(င)-ကျေးရွာချင်းဆက်လမ်းများ တည်ဆောက်ရာ တွင်စနစ်တကျလမ်းပုံစံထုတ်ပြီးတည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ (၂၈.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

naing naing lwinမိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ၆၅၀၀၀ ကျော်ရှိပါကြောင်း၊ ချင်းပြည်နယ်ရှိ ကျေးရွာချင်းဆက်လမ်းအများစုသည် ကျေးလက်နေ ပြည်သူများကိုယ်တိုင်က ဖောက်လုပ်ခဲ့သောလူသွားလမ်းများဖြစ်ပြီး မော်တော်ယာဉ်သွားလာ နိုင်သည့်အဆင့်အထိ ဖောက်လုပ်ခဲ့ကြပါကြောင်း၊ လမ်းတစ်လမ်းကိုတည်ဆောက်ရာတွင် ဖို့မြေ၊ ဖြတ်မြေလုပ်ငန်း၊ လမ်းတာချဲ့ခြင်းလုပ်ငန်း၊ မျက်ကွယ်ကွေ့များဖြောင့်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းများကို ဦးစွာလမ်းပုံစံထုတ်ပြီး လမ်းပုံစံအမှန်ရမှသာ မြေသားတာပေါင်တင်ခြင်း၊ ကျောက်ချောခင်းခြင်း၊ ကတ္တရာခင်းခြင်း လုပ်ငန်းများကို တစ်ဆင့်ချင်းဆောင်ရွက်ကြမှသာ ပုံစံမှန်သောလမ်းများကို ရရှိစေမည်ဖြစ်ပါကြောင်း၊

၂၀၁၆-၁၇ ခုနှစ်တွင် ကျေးလက်လမ်းတစ်ခုကို ကတ္တရာခင်းရန် ဘတ်ဂျက်ကျလာ၍ အဆိုပါလမ်းကိုမခင်းမီ သွားရောက်လေ့လာရာတွင် မတ်စောက်သော ကုန်းဆင်းတစ်ခုရှိနေပါကြောင်း၊ ဌာနနှင့် ကုမ္ပဏီကို ပြုပြင်ပေးရန် ညှိနှိုင်းဆွေးနွေးသည့်အခါ ကုမ္ပဏီက အတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်ပေးသည့်အတွက် လိုချင်သည့် အနေအထားကို မရောက်ပါကြောင်း၊ တင်ပြလိုသည်မှာ ကုမ္ပဏီ၏ဘတ်ဂျက်က ကတ္တရာခင်းခြင်း လုပ်ငန်းသာ ပါရှိပြီး ဖို့မြေ၊ ဖြတ်မြေအတွက် မပါရှိပါကြောင်း၊ လမ်းပုံစံပြင်မည်ဆိုပါက ခင်းပြီးသားကျောက်ချောလမ်းကို အရင်ဖယ်ထုတ်လိုက်ရမည်ဖြစ်ပြီး ဖြတ်မြေလုပ်ငန်းလုပ်ဆောင်ပြီးပါက ပြန်လည်၍ကျောက်ချောခင်းခြင်း၊ စက်ဖြင့်ကြိတ်ခြင်းတို့အတွက် ဆောင်ရွက်ရန်ဘတ်ဂျက်မပါရှိသည့်အတွက်  အခက်အခဲကြုံရသည့်အတွက် ရှိသည့် လမ်းအပေါ်တွင်သာ  ကွေ့ကောက်နေသည့်အတိုင်းခင်းထားခြင်းများ ဖြစ်ရသည်မှာ လမ်းမခင်းခင် လမ်းပုံစံထုတ်ပြီး စနစ်တကျ မတည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ယနေ့ ပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ကျေးရွာများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာ၍ ရုတ်တရက်ဖွံ့ဖြိုးတိုးတက်လာတော့မှ မော်တော်ယာဉ်များ သွားလာမှုအဆင်မပြေ၍ လမ်းပုံစံမမှန်သည့်အတွက် ပြန်လည်တည်ဆောက်ရမည်ဆိုပါက အချိန်များကုန်သကဲ့သို့ နိုင်ငံတော၏ငွေကြေးများလည်း လေလွင့်ဆုံးရှုံးစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာချင်းဆက်လမ်းများ တည်ဆောက်ရာတွင် စနစ်တကျလမ်းပုံစံထုတ်ပြီး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

hla kyawစိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်လမ်း၊ တံတားများ ရေရှည်ကောင်းမွန်စေရန်အတွက် ဒေသဆိုင်ရာ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လမ်း၊ တံတားဆိုင်ရာ စံချိန်စံညွှန်း (Specification) များကို သတ်မှတ်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်း၊ တံတားဆိုင်ရာ အဆိုပြုစီမံကိန်းများကို သက်ဆိုင်ရာဒေသအလိုက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဒေသန္တရလမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီများနှင့် ပါဝင်ဆွေးနွေးထောက်ခံ အတည်ပြုချက်ရယူဆောင်ရွက် ရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖ့ွဲ့၏ အတည်ပြုချက်ဖြင့် တစ်နှစ်ခန့်ကြိုတင်ရေးဆွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်ရွေးချယ်ပြီး တင်ဒါမကြေညာမီ သက်ဆိုင်ရာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေပြင်နှင့်ကိုက်ညီစေရန်အတွက် ပြန်လည်စစ်ဆေး ရပါကြောင်း၊ အချို့အောက်ခံမြေကောင်းသည့်နေရာများတွင် ၁၂ လက်မထုဖြင့်လည်းကောင်း၊ အောက်ခံမြေ မကောင်းသည့် နေရာများတွင် ၂၀ လက်မ ထုဖြင့်လည်းကောင်း ဒေသနှင့်ကိုက်ညီသော လမ်းပုံစံများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း အောက်ခြေတွင်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အားနည်းချက်များလည်း ရှိစမြဲဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  ကျေးလက်လမ်းတံတားလုပ်ငန်းများကို လျာထားဆောင်ရွက်သည့်အခါ ပဏာမကွင်းဆင်းခြင်း များပြုလုပ်ပြီး လမ်းအူကြောင်းအသစ် ဖောက်လုပ်ရန်အတွက်  လိုအပ်သည့်အပိုင်း၊ ဖို့မြေ၊ ဖြတ်မြေ ဆောင်ရွက်ရမည့်အပိုင်း၊ လမ်းတာချဲ့ခြင်း ဆောင်ရွက်ရမည့်အပိုင်း၊ လမ်းမြေနေရာ ရရှိမှုအခြေအနေ၊ ရေနုတ်မြောင်း၊ Box Culvert၊ Pipe Culvert များ ထည့်သွင်းရမည့်နေရာများ ပါဝင်သော Design များ၊ ခန့်မှန်းခြေတွက်ချက်မှုစာရင်းများကို ရေးဆွဲဆောင်ရွက်ရပါကြောင်း၊ ထို့အပြင် လမ်းများရေရှည်တည်တံ့ရန်အတွက် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကိုလည်း Design နှင့်အညီ ထည့်သွင်းစဉ်းစားတွက်ချက်ပြီး ဦးစားပေးအစီအစဉ်များသတ်မှတ်ကာ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း‌ဖြေကြားပါသည်။                        

ဦးနိုင်နိုင်ဝင်း (တမူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။             

မိမိမေးမြန်းသည်မှာ ကျေးရွာချင်းဆက်လမ်းများ တည်ဆောက်ရာတွင် စနစ်တကျလမ်းပုံစံထုတ်ပြီး တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ကျောက်ခင်းလမ်းတည်ဆောက်မည်ဆိုပါက Yellow Board အရ စံချိန်စံညွှန်းဖြင့်တည်ဆောက်သည်ကို လက်ခံသော်လည်း ကျောက်ခင်းလမ်းမဆောက်မီတွင် လမ်းပုံစံထုတ်ပြီး လမ်းပုံစံအမှန်ရမှ တည်ဆောက်မှသာ ပုံစံမှန်သည့်လမ်းများ ရရှိမည်ဖြစ်ပါကြောင်း၊ ဥပမာ- ကက်သာ-အောင်ဇေယျလမ်းကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးက၂၀၁၈-၁၉ ခုနှစ်တွင် ကျောက်ချောလမ်း အပြီးတည်ဆောက်မည်ဟု  ဖြေကြားထားပါကြောင်း၊ ကက်သာ- အောင်ဇေယျလမ်းကို ပြန်လည်စိစစ်ရာတွင် တံတောင်ဆစ်ချိုး အကွေ့များရှိပါကြောင်း၊ ဖို့မြေ၊ ဖြတ်မြေလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသည့်အတွက် လမ်းပုံထုတ်အဖွဲ့က စနစ်တကျပြန်လည်ပုံထုတ်ပြီး ပြန်လည်တိုင်းတာပြီးမှသာ ကျောက်ချောလမ်းအဆင့်ကို ပြန်လည်ဆောက်လုပ်မည်ဖြစ်သည့်အတွက် ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မိမိတို့ ကျေးလက်လမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသ၏ ရေမြေအခြေအနေ ပေါ်မူတည်ပြီး လမ်းပုံစံကို လိုအပ်သော စံချိန်စံညွှန်းများနှင့်အညီဖြစ်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ လမ်းပုံစံမကျသည့်အတွက် အောက်ခြေတွင် လိုအပ်သည့်အတိုင်းအတာအထိ လမ်းများ ပီပီပြင်ပြင် မဖြစ်နိုင်သည့် အခြေအနေမျိုးရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ အောက်ခြေတွင် လမ်းပုံစံတကျ အစီအစဉ်ရှိ/မရှိ၊ နှင့်ပတ်သက်ပြီး ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။