မေးခွန်း အကြောင်းအရာ
ရပ်စောက်မြို့နယ်၊ ပင်ဖြစ်-ဆပ်သေလမ်းပေါ်ရှိ ပုန်းအင်းတံတားသည် ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေ ၂၂၆၁ နှင့် လူဦးရေ ၁၁၂၂၉ ဦးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍများကို အကျိုးပြုသော ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့သည့် တံတားဖြစ်သည့်အပြင် တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ဟိုပုန်းမြို့နယ်အတွင်းရှိကျေးရွာများနှင့် ဆက်သွယ်သွားလာရသော အရေးပါသည့် မြု့နယ်ချင်းဆက်သွယ်သွားလာရသည့် ကျေးလက်တံတားဖြစ်ပြီး ပင်ဖြစ်ဈေးနှင့် ဆပ်သေဈေးများသို့ ဒေသထွက်ကုန်ပစ္စည်းများ၊ ရောင်းဝယ်ခြင်းများအတွက် ကုန်စည်စီးဆင်းရာတွင် အဓိကအရေးပါသော တံတားဖြစ်ပါကြောင်း၊
ဒေသခံပြည်သူများ၏ တင်ပြချက်များအရ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊ ယခုအချိန် Slide တွင် ဖော်ပြထားသည့်အတိုင်း တံတား၏ ရေလယ်တိုင်၊ ဘေးယက်မကြမ်းခင်းများ နိမ့်ကျွံပျက်စီးနေပြီး အန္တရာယ်ရှိတံတားအဆင့်သို့ ရောက်ရှိ နေပါကြောင်း၊ ဒေသခံပြည်သူများ နေ့စဉ်သွားလာနေသော တံတားဖြစ်၍ မလိုလားအပ်သော ဘေးဒုက္ခ အန္တရာယ်များ မဖြစ်ပေါ်စေနိုင်ရန်အတွက် လတ်တလောအရေးတကြီး ဆောင်ရွက်ပေးရန် လိုအပ် လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာ အုပ်စု၊ ပင်ဖြစ်-ဆပ်သေလမ်းပေါ်ရှိ ပုန်းအင်းတံတား ၅၀ ပေ ဟောင်းနွမ်းပျက်စီးနေသော အန္တရာယ်ရှိ သစ်သားတံတားမှ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိကို ဒေသခံပြည်သူများ၏ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်းရှိ ပင်ဖြစ်-ဆပ်သေ လမ်းပေါ်ရှိ ပုန်းအင်းတံတားအရှည် ၅၀ ပေသည် ၁၉၉၆ ခုနှစ်တွင် ဒေသခံပြည်သူများက ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သော သစ်သားတံတားတစ်စင်းဖြစ်ပါကြောင်း၊ တံတား၏လက်ရှိ အခြေအနေတွင် ကြမ်းခင်း၊ ယက်မများ ဆွေးမြေ့နေပါကြောင်း၊ အဆိုပါတံတား အရှည်ပေ ၅၀ ကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၈၆.၅ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဖြင့် လမ်းများ၊ ကျောက်ချောလမ်းများ၊ ကွန်ကရစ်တံတားများ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် လမ်းအတွက် ဆောင်ရွက်ရန်အစီအစဉ် မပါရှိသေးသည့် အခြေအနေ ဖြစ်ပါသောကြောင့် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု အတွင်းရှိ ပင်ဖြစ်-ဆပ်သေ လမ်းပေါ်ရှိ ပုန်းအင်းကွန်ကရစ်တံတားအရှည် ၅၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါသော်လည်း ပြည်နယ်/တိုင်းဒေသကြီး၏ နှစ်အလိုက်ဦးစားပေး လျာထားမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။
