မေးခွန်း အကြောင်းအရာ
အစိုးရသည် ပြည်သူများကို အလုပ်အကိုင်ဖန်တီးပေးရပါကြောင်း၊ ပြည်သူများ ပညာသင်ကြားလာစေရန်လည်း စွဲဆောင်စည်းရုံးရပါကြောင်း၊ ပညာသင်ကြားသည့်အခါ Formal Education နှင့် Informal Education ဟူ၍ ရှိပါကြောင်း၊ Formal Education ဆိုသည်မှာ အထက်တန်းကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ ဖြစ်ပါကြောင်း၊ Informal Education က အထက်တန်းရှေ့နေစာမေးပွဲများ၊ တရားလွှတ်တော်ရှေ့နေစာမေးပွဲများ ဖြစ်ပါကြောင်း၊ Self Education ဟုလည်း ခေါ်ပါကြောင်း၊ ကိုယ့်ဘာသာ Study လုပ်ရသည့်အခါ ၎င်းစာမေးပွဲများကို ၁၉၂၀ ခုနှစ် နောက်ပိုင်းကတည်းက မြန်မာနိုင်ငံစာစစ်မင်းကြီးက ကျင်းပခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ်ခန့်အထိလည်း မြန်မာနိုင်ငံစာစစ်မင်းကြီးက ရှေ့နေစာမေးပွဲများကို ကျင်းပပေးပါကြောင်း၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၃ ခုနှစ်ခန့်ကတည်းက စပြီး အထက်တန်းရှေ့နေစာမေးပွဲနှင့် တရားလွှတ်တော်စာမေးပွဲများကို ကျင်းပရပါကြောင်း၊ ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဝန်ကြီးဌာနက Focal လုပ်၍ အဆိုပါမေးခွန်းများကို ပထမဦးဆုံးသင်ရိုးကို ကြေညာပါကြောင်း၊ စာမေးပွဲကြေးသွင်းပြီးပါက စာမေးပွဲဖြေဆိုအောင်မြင်ပါက အထက်တန်းရှေ့နေလိုင်စင်ကို တရားရုံးချုပ်တွင် သွားရောက်လျှောက်ထားရပါကြောင်း၊ အထက်တန်းရှေ့နေအဖြစ် ခုနစ်နှစ်အလုပ်လုပ်ပြီးသော ရှေ့နေများကသာ တရားလွှတ်တော်ရှေ့နေစာမေးပွဲဖြေရပါကြောင်း၊
Post Graduated Diploma ဟူ၍ Online စနစ် ရှိပါကြောင်း၊ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေစာမေးပွဲတို့သည် စာအုပ်များဝယ်ဖတ်၍ အပြင်ကျောင်းများတွင် ကျောင်းတက်ပြီး စာမေးပွဲဝင်ဖြေရပါကြောင်း၊ မိမိတို့ အကျိုးရှိမည်မှာ ဥပမာ - လွန်ခဲ့သော နှစ် ၃၀ အတွင်း ပညာရေးပျက်ခဲ့သူများ များစွာရှိပါကြောင်း၊ ၎င်းတို့နှင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ အဆိုပါစာမေးပွဲကို ဝင်ဖြေကြပါက တစ်ခန်း တစ်ကဏ္ဍအားဖြင့် ပညာများ တတ်လာမည်ဖြစ်ပြီး လွှတ်တော်အမတ်များလည်း ဥပဒေပညာများ နားလည်လာမည် ဖြစ်ပါကြောင်း၊ ပညာပျက်သွားသူများလည်း အကျိုးရှိ၍ မိမိတို့ လွှတ်တော်အမတ်များအနေဖြင့်လည်း ဥပဒေကို နားလည်သည့်အတွက် နယ်မြေကိုကိုင်တွယ်စီမံရသည်မှာ အလွန်အဆင်ပြေပါကြောင်း၊ ထို့ကြောင့် အထက်တန်း ရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေစာမေးပွဲများ ကျင်းပပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် ကျင်းပပေးမည်နည်း၊ မရှိပါက အဘယ့်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အထက်တန်းရှေ့နေ၊ ဗဟိုတရားရုံးရှေ့နေ၊ တရားလွှတ်တော်ရှေ့နေစာမေးပွဲများကို ယခင်က ဗဟိုတရားရုံး ရှေ့နေနှင့် ရှေ့နေစာမေးပွဲကြီးကြပ်ရေးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ရုံးက ကျင်းပပေးခဲ့ပါကြောင်း၊ ဗဟို တရားရုံးရှေ့နေနှင့် ရှေ့နေစာမေးပွဲကြီးကြပ်ရေးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ရုံးက ကျင်းပသော ဗဟို တရားရုံးရှေ့နေနှင့် ရှေ့နေစာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးကြောင်း သက်သေခံအထောက်အထားတင်ပြပြီး ဗဟိုတရားရုံးရှေ့နေ၊ အထက်တန်းရှေ့နေအဖြစ် ဝင်ခွင့်လျှောက်ထားလာပါက တရားရုံးချုပ်က နည်းဥပဒေများနှင့် အညီ ခွင့်ပြုခဲ့ပါကြောင်း။ ထိုစဉ်က နည်းဥပဒေဘွဲ့ရနည်းပါးပြီး ရှေ့နေအရေအတွက်နည်းပါးနေသည့်အတွက် ဗဟိုတရားရုံးရှေ့နေ၊ အထက်တန်းရှေ့နေစာမေးပွဲများ ကျင်းပပြီး ရှေ့နေအဖြစ် ဝင်ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ တက္ကသိုလ်အသီးသီးက ဥပဒေပညာဘာသာရပ်ကို သင်ကြားပေးနေပြီဖြစ်သည့်အတွက် ဥပဒေဘွဲ့ရသူတစ်ဦးသည် ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေများနှင့်အညီ အလုပ်သင်ရှေ့နေအဖြစ် တစ်နှစ်သင်ကြားပြီးနောက် အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းပေးရန် လျှောက်ထားနိုင်ပါကြောင်း၊ အထက်တန်းရှေ့နေအဖြစ် သုံးနှစ်လိုက်ပါဆောင်ရွက်ပြီးစီးပါက ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများနှင့်အညီ တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားလိုက်ပါဆောင်ရွက်နိုင်ပါကြောင်း၊ ထို့အပြင် ယခုအခါ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနက Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးသော ဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Law) အောင်လက်မှတ်တင်ပြပြီး အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်လျှောက်ထားနိုင်သော အခွင့်အရေးများလည်း ပေးထားပြီးဖြစ်သည့်အတွက် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေစာမေးပွဲများ ကျင်းပဆောင်ရွက်ပေးရန် လိုအပ်မည်မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
