနှင့် ကနဦး ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ရေဘေးများတွင် Pilot အနေဖြင့် မိုးလေဝသ အခြေအနေသတိပေးချက်များကို SMS ဖြင့်ပေးပို့နိုင်ခဲ့ပြီး ဆက်လက်၍ အရေးကြီး (Alerts) များကို အခမဲ့ပေးပို့နိုင်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေးသွားရန်ရှိပါကြောင်း၊

          ထို့အပြင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားတွင် သဘာဝ ဘေးကြိုတင်အသိပေးချက်များ၊ မိုးလေဝသအ‌ခြေအနေသတင်းများနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန်အတွက် Disaster Alert Notification Mobile Application (DAN Myanmar) ကို ပြည်သူများထံသို့ စတင်မိတ်ဆက်ပေးခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများ၊ ဆင့်ပွားသင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအထိ သွားရောက်ပြုလုပ်ပေးခဲ့သည့်အပြင် မိုဘိုင်းတယ်လီဖုန်း အရောင်းဆိုင်များကိုလည်း Application အသုံးပြုပုံနည်းစနစ် ထည့်သွင်းပေးခြင်းတို့ကို သွားရောက်ရှင်းလင်း ပြောကြား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

          ၎င်း DAN Myanmar Mobile  Application ကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိ အသုံးပြုနိုင်ရေးအတွက် application ကို Download ရယူထည့်သွင်းနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများထံသို့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် SMS ပေးပို့ခဲ့ပါကြောင်း၊ Disaster Alert Notification Mobile Application တွင် သတင်း၊ အရေးပေါ်၊ ဖုန်းနံပါတ်များ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်၊ ပညာပေး၊ မိုးလေဝသ သတင်းအခြေအနေ၊ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်နှင့် အရေးကြီးသတင်း (Alerts) ကဏ္ဍများ ထည့်သွင်းထားပြီး မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူများထံသို့ အချိန်နှင်‌့တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်လျက်ရှိသည့်အပြင် Facebook တွင် Relief and Resettlement Department Myanmar Page နှင့် Website တွင် www.rrdmyanmar.gov.mm တို့ပေါ်တွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

          သို့ဖြစ်ပါ၍ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် အထက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နေသည့်အပြင် မိုဘိုင်းဖုန်းများအသုံးပြု၍ SMS Disaster Alert System ဖြင့်ကြိုတင်သတိပေးခြင်းများ ပိုမိုအဆင်ပြေထိရောက်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ အနေဖြင့် ဆက်လက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။