(ဂ)-မုန်းချောင်းရေအား လျှပ်စစ်စက်ရုံမှ ရရှိသော လျှပ်စစ်ဓာတ်အားခတချို့ကိုမုန်းတမံတည်ဆောက် မှုကြောင့် နစ်နာဆုံးရှုံးခဲ့သည့် ဒေသခံကျေးရွာများ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၇.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

kyaw aung lwinမုန်းချောင်းရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် မုန်းတမံကို ၁၉၉၇-၉၈ တွင် စတင်ခဲ့ပြီး ၂၀၀၂-၀၃ တွင် ပြီးစီးခဲ့ပါကြောင်း၊ ကုန်ကျစရိတ် မြန်မာငွေကျပ်သန်း ၁၄၄၀ ၊ အမေရိကန်ဒေါ်လာ ၃၂ သန်းဖြစ်ပါကြောင်း၊ ၂၅ မဂ္ဂါဝပ် ၁၃ လုံးတပ်ဆင်ထားပြီး တစ်နှစ်ကို ကီလိုဝက် သန်း ၃၃၀ ထွက်ရှိသည့်အတွက် ခန့်မှန်းငွေကျပ်သန်း ၅၉၀၀ ကျော်ကို နိုင်ငံတော်အတွက် ရှာပေးနေပြီး တစ်နှစ်ပတ်လုံး လည်ပတ်နိုင်သည့် စက်ရုံမှာ မုန်းရေ အားလျှပ်စစ် စက်ရုံတည်ဆောက်ရန် မုန်းတမံပိတ်မှုကြောင်‌့ ရေဝပ်ဧရိယာ ၁၀၆၇ စတုရန်းမိုင်တွင် ရွာ ၁၃ ရွာ၊  အိမ်ထောင်စု ၆၀၉ အိမ်ထောင်စု၊ လယ် ၇၁၄ ဧက၊ ယာ ၃၂၇၄ ဧကနှင့် စုစုပေါင်း ၃၉၈၈ ဧက နစ်မြှုပ်ခဲ့ပါကြောင်း၊ မိုးတွင်းအခါ ရေဘေးအန္တရာယ်ကိုလည်း ကြောက်လန့်ရသည့်အပြင် ရေကျသွားသည့် အခါ နုန်းထုဖုံးလွှမ်း၍ လူများ၊ နွားများနစ်မြုပ်သည့်အတွက် ရွာလမ်းများ ပျောက်ဆုံးနေပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင် ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင်‌့ စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်ဟုလည်း ပါရှိပါကြောင်း၊ အမျိုးသားစွမ်းအင်မူဝါဒ ကိုးချက်အနက် နံပါတ်(က)တွင် ရှာဖွေတွေ့ရှိသည့် စွမ်းအင်သယံဇာတများ ထွက်ရှိရာဒေသအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး အချိုးကျရပ်တည် ရရှိသုံးစွဲမှု ဖြစ်စေရေး ဆောင်ရွက်ရန်ဟူ၍ ပါရှိပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေအားလျှပ်စစ် စက်ရုံမှရရှိသော လျှပ်စစ်ဓာတ်အားခများထဲမှ တချို့အဝက်ကို မုန်းတမံတည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးဒုက္ခရောက်ခဲ့ကြသည့် ဒေသခံကျေးရွာများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingမုန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး မုန်းချောင်းရေလှောင်တမံကို ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၁၉၉၇-၉၈ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးရေ ရရှိရန်အတွက် အဓိကရည်ရွယ်ပြီး ဆောင်ရွက်ခဲ့သည့် ရေလှောင်တမံစီမံကိန်းဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးရေသည် အဆိုပါဆည်မှ နေ့စဉ်ထုတ်လွှတ်ပေးသည့် ကိစ္စရပ်အပေါ် ၎င်းရေကို အသုံးပြုပြီး လျှပ်စစ်ဓတ်အား ထပ်မံထုတ်လွတ်ခြင်းအားဖြင့် ရေ‌ပေးဝေရေးလုပ်ငန်း အောင်မြင်သကဲ့သို့ လျှပ်စစ်ဓတ်အား ထုတ်လုပ်ရရှိနိုင်ပြီး တိုင်းပြည်အတွက် အကျိုးရှိရန် ရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

ထိုကဲ့သို့ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် ယခုအခါ မုန်းချောင်းရေးအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဟု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါကြောင်း၊ မုန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်ရေလှောင် ပမာဏဟာ ဧကပေ ၆၇၄.၄၀၀ ဖြစ်ပြီး အကျိုးပြုရေလှောင်ပမာဏသည် ဧက ပေပေါင်း ၅၂၀၀၀၀ ကျော်ရှိပါကြောင်း၊ အဆိုပါ ရေလှောင်တမံက ထုတ်လွှတ်ပေးလျက်ရှိသည့် ရေများကို အသုံးပြုပြီး ထိုဒေသရှိ စလင်းမြို့နယ်နှင်‌့ ပွင့်ဖြူမြို့နယ်များတွင် လယ်ယာမြေ အထူးဖွံ့ဖြိုးတိုးတက်နေသည်ကို ပြည်ထောင်စုဝန်ကြီးနှင့်တကွ မိမိတို့ သွားရောက်သည့်အချိန်တွင် ကြားသိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုနောက်ပိုင်း မုန်းချောင်း၏ ရေကိုအောက်မှ ကြီးအုံကြီးဝ ရေလှောင်တမံ ထပ်မံတည်ဆောက်ပြီး ဆောက်လုပ်ခဲ့ပါကြောင်း၊ ကြီးအုံကြီးဝရေလှောင်တမံ မတည်ဆောက်မီကာလအတွင်း စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်များရှိ လယ်ယာမြေများ မုန်းချောင်း ရေလှောင်တမံမှ စိုက်ပျိုးရေးကို ပေးဝေခဲ့ပြီး ယခုအခါ ကြီးအုံကြီးဝရေလှောင်တမံမှ စိုက်ပျိုးရေ ရေကို ပေးဝေရန်ဖြစ်ပြီး ဒေသတွင်ရှိသည့် စိုက်ပျိုးမြေဧကပေါင်း ၈၂၀၀၀ အတွက် စိုက်ပျိုးရေရရှိ‌အောင် အကျိုးပြုပေးလျက်ရှိခြင်း ဖြစ်ပါကြောင်း၊

ယခုအခါ မုန်းချောင်းရေအားလျှပ်စစ် ဓတ်အားပေးစက်ရုံမှ နိုင်ငံတော်ပိုင်စက်ရုံဖြစ်ပြီး စက်ရုံက ထုတ်လုပ်ရရှိသော လျှပ်စစ်များကို ဖြန့်ဖြူးရောင်းချသည့် ဓတ်အားခဝင်ငွေများမှာ နိုင်ငံတော်၏ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းအရ နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အဖြစ်လည်းကောင်း၊ ဝင်ငွေခွန်အဖြစ်လည်းကောင်း၊  အခွန်အခများပေးသွင်းပြီး ကျန်ရှိသည့် ဓာတ်အားခ ဝင်ငွေများ အားလုံးကိုလည်း နိုင်ငံတော်၏ ရငွေအဖြစ် ထည့်သွင်းပေးလိုက်ရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက မုန်းချောင်းရေအားလျှပ်စစ် စက်ရုံက ထုတ်လုပ်ရောင်းချရသည့် ဓတ်အားခဝင်ငွေများကို ပေးအပ်ရခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုဝင်ငွေများကို အခြားလုပ်ငန်းရပ်များအဖြစ် ထုတ်ယူသုံးစွဲရန် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများအရ ကိုက်ညီမှုမရှိခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသကဲ့သို့ ဓာတ်အားခရောင်းရဝင်ငွေများ၏ အချို့အဝက်ကို အသုံးပြုပြီး မုန်းတမံတည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးခဲ့သည့် ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်ဆိုသည့် ကိစ္စအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းအရ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် ကိုက်ညီမှုမရှိပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု၏ရန်ပုံငွေကို တောင်းခံ၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ရန်ပုံငွေများကို ပေါင်းစပ်ညှိနှိုင်း၍လည်းကောင်း၊ နိုင်ငံတကာချေးငွေများကို အသုံးပြု၍လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓတ်အားရရှိရေးကို ဆောင်ရွက်ပေးသည့်အခါ စေတုတ္တရာမြို့နယ်အတွင်းရှိ ကျောက်ပုံ၊ ညောင်ကုန်း၊ ခဲချစ်ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ၏ ၁၁ KV လိုင်း ၆.၅ မိုင်နှင့် ၁၁.၀၄  ၂၀၀ KV ထရန်စဖော်မာနှစ်လုံး၊ ၁၆၀ KVA ထရန်စဖော်မာ တစ်လုံးတို့ကိုလည်း ဒေသဖွံ့ဖြိုးရေးများအတွက်ကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နောင်ရှေ့နှစ်များမှာလည်း ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေများအဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စေတုတ္တရာမြို့နယ်အတွက် ၎င်းမုန်းတမံကြောင့်ဖြစ်စေ၊ ကြီးအုံကြီးဝတမံကြောင့်ဖြစ်စေ၊ လယ်တစ်ဧတွင် စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ဧက ၇၀၀၀၊ ၈၀၀၀ နစ်မြှုပ်ဆုံးရှုံး ဒုက္ခရောက်ခဲ့ကြသည်မှာ ယခုအချိန်အထိဖြစ်နေသည်ကို ဆက်စပ်မေးခွန်းအဖြစ် တင်ပြလိုပါကြောင်း၊ စေတုတ္တရာမြို့နယ်တွင် ဝန်ကြီးမိန့်ကြားသွားသကဲ့သို့ မုန်းရေအား လျှပ်စစ်စက်ရုံနှင့် ကြီးအုံကြီးဝရေအားလျှပ်စစ် စက်ရုံများရှိသော်လည်း စေတုတ္တရာမြို့နယ်၏ ရွာပေါင်း ၁၁၅ ရွာတွင် သုံးရွာခန့်သာ လျှပ်စစ်မီးလင်းနိုင်ပြီး တစ်ရွာမှာ ကိုယ့်အားကိုယ်ကိုးဖြင့် မိလင်းသည်ကိုတွေ့ရှိရပြီး ကျန်သည့်ရွာပေါင်း ၁၁၂ ရွာသည် လျှပ်စစ်မီးလင်းခြင်း မရှိသေးပါကြောင်း၊ မုန်းချောင်းရေအားလျှပ်စစ်စက်ရုံ၏ ဝန်ထမ်းအိမ်ရာကို ခြင်မကိုင်းကျေးရွာ၏ လယ်ယာမြေပေါ်တွင် တည်ဆောက်ထားသော်လည်း ခြင်မကိုင်းကျေးရွာတွင် ယခုအချိန် အထိ မီးမလင်းသေးပါကြောင်း၊ သို့သော်လည်း ၎င်းဝန်ထမ်းအိမ်ရာ၌ မီးထိန်ထိန်လင်းနေသည်ကိုလည်း တွေ့ရှိရသည့်အတွက် မိမိအနေဖြင့် တစ်ဆက်တည်းမေးခွန်းမေးမြန်းသည်မှာ လျှပ်စစ်ဓတ်အားလိုင်းနှင့် တစ်မိုင်အတွင်းရှိ ခြေမကိုင်း-အလယ်ပုံ-ခိုဝင်-မထိန်း-ညောင်အိုင်-အလယ်ပုံစသည့် ကျေးရွာခြောက်ရွာသည် နှစ်မိုင်အတွင်းရှိပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် နှစ်မိုင်အတွင်းရှိ ကျေးရွာများကို လျှပ်စစ်မီးသွယ်တန်‌းပေးရန်ကို သိရှိခဲ့ရပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ ၎င်းကျေးရွာများကို လျှပ်စစ်မီးလင်းရေး အစီအစဉ်ဆောင်ရွက်နေခြင်း မတွေ့ရသည့်အတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်နှင်‌့စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

အဆိုပါဆည်များမှ စု‌ဆောင်းထားသည့် ရေများကို စိုက်ပျိုးရေးရေပေးဝေလိုရေးအဖြစ် တည်ဆောက်ထားသည့် ဆည်၏မြစ် သို့မဟုတ် ချောင်း၏ အောက်ဘက်ပိုင်းကို စိုက်ပျိုးရေးရေ ပေးဝေရသည့်အတွက်ကြောင့် ဆည်၏ အထက်တွင်တည်ရှိနေသည့် ဒေသများကို ရေများပြန်ပေး၍မရသည့်အတွက်ကြောင့် စေတုတ္တရာထဲက လယ်များအတွက် ရေမရောက်ခြင်း ဖြစ်ပါကြောင်း၊ ဆည်၏အောက်ဘက်တွင် ရှိနေသည့် စိုက်ဧကပေါင်း မြောက်များစွာအတွက် အထူးအကျိုးဖြစ်ထွန်းနေသည်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးလည်း သိရှိမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသွားသော ရွာပေါင်း ၁၁၅ ရွာအနက် ၃ ရွာက လျှပ်စစ်ဓာတ်အားရရှိနေပြီး ၁၁၂ ရွာ ကျန်ရှိနေသည်ကိုလည်း သိရှိထားပါကြောင်း၊        

၂၀၁၆-၁၇ ခုနှစ်အတွင်း ဓာတ်အားစနစ်မှ ၂ မိုင်အတွင်းရှိ ကျေးရွာများကို လျှပ်စစ်ဓတ်အားရရှိအောင် ဆောင်ရွက်ပေးမမည်ဆိုသည့် အစီအစဉ်မှာ မှန်ကန်ပါကြောင်း၊ မိမိတို့ ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ကိုအသုံးပြုပြီး ပထမ Page  ၂ မိုင်အကွာအတွင်းတွင် ရွာများမီးလင်းရေး၊ ဒုတိယ Page ၅ မိုင်ကွာအတွင်းတွင် ရွာများမီးလင်းရေးနှင့် တတိယ Page ၅ မိုင်အထက်ရွာများ မီးလင်း ရေးအတွက်ကို ဆောင်ရွက်သွားရန် စီမံကိန်းများချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ၂ မိုင်အတွင်းရှိ ကျေးရွာများ မီးလင်းရေးအတွက်ကို လိုအပ်သည့် ထရန်စဖော်မာများ ဝယ်ယူခြင်း၊ ကွန်ကရစ်တိုင်များ ဝယ်ယူခြင်း၊ ဓာတ်ကြိုးနှင့်လိုအပ်သော ပစ္စည်းများဝယ်ယူခြင်းကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီအောင် တင်ဒါခေါ်ယူဆောင်ရွက် လျက်ရှိပြီး အဆိုပါ ပစ္စည်းများ ဝယ်ယူပြီးစီးရရှိပါက ၂ မိုင်အတွင်း ကျေးရွာများမီးလင်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန