(က)-မောက်မယ်မြို့နယ်၊ နောင်နင်း(တောင်) ဆည်၏ ရေထိန်းတံခါးနှင့် ရေဝင်လမ်းမြောင်းပေါင် များ ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ (၂၈.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

sai ngaung seng heinနောင်နင်း(တောင်)ဆည်သည် မောက်မယ်မြို့နယ်၏ အနောက်ဘက်ရှိ နောင်နင်းရေထွက်မှ ရေများကိုဆည်ယူထားခြင်းဖြစ်ပြီး စိုက်ဧကပေါင်း ၁၀၀၀ ကျော်ကို နှစ်စဉ်ရေပေးဝေသည့်ဆည်ကြီး ဖြစ်ပါကြောင်း၊ ရှမ်းစော်ဘွားများ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့သော စိုက်ပျိုးရေပေးဝေသည့် စနစ် တစ်ခုဖြစ်ပါကြောင်း၊ ရေထိန်းတံခါးမရှိသည့်အတွက် နှစ်စဉ်မြေဖို့ခြင်းလုပ်ငန်းကို တောင်သူဦးကြီးများ စုပေါင်းဆောင်ရွက် ကြရပါကြောင်း၊ ရေထိန်းပေါက်အပေါ်ဘက် ကိုက် ၈၀၀ နှင့် ကိုက် ၁၀၀၀ ဝန်းကျင်တွင် မြောင်းကမ်းပါးတွေ အလွန်နိမ့်ကျခင်း၊ ပေါက်နေခြင်းတို့ကြောင့် ရေထိန်းပေါက်ပိတ်များနှင့် စိုက်ပျိုးရေများလျှံကျဖြစ်ပေါ်နေပါကြောင်း၊ ရေပေးဝေသော မြောင်းများ ဆီသို့ စိုက်ပျိုးမြေများ အလုံအလောက်မရောက်ရှိနိုင်ပါကြောင်း၊ ဆည်တံခါးပိတ်ဆို့ထားသော်လည်း စိုက်ပျိုးမြေများသည် မြောင်းပေါင် ဘေးဘက်သို့ စီးထွက်နေပါသဖြင့် စိုက်ပျိုးရေဆုံးရှုံးမှုများဖြစ်ပေါ် နေပါကြောင်း၊ ၎င်းမြောင်း ပေါင်တွေကို ပြန်လည်ဖြောင့်တန်းခြင်း၊ ကမ်းပေါင်မြှင့် တင်ခြင်းလုပ်ငန်း များကို လာမည်‌့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ လယ်ယာလုပ်ငန်းခွင်ပြီးစီးသည့်ရာသီတွင် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ရေထိန်းပေါက်အတွက် မြေဖို့ဆောင်ရွက်မည့်အစား သင့်တော်သည့် ရေထိန်း တံခါးအမျိုးအစား ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ မောက်မယ်မြို့နယ် တောင်သူလယ်သမားများ အားကိုးအားထားပြုနေရသော နောင်နင်း(တောင်)ဆည်၏ ရေထိန်းတံခါးနှင့် ရေဝင်လမ်းမြောင်း ပေါင်လမ်း ပြုပြင်မွမ်းမံပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ် မြို့အနီးရှိ နောင်နင်း(တောင်)ဆည်သည် သစ်ရိုက်ဝါးကပ်ကာ ဖြစ်ပြီး မြေအိတ်ဖြည့်သည့် နည်းလမ်းဖြင့် နောင်နင်းရေထွက်မှ ရေကိုလွှဲယူထားသည့် ယာယီရေ လွှဲဆည်ဖြစ်ပါကြောင်း၊ ဒေသမှကိုယ်ထူ ကိုယ်ထထိန်းသိမ်းဆောင်ရွက်နေသည့် ကျေးလက်ဆည် တစ်ခုဖြစ်ပြီး လယ်ယာမြေဧက ၁၀၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ အဆိုပါ ရေလွှဲဆည်၏ အထက်ဘက်နှင့်အောက်ဘက်မှာ ရှိသည့် ရေလျှံထိန်းတာပေါင် အလျား ၁၀၀၀ ပေခန့်သည် နိမ့်ကျနေပြီး ရေပေးမြောင်းပေါင် ကျိုးပေါက်ပျက်စီးနေခြင်းတွေကြောင့် စိုက်ပျိုးရေများ လေလွင့်ဆုံးရှုံးပြီး အခက်အခဲများဖြစ်ပေါ်လျက် ရှိသည့်အတွက် ဒေသခံတောင်သူလယ်သမား များအနေဖြင့် မြေအိတ်၊ သဲအိတ်များနှင့် ပိတ်ဆို့ထားပြီး ကိုယ်ထူကိုယ်ထဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေအခက်အခဲမရှိ ပေးဝေနိုင်ရေးအတွက် ရေထိန်းတာပေါင် အလျားပေ ၁၀၀၀ ကို ပုံစံကျ မြေဖို့ပြုပြင်ခြင်းလုပ်ငန်း၊ ရေပေးတူးမြောင်းပေါင် ပုံစံကျပြုပြင်ခြင်းလုပ်ငန်းနှင့် ရေပေး တူးမြောင်း ထိပ်မှာရှိသည့် ရေထိန်းတံခါးတွင် သစ်သားရေတံခါးရွက်တစ်ခု တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမှာဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ် ၅၈ သိန်း ကုန်ကျမည်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် လိုအပ်သည့်ရန်ပုံငွေကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှာ တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်းနှင့် ဖြည့်စွက်ရန်ပုံ ငွေမရရှိပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မူလရန်ပုံငွေတွင် ထည့်သွင်းတင်ပြလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။