မေးခွန်း အကြောင်းအရာ
ပဲခူး-စစ်တောင်းတူမြောင်းကြီးသည် ဝေါမြို့နယ် မြစ်ကျိုးရေတံခါးမှ သနပ်ပင်မြို့နယ် ရေတံခါး တာဝအထိ ၃၇ မိုင် ၇ ဖာလုံ ရှည်လျားပါကြောင်း၊ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များ၏ ရေကြီးနစ်မြှုပ်မှုကို သက်သာစေသည့်အပြင် နွေစပါးစိုက်ဧက ၆၀၀၀၀ ကျော်ကို ရေပေးဝေ စိုက်ပျိုးအောင်မြင်စေတာ တာဘောင်လမ်းသည်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း ကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါလျက်ရှိပါကြောင်း၊ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝ မြို့နယ်များရှိ နွေစပါးစိုက်ပျိုးသည့် လယ်မြေများသည် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိဘဲ တစ်နှစ်လုံးတွင် တစ်ရာသီသာ စိုက်ပျိုးနိုင်သည့် လယ်များဖြစ်ပါကြောင်း၊
ရန်ကုန်တိုင်း မိုင် (၃၀) စိမ်းလန်းမြောင်းမကြီးသည် သနပ်ပင်၊ ကဝမြို့နယ်၏ မိုးတွင်းရေကြီး နစ်မြုပ်မှုကို သက်သာစေပြီး ကောင်းမွန်စွာရေနုတ်တိုင်ခြင်းကြောင့် ဆောင်းသီးနှံများကို စောလျင်စွာ စိုက်ပျိုးနိုင်ပါကြောင်း၊ ယခုအခါ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များရှိ နွေစပါး စိုက် ဧက ၆၀၀၀၀ ကျော်ကို ရေခွန်ကောက်ခံရန် အစီအစဉ်ရှိထားရှိပြီး တောင်သူလယ်သမားများအနေဖြင့်လည်း အောင်ရေရသည်အထိ ရေလုံလောက်စွာ ပေးနိုင်မည်ဆိုပါက တည်ဆဲဥပဒေအတိုင်း ရေခွန်ပေးရန် သဘောတူနိုင်သော်လည်း လုံလောက်ခြင်းမရှိပါက ရေခွန်ပေးရန် အဆင်ပြေနိုင်မည် မဟုတ် ပါကြောင်း၊
ယခုအခြေအနေသည် ပဲခူးခရိုင်ရှိ ဧက ၆၀၀၀၀ ကျော်နှင့် ထပ်မံတိုးချဲ့စိုက်ပျိုးသော ပဲခူးခရိုင်က စိုက်ဧကများနှင့် ခရမ်း၊ သန်လျင်ဘက်က စိုက်ဧကများကိုပါ ရေပေးဝေနေရခြင်းကြောင့် ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း နှစ်ဖက်စလုံးတွင် အောင်ရေမလုံမလောက်ဖြစ်နေပါကြောင်း၊
ရန်ကုန်တိုင်းကိုရေအပြည့်အဝပေးမည်ဆိုပါက ပဲခူးတိုင်းအတွက် စိုက်ပျိုးရေလုံလောက်မှု မရှိပါကြောင်း၊ အောင်ရေအပြည့် အဝမပေးနိုင်သည့်အတွက် တောင်သူများအချင်းချင်း အချင်း များခြင်း၊ ဌာနဆိုင်ရာများနှင့် ပဋိပက္ခ ဖြစ်ခြင်း၊ အောင်ရေမလုံလောက်၍ အထွက်လျော့နည်းခြင်း၊ အရှုံးပေါ်ခြင်းများအထိ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ပြင် ခရမ်း၊ သန်လျင်မြို့နယ်များ၏ စိုက်ဧက ၆၀၀၀ နီးပါးကို ရေရောက်ရှိရန် စုစုပေါင်း မိုင် ၈၀ ကျော်၊ ၁၀၀ ခန့်ဝေးပြီး မြေသားချောင်းများ ဖြစ်သည့် အတွက် ရေအလေအလွင့် များပြီး အကျိုးရရှိမှုအလွန်နည်းပါးပါကြောင်း၊ ထို့ကြောင့် ရေရှည်အဆင် ပြေပြီး ထိရောက်အကျိုးရှိရန်အတွက် ပဲခူးတိုင်းက နွေစပါးစိုက်ဧက ၆၀၀၀၀ ကျော်ကို ဦးစားပေး သင့်ပြီး ခရမ်း၊ သန်လျင်မြို့နယ်များ၏ ခန့်မှန်းဧက ၆၀၀၀ အတွက် အခြားရေရရှိရေးနည်းလမ်းကို စဉ်းစားသင့်ပါကြောင်း၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့်ကဝမြို့နယ်များရှိ နွေစပါး စိုက်ဧကများအတွင်း ရေလုံလောက်စွာမပေးနိုင်ဘဲ ရန်ကုန်တိုင်း မိုင်(၃၀)စခန်း စိမ်းလန်းစိုပြည်ရေး နွေစပါးစိုက်ဧက ၆၀၀၀ ခန့်ကို ရေပေးနေရခြင်းသည် မိုင်အလွန်ဝေးကွာခြင်း၊ ရေအလေအလွင့် များခြင်းနှင့် အကျိုးရရှိမှုလျော့နည်းခြင်းတို့ကြောင့် ပြန်လည်သုံးသပ်ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းနှင့်ဆက်စပ်ပါရှိသည့် ရန်ကုန်မြို့တော် မိုင် (၃၀) စိမ်းလန်းစိုပြည်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်အကျဉ်းချုပ်ကို ဦးစွာတင်ပြလိုပါကြောင်း၊ ရန်ကုန်မြို့တော် မိုင်(၃၀) စိမ်းလန်း စိုပြည်ရေးစီမံကိန်းသည် ရေချိုအရင်းအမြစ်ရှားပါးသည့် ရန်ကုန်မြို့တော် မိုင်(၃၀) ဝန်းကျင် ဒေသများကို စိုက်ပျိုးရရှိရန် နည်းလမ်းကြံဆဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊
စီမံကိန်းပါ လုပ်ငန်းစဉ်အားလုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမည်ဆိုပါက ရန်ကုန် တိုင်းဒေသကြီး၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် သန်လျင်မြို့နယ်များတွင် စိုက်ပျိုးဧက ၅၅၀၀၀ နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များတွင် စိုက်ပျိုးဧက ၅၀၀၀၀ စုစုပေါင်းဧက ၁၀၅၀၀၀ ကို စိုက်ပျိုးရေးပေးဝေနိုင်ရေးကို ရည်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
ယခု ရန်ကုန်မြို့တော် မိုင် (၃၀) စိမ်းလန်းစိုပြည်ရေးစီမံကိန်းအရ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများအားလုံး ပြီးပြတ်ခင်းမရှိသေးဘဲ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းတွေအရ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းနှင့် သန်လျင်မြို့နယ်များရှိ နွေစပါးဧက ၆၀၀၀ နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ ဝေါ၊ ကဝနှင့်သနပ်ပင်မြို့နယ်များရှိ နွေစပါးဧက ၄၀၀၀၀ ကို အောင်ရရှိရန် စီမံဆောင်ရွက်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊
နွေစပါးရေးပေးဝေနိုင်ရေးအတွက် အဓိကလုပ်ငန်းသည် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ကို ရေကူးဖြည့်ပေးခြင်း ဆောင်ရွက်ရပြီး ယင်းသို့ ရေကူဖြည့်ပေးခြင်းကို နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်ထားရှိပါကြောင်း၊ ပထမနည်းလမ်းသည် ဇောင်းတူ၊ ကိုဒူတွဲ၊ စလူ၊ ရွှေလောင်းရေလှောင် တမံများမှ သိုလှောင်ရေများကို ဇောင်းတူရေးလွှဲဆည်မှတစ်ဆင့် မိုးယွန်းကြီးအင်းသို့ ရေဖြည့်ပေးပြီး ယင်းမှတစ်ဆင့် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းကို ရေသွင်းယူခြင်းဖြစ်ပါကြောင်း၊ ဒုတိယ နည်းလမ်းသည် ဝါးကတုတ်ရေလှောင်တမံမှ မိုးယွန်းကြီးအင်းကို ရေဖြည့်ပေးပြီး၊ မိုးယွန်းကြီး အင်းမှတစ်ဆင့် ပဲခူး-စစ်တောင်တူးမြောင်းကို ရေသွင်းယူခြင်းနည်းလမ်း ဖြစ်ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး ဧက ၆၀၀၀ အတွက် အခြားရေရရှိရေးနည်းလမ်းကို စဉ်းစားရာတွင်လည်း အဆိုပါဒေသသည် ရေချိုအရင်းအမြစ်ရှားပါးသည့် ဒေသဖြစ်နေပါကြောင်း၊ အဆိုပါဒေသများတွင် ရေငန်ဝင်ရောက်မှုမရှိစေရေးအတွက် ရေထိန်းတံခါးများကိုလည်း တည်ဆောက်ထားရှိခဲ့ပြီးဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်း အကျိုးသက်ရောက်မှုရှိစေရေးအတွက် စိုက်ပျိုးရေရရှိရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရမ်းနှင့်သန်လျင်မြို့နယ်များက နွေစပါးဧက ၆၀၀၀ နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ဝေါ၊ ကဝ၊ သနပ်ပင်မြို့နယ်များရှိ နွေစပါးဧက ၄၀၀၀၀ ရေရရှိရေးအတွက် ပဲခူး-စစ်တောင်းတူးမြောင်းရှိ ပုဂံ-ညောင်ပင်ရေလွှဲပေါက်မှာရှိသည့် ရေမှတ်ကိုမူတည်ပြီး ရေလှည့် ဇယားရေးဆွဲမှုနှင့်အညီ အလှည့်ကျ ရေပေးဝေခြင်းနှင့် ဌာနတာဝန်ရှိသူတွေက ကွင်းဆင်းညှိနှိုင်းပြီး အောင်ရေရရှိနိုင်ရေးကို ဆောင်ရွက်ရတဲ့အခြေအနေဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး၊ ပဲခူး၊ ဝေါ၊ ကဝနှင့် သနပ်ပင်မြို့နယ်များရှိ နွေစပါးအောင်ရေကို ထိထိရောက်ရောက်ပေးဝေနိုင်ရန် လိုအပ်လျက်ရှိသည့် ဧက ၄၀၀၀၀ အပါအဝင် စိုက်ပျိုးရေဧရိယာ ဧက ၅၀၀၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဧက ၅၅၀၀၀ စုစုပေါင်းဧက ၁၀၅၀၀၀ ကို စိုက်ပျိုးရေပေးဝေပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်အောင်မြင်ရေးအတွက် မူလရည်မှန်းခဲ့သော် လည်း နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေခွင့်ပြုမှု အကန့်အသတ်များကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် လုပ်ငန်းစဉ်များ ရှိပါကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက အဆင်ပြေနိုင်မည့် အခြေအနေရှိပါကြောင်း၊
အလျဉ်းသင့်၍ ယင်းလုပ်ငန်းစဉ်များကို တင်ပြရမည်ဆိုပါ (က) ဘိုင်းဒါး၊ ကောလိယနှင့် ဘောနီ ရေလှောင်တမံများက ပိုလျှံရေများကို နဂါးပေါက်ရေထိန်း တံခါးနှင့် ပုကိုင်တာ ရေထိန်း တံခါးတို့ကနေတစ်ဆင့် ပဲခူး-စစ်ဆောင်းတူးမြောင်းကို ရေသွယ်ယူခြင်းလုပ်ငန်း၊ ၎င်းလုပ်ငန်းတွင် နဂါးပေါက်ရေထိန်းတံခါးကို တည်ဆောက်ပြီးဖြစ်သော်လည်း ပုကိုင်တာရေထိန်းတံခါးကို တည် ဆောက်ရန် လိုအပ်ခြင်း၊ (ခ) ဇောင်းတူရေလွှဲဆည်မှ သတ်မှတ်ရေပြည့်မှတ်နှင့် ရေထုတ်လွှတ်တိုင် အတွက် ယင်းရေလွှဲ ဆည်အထက်တွင် စစ်ပင်ဆိပ်ရေတံခါးကို အခိုင်အမာတည်ဆောက်ရန် လိုအပ်ခြင်း၊ (ဂ) မိုးယွန်းကြီးကန်တွင် ရေပိုမိုသိုလှောင်နိုင်ရန် တာမြှင့်ခြင်းနှင့် အရေးပေါ်ရေပိုလွှဲတစ်ခု တည်ဆောက်ပေးရန် လိုအပ်ခြင်း၊ (ဃ) မိုးယွန်ကြီးကန်ကို ရေသွယ်ယူပေးသည့် ဇောင်းတူ မြောင်းမ ကြီးနှင့် လက်တံမြောင်းနှစ်မြောင်း၊ ဇောင်းတူ-ကျိုက်လှရေသွယ်မြောင်း၊ ဇောင်းတူ-စွန်ပိရေသွယ် မြောင်း၊ မိုင်(၃၀)စိမ်းလန်းမြောင်းတို့တွင် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ (င) မိုင်(၃၀) စိမ်းလန်းမြောင်းကို စီးဝင်သော ချောင်းရိုး ထိပ်တွင် ရေထိန်းရေမြှင့်အဆောက်အအုံ ၅၉ ခု တည်ဆောက်ရန်လိုအပ်ခြင်းဆောင်ရွက်ရန် ရှိပါကြောင်း၊
အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ချက်ရှိနေဆဲဖြစ်သည့် လုပ်ငန်းများကို ဆောင်ရွက်ရန်သည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ရန်ပုံငွေလိုအပ်ချက်မပါရှိရပါကြောင်း၊ မရပါဘူး။ ထို့ကြောင့် ရန်ကုန်မြို့တော် မိုင်(၃၀) စိမ်းလန်းစိုပြည်ရေးစီမံကိန်းဧရိယာတွင် ခရမ်း၊ သန်လျင် မြို့နယ်များက နွေစပါးဧက ၆၀၀၀ ကို ရေပေးဝေနိုင်ရေးနှင့် ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များမှ နွေစပါးဧက ၄၀၀၀၀ ကျော်ကို အောင်ရေရသည်အထိ ရေပေးဝေနိုင်ရေးတို့အတွက် ပဲခူး-စစ်တောင်း တူးမြောင်းရှိ ပုဂံ-ညောင်ပင်ရေလွှဲပေါက်ရှိ ရေမှတ်ကိုမူတည်ပြီး ရေလှည့် ဇယားရေးဆွဲ၍ ဆောင်ရွက်မှုနှင့်အညီ အလှည့်ကျရေပေးဝေခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့်မှလည်း လိုအပ်သလို ကွင်းဆင်းညှိနှိုင်းမှုများ ဆောင်ရွြက်ခင်းတို့ဖြင့် အခက်အခဲများကြားမှ အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ဖြေကြားပါသည်။
