မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်မှ ပြည်သူများနှင့် တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲများကို ၂၀၁၇ ခုနှစ် မေလဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူများမှ ၂၀၁၇ ခုနှစ် မတ်လကုန် ဧပြီလမှစ၍ သောက်ရေသုံးရေများ အခက်အခဲများရှိသည်ဟုတင်ပြလာပါကြောင်း၊ လွိုင်လင်မြို့ပေါ်ရပ်ကွက်များတွင် သောက်ရေသုံးရေရရှိရေးအတွက် နောင်တောင်းကန်မှ ပိုက်လိုင်း များဖြင့် ရေဖြန့်ဝေပေးလျက်ရှိသော်လည်းပဲ တချို့ရပ်ကွက်နေရာများမှာ ရေဖြန့်ပေးနိုင်ခြင်းမရှိဘဲ ကျန်ရှိလျက်ရှိပါကြောင်း၊ ကုန်းမြင့်ပိုင်းများမှာတွင် ရေပိုက်သွယ်တန်းမှုရှိသော်လည်း ရေမရောက်ခြင်း၊ ရေအပတ်စဉ်မဖြန့်ဝေနိုင်ခြင်းများ ရှိခဲ့ပါကြောင်း၊ မြကန်သာရေကန် တွင် ရေတင်၍ ဌာနဆိုင်ရာများ ကိုပေးဝေမည်ဟုသိရှိရပါကြောင်း၊ နောင်တောင်းကန်၏ ရေမျက်နှာ သည် များစွာလျော့နည်းသွားခဲ့ပြီး မြို့ပေါ်သို့ပေးပို့သည့် ရေများတွင်လည်း အနည်အနှစ်များပြားပြီး သောက်သုံးရန်အတွက် အနည် ချပြီးမှ အသုံးပြုရပါကြောင်း၊ နွေရာသီတွင်လည်း ရေပေးဝေမှုများ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ နေ့စဉ်အချိန်မီပေးပေးဝေနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ လက်ရှိ နောင်တောင်းကန်မှ ရေပိုက် လိုင်း များသည် ချေးငွေဖြင့်တည်ဆောက် ခဲ့ပြီး အနည်ချကန်တည်ဆောက်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ ယခင်က နောင်တောင်းကန်မှ ရေပိုက်လိုင်း သွယ်တန်းပြီး ဆေးတပ်စွယ်အပေါ်ဘက် ကုန်းမြင့်နေရာမှ ရေစုကန်၊ အနည်ချကန်များဖြင့် မြို့တွင်းသို့ သန့်ရှင်းသော သောက်သုံးရေများ ပေးဝေခဲ့ကြောင်း၊ နောင်တောင်းကန်မှ ဆေးတပ်စွယ်အပေါ်ဘက်ရှိ ရေစုကန်၊ ရေအနည်ချကန်များတို့ ပိုက်လိုင်းများသွယ်တန်းပြီး၊ ရပ်ကွက်(၂)အတွင်းရှိ အိမ်ထောင်စုများသို့ သန့်ရှင်းသော သောက်ရေ၊ သုံးရေပေးဝေနိုင်မည်ဖြစ်ကြောင်း ၊ ကုန်းမြင့်ပိုင်းမှာရှိတဲ့နေရာများတွင်လည်း စက်ရေတွင်း၊ ဦးစီးတွင်းများ တူးပြီး ရေပေးဝေရန် အစီအစဉ်များ ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် ကိုလည်း သိလိုပါကြောင်း၊ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ပေါ်ရပ်ကွက် များတွင် သန့်ရှင်းသောသောက်ရေသုံးရေ အလုံအလောက်ဖြန့်ဝေပေးရန် မည်သို့အကောင်အထည် ဖော်ဆောင်ရွက်၍ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပြီးစီးမည် ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ပေါ်တွင် ရပ်ကွက်လေးရပ်ကွက်ရှိပြီး လက်ရှိအချိန်တွင် အိမ်သွယ်ရေတိုင် ၈၃၆ တိုင်အား မြို့ရဲ့အနောက်တောင်ဘက် ၃ မိုင်ခွဲအကွာမှာရှိတဲ့ နောင်တောင်း ရေကန်မှ အလိုအလျောက်စီးဆင်းသည့်(Gravity flow)ဖြင့် ရက်ပိုင်းအလိုက်ခွဲပြီး လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ နေ့စဉ်ရေပေးဝေလျက်ရှိပါကြောင်း၊ လွိုင်လင်မြို့၏ အနေအထားသည် အရှေ့အနောက်ကုန်းမြင့်များဖြစ်ပြီး နွေရာသီတွင် နောင်တောင်းရေကန် ရေလျော့နည်း တတ်သည့် အတွက် တစ်မြို့လုံးရေရရှိရေးအတွက် ရေအလေအလွင့်နည်းပါးအောင် စနစ်တကျဖြန့်ဝေ ပေးလျက်ရှိပါကြောင်း၊
လွိုင်လင်မြို့ ရပ်ကွက်များ၏ ရေရရှိရေးနှင့် စပ်လျဉ်းပြီး မြကန်သာပတ်လမ်းဖောက်လုပ်ပြီး ရေဝပ်ဧရိယာမှော်ဆယ်ခြင်း၊ မြို့ရေပေးဝေရေးအတွက် ကွတ်ချိုးကန်တူးဖော်ခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၂၃၀ ကျခံဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဖြစ်ပါကြောင်း၊၎င်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနတို့မှ ၂၀၁၆ ခုနှစ် ဇွန်လအတွင်းမှာ အကောင်အထည်ဖော်ခဲ့ပြီး သြဂုတ်လတွင် ပြီးစီးခဲ့ပါကြောင်း၊
ကန်တစ်ပတ်လုံးပေပေါင်း ၁၁၀၀၀ ကို ကန်ပတ်လမ်းဖောက်လုပ်ရန် ကန်၏ ရေဝပ်ဧရိယာ အတွင်းရှိသည့် ဒိုက်မှော်များဆယ်ယူခြင်း၊ သစ်သားလူကူးတံတားတည်ဆောက်ခြင်း၊ ကျောက်ချော လမ်းခင်းခြင်း၊ Parapet ပြုလုပ်ခြင်း၊ ကျောက်ကြီးအစိုစီပြီး စတီးပိုက်လက်ရန်းတပ်ဆင်ခြင်းနှင့် မြကန်၏ Up Stream အပိုင်းတွင် သောက်သုံးရေအတွက် ရေဂါလန်နှစ်သန်းကျော် စုဆောင်းနိုင်မည့် ရေစုကန်တူးဖော်ခြင်း၊ ရေစုကန်တွင် မြောင်းထိပ်ရေတံခါးတစ်လုံး၊ အရေးပေါ်ရေပိုလွှဲတစ်ခု လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး မြကန်သာရေကန်မှ 3 House Power မော်တာနဲ့ ဂါလန် ၃၀၀၀ ဆံ့ ရေကန်ကို ရေမောင်းတင်ပြီး ရပ်ကွက်(၁)အတွင်းတွင် ရှိသည့် ရုံး၊ ဌာန၊ အိမ်ခြေ ၁၇ လုံး၊ လူဦးရေ ၁၅၀၀ အတွက် ဖြန့်ဝေပေးရန် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။
လွိုင်လင်မြို့ပေါ်ရပ်ကွက်လေးခုတွင် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိဖို့အတွက် နောင်တောင်းကန်မှ တိုးချဲ့ရေပေးရေးဆောင်ရွက်မည်ဆိုပါက အနှေးသဲရေစစ်ကန်၊ ရေစုကန်နှစ်ကန်၊ 30 House Power ပန့်နှင့် မော်တာတပ်ဆင်ခြင်း၊ PVC ပိုက်များသွယ်တန်းခြင်း၊ 50 KVA ထရန်စ ဖော်မာ တပ်ဆင်ခြင်းနှင့် 11 KVA ဓာတ်အားလိုင်းတပ်ဆင်ခြင်းလုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်း ကုန်ကျငွေ ကျပ် ၁.၀၆ ဘီလီယံကုန်ကျမည်ဖြစ်ပါကြောင်း။
လွိုင်လင်မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ လျာထားချက် ကျပ် ၁၅၇၈ သိန်းဖြစ်ပါကြောင်း၊ ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေလုံးငွေရင်းအသုံး စရိတ်ကျပ် ၇၈၉ သိန်းနှင့် မြို့ပြကတ္တရာလမ်းငါးလမ်း၊ ကျောက်ချောလမ်းနှစ်လမ်း၊ ကွန်ကရစ် တံတားနှစ်စင်း၊ မြို့တွင်းလမ်းပေါက်ဖာခြင်းနှင့် မြို့ပြရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ လွိုင်လင်မြို့ နောင်တောင်းရေထွက်မှ တိုးချဲ့ရေပေးရေးလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက စည်ပင်သာယာရေးဌာနရန်ပုံငွေနှင့် ဆောင်ရွက်ရန် လုံလောက်သည့် အလျောက် JICA ODA Loan နှင့် ချေးငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက် ထားပါကြောင်း၊ မြကန်သာရေကန်တွင် တိုးချဲ့ရေပေးရေးဆောင်ရွက်ရန်အတွက် ရေအရည်အသွေး နှင့် ရေရရှိနိုင်မှု အခြေအနေကို ကွင်းဆင်းတိုင်းတာခြင်း၊ ခန့်မှန်းကုန်ကျငွေတွက်ချက်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လွိုင်လင်မြို့အနေအထားအရ ကုန်းမြင့်ပိုင်းရပ်ကွက်များ ရေရရှိရန် အတွက် အဝီစိတွင်း တူးဖော်ဆောင်ရွက်မည်ဆိုပါက လိုအပ်သည့် စူးစမ်းလေ့လာမှု လုပ်ငန်းများကို ဆောင်ရွက်ပြီး ရေလုံလောက်စွာရရှိနိုင်မှုရှိ/မရှိတွက်ချက်၍ ရေလုံလောက်စွာရရှိမှသာ ရေဖြန့်ဝေ ပေးနိုင်မည့်အခြေ အနေဖြစ်ပါကြောင်း၊ လွိုင်လင်မြို့နယ်စည်ပင်သာယာရေးအနေဖြင့် လွိုင်လင်မြို့ ပေါ်ရပ်ကွက် လေးရပ်ကွက်အား သန့်ရှင်းသောသောက်သုံးရေအလုံအလောက်ဖြန့်ဝေပေးနိုင်ရန် နောင်တောင်း ကန် တိုးချဲ့ရေပေးရေးလုပ်ငန်းများကို လက်ရှိအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် မြကန်သာရေကန်မှ တိုးချဲ့ရေပေးရေးဆောင်ရွက်ရန် ကွင်းဆင်းတိုင်းတာ တွက်ချက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်းမြင့်ပိုင်းရပ်ကွက်များအတွက် အဝီစိတွင်းတူးဖော် ရေဖြန့်ဝေပေးနိုင်ဖို့ စူးစမ်းလေ့လာမှုလုပ်ငန်းများ ကွင်းဆင်းတိုင်းတာဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း ဖြေကြား ခဲ့ပါသည်။
