(ဂ)-ကုန်းလမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ကိုယ်အင်္ဂါမပြည့်စုံသူများ၏ လျှောက်ထားမှုကို ငြင်းပယ်ခံနေရပါသဖြင့် မည်သို့ဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့ (၃၁.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr khin maung maungကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)တွင် ကိုယ်အင်္ဂါမပြည့်စုံသူများ အနေဖြင့် မော်တော်ယာဉ်ကောင်းစွာမောင်းနိုင်သည့်အတွက် (ခ)လိုင်စင်(ခေါ်) သုံးတန်အောက်အိမ်စီးကားများ မောင်းနှင်ခွင့်လျှောက်ထားရာတွင် စစ်ဆေးခြင်းကို မပြုလုပ်ဘဲ ကိုယ်အင်္ဂါမပြည့်စုံသည့်အတွက် ဖြေဆိုခွင့်ကို ပယ်ချခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၃၀) ပုဒ်မ ၁၂ တွင် မသန်စွမ်းသူ များသည် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာန်တန်တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာ၊ မသန်မစွမ်း အမျိုးအစား မခွဲခြားဘဲ (က) ဥပဒေအရာ၌ အညီအမျှဖြစ်စေရမယ်၊      (ခ) အခြားသူများနှင့် ညီမျှ သော အခွင့်အရေးရရှိစေရမည်ဟု ဖော်ပြထားပါကြောင်း၊

ပုဒ်မ ၁၄ ပုဒ်မခွဲ(ခ)တွင် မွေးရာပါရှင်သန်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ ကိုးကွယ် ပိုင်ခွင့်အပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အခြားသူများနှင့် အတူ ခံစားခွင့်ရှိစေရမည်ဟုလည်း ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ကုန်းလမ်း သယ်ယူပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနက မသန်စွမ်းသူများအပေါ် ယာဉ်မောင်း လိုင်စင် လျှောက်ထားပြီး ဖြေဆိုခွင့်ကို ပိတ်ပင်ထားသည့်အတွက်  သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

kyaw myoပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနက လိုက်နာကျင့်သုံးလျက်ရှိသည့် တည်ဆဲ ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉ ခုနှစ်၊ နည်းဥပဒေများတွင် ကိုယ်အင်္ဂါမပြည့်စုံသူများ၏ ယာဉ်မောင်းလိုင်စင် လျှောက်ထားမှုကို ငြင်းပယ်ရန်အတွက် ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်း၊

 ယာဉ်မောင်း လိုင်စင်လျှောက်ထားလာမှုအပေါ် ဥပဒေ၊ နည်းဥပဒေများနှင်‌့အညီ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များအရ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန် အတွက် ဖြေဆို အောင်မြင်ရမည့် စစ်ဆေးမှုများသည် အရောင်ခွဲခြားစစ်ဆေးခြင်းနှင့် အမြင်အာရုံ စစ်ဆေးခြင်း၊ ကိုယ်လက်အင်္ဂါသန်စွမ်းမှုစစ်ဆေးခြင်း၊ စိတ်အခြေအနေ ဆန်းစစ်ခြင်း (Psycho Test)၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် လက်တွေ့ယာဉ် မောင်းနှင်မှု စစ်ဆေးခြင်းတို့ ဖြစ်ပါကြောင်း၊ ယာဉ်မောင်းနှင်ရာတွင် ပုံမှန်အခြေအနေမှာ ကိုယ်လက်အင်္ဂါပြည့်စုံမှု မရှိသော်လည်း အဆင်ပြေနိုင်သော်လည်း အရေးပေါ်အခြေအနေကြုံတွေ့လာသည့်အခါ တုံ့ပြန်မှု နောက်ကျသဖြင်‌့ အန္တရာယ် ရှိနိုင်သောကြောင့် ကိုယ်လက်အင်္ဂါသန်စွမ်းမှုစစ်ဆေးရခြင်း ဖြစ်ပါကြောင်း၊

ယာဉ်မောင်းခြင်းသည် ယာဉ်မောင်းသူတစ်ယောက်တည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသူအားလုံးနှင့် သက်ဆိုင်သည့်အတွက် ယာဉ် မတော်တဆမှုဖြစ်ပွားပါက ယာဉ်မောင်းသူအပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသူ မျာနှင့် အခြားလမ်းအသုံးပြုသူများကို ထိခိုက်ဒဏ်ရာရရှိစေမှု၊ မသန်မစွမ်းဖြစ်စေမှုနှင့် အသက်အန္တရာယ်ကျရောက်စေမှုများအထိပါ ဖြစ်ပေါ်စေနိုင်သည့်အတွက် ယာဉ်မောင်း လိုင်စင်လျှောက်ထားလာတဲ့အခါ ကိုယ်လက်အင်္ဂါမသန်စွမ်း၊ မပြည့်စုံ သူများကို စိစစ်ပြီးမှသာ ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ပြုပေးခြင်းဖြစ်ပါကြောင်း၊

ဖြေဆိုလိုသူမှ ယာဉ်မောင်းနိုင်စွမ်းရှိကြောင်းတင်ပြလာပါက တာဝန်ခံအရာထမ်းနှင့် စစ်ဆေးရေးမှူးများက ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မှုရှိ/မရှိကို ယာဉ် မောင်းနှင်စေခြင်းဖြင့် ပဏာမစစ်ဆေးပြီး အန္တရာယ်ကင်းရှင်းစွာမောင်းနှင်ခြင်းကို တာဝန်ယူနိုင်မှုရှိကြောင်းတွေ့ရှိရပါက ယာဉ်မောင်းလိုင်စင်အတွက် ဆက်လက် ဖြေဆို ခြင်းကို မှတ်တမ်းတင်ပြီး ခွင့်ပြုပေးလျက်ရှိပါကြောင်း၊

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများအနေဖြင့် ကိုယ်လက်အင်္ဂါ သာမန် မပြည့်စုံသူများက ယာဉ်မောင်းလိုင်စင်လျှောက်ထားမှုများကို ငြင်းပယ်ခြင်းမရှိဘဲ ပဏာမမော်တော်ယာဉ် မောင်းနှင်မှုစစ်ဆေးပြီး ယာဉ်ကိုအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်းမရှိနိုင်သည့် အခြေအနေဖြစ်မှသာ ဆက်လက်ဖြေဆိုရန်ငြင်းပယ်ပြီး ယာဉ်ကိုအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ပါက ဆက်လက်ဖြေဆိုစေပြီး အောင်မြင် ပါက လိုင်စင်ထုတ်ပေးလျက်ရှိပါကြောင်း၊

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ကိုယ်လက်အင်္ဂါမပြည့်စုံ မသန်စွမ်းမှုများကြောင့် ယာဉ်ကို ကောင်းမွန်စွာ မောင်းနှင်နိုင်ခြင်းမရှိသူသုံးဦးကိုသာ ယာဉ်မောင်းလိုင်စင်ဖြေဆိုရန် ငြင်းပယ်ခဲ့ခြင်းရှိပြီး ယာဉ်ကိုအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သည့်စွမ်းရည်ရှိကြောင်း စိစစ်တွေ့ရှိရသော ကိုယ်လက် အင်္ဂါမပြည့်စုံသူ ၆၂ ဦးကို ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခဲ့ပါကြောင်း ပြန်လည်ဖြေကြားပါသည်။