မေးခွန်း အကြောင်းအရာ
ရန်ကုန်တိုင်းဒေသကြီးအတွက် နွေရာသီလျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျပ် ၃၀ ဘီလီယံ သုံးစွဲရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ၁၃-၃-၂၀၁၇ ရက်နေ့တွင် လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ၁၆-၃-၂၀၁၇ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ၁၇-၃-၂၀၁၇ ရက်နေ့တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ဆုံးဖြတ်မှုကို ရယူရာတွင် ထောက်ခံမဲ ၅၄၃ မဲ၊ ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေမဲ ၃ မဲဖြင့် ဘီလီယံ ၃၀ ခွင့်ပြုပြီး ပြီးခဲ့သည့်နှစ် နွေရာသီတွင် ရန်ကုန်တိုင်းဒေ သကြီးအတွက် လိုအပ်သော လျှပ်စစ် ဓာတ်အားထုတ်စက်ကိုဝယ်ရန်အတွက် ခွင့်ပြုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအဖွဲ့က အဆိုပါဓာတ်အားထုတ်စက်ကို အစိုးရအချင်းချင်းအစီအစဉ်ဖြင့် ဝယ်ယူသွားမည်ဟု ဖော်ပြခဲ့ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အစိုးရ အချင်းချင်းဝယ်ယူပါက ၄၅ ရက်ဖြင့် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ကြားခံအဖွဲ့ အစည်းအဖြစ် ရန်ကုန်တိုင်းဒေသကြီးက အစုရှယ်ယာအများဆုံးဖွဲ့စည်းထားသော Yangon Fund Co.,Ltd က ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊ အဆိုပါတင်ပြချက်ထဲတွင် ပြည်ထောင်စုလွှတ်တော်က သဘောတူခွင့်ပြုပါက စာချုပ်ပြင်ဆင်သည့်ကာလကို ခုနစ်ရက်ကြာမြင့်မည်ဟု တင်ပြခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက်တောင်းယူရာတွင် ပုံမှန် တစ်လခွဲခန့်ကြာမြင့်နိုင်သော်လည်း အစိုးရအချင်းချင်းဝယ်ယူမည့်ကိစ္စဖြစ်သောကြောင့် သဘောထားမှတ်ချက် ကာလတိုတောင်းနိုင်မည်ဖြစ်ပြီး စာချုပ်ပြီးပါက သင်္ဘောတင်ကာလကို ၃၀ ရက်နေ့၊ ပစ္စည်းရောက်ရှိသည့်ကာလကို ၁၅ ရက်နေ့၊ စာချုပ်ချုပ်ဆိုပြီး ၄၅ ရက် အတွင်း ဓာတ်အားထုတ်ယူရန် ဘီလီယံ ၃၀ ကို ထုတ်ယူခဲ့သော်လည်း ပြီးခဲ့သည့်နှစ် နွေရာသီတွင် အဆိုပါစက်ကို ၄၅ ရက်အတွင်း တပ်ဆင်ပြီးစီးခြင်း မတွေ့ရှိရပါကြောင်း၊ ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံထုတ်ယူ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလ၌ လျှပ်စစ်မီးအသုံးပြုနိုင်ရန်အတွက် သဘောဝ ဓာတ်ငွေ့နှင့် ဒီဇယ်လောင်စာနှစ်မျိုးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ဝယ်ယူရန် ပြည်ထောင်စုလွှတ်တော်၏ခွင့်ပြုချက်ရယူပြီး ၄၅ ရက်အတွင်း ဓာတ်အား ထုတ်လုပ်နိုင်မည်ဟု ဖော်ပြခဲ့သော်လည်း မေလကုန်အထိ တပ်ဆင်ပြီးစီးခြင်းမရှိသည့်အတွက် ၄၅ ရက်အတွင်း လုပ်ငန်းအဆင့်ဆင့်ကို မည်ကဲ့သို့လုပ်ဆောင်သည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့်အတွက်ကြောင့် သတ်မှတ်ကာလ ၄၅ ရက်အတွင်း မထုတ်လုပ်နိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စု၏သီးသန့်ရန်ပုံငွေ ကျပ်ဘီလီယံ ၃၀ ကိုအသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလ၌ လျှပ်စစ်ဓာတ်အားအပြည့်အဝ ဖြည့်တင်းပေးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့နှင့်ဒီဇယ်၊ လောင်စာနှစ်မျိုး သုံးနိုင်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်အား ဝယ်ယူနိုင်ရန်ကိစ္စနှင့်ပတ်သက်ပြီး ယခင်ပြည်ထောင်စု လွှတ်တော်တွင် တင်ပြပြီး သီးသန့်ရန်ပုံငွေအသုံးပြုခွင့်အား တင်ပြတောင်းခံခဲ့ပါကြောင်း၊ အဆိုပါ ကိစ္စရပ် တင်ပြစဉ်က စာချုပ်ချုပ်ဆိုပြီးသည့်နေ့မှစ၍ သင်္ဘောတင်ကာလ ရက် ၃၀ ခန့်နှင့် ပစ္စည်းများရောက်ရှိပြီးနောက် ရွေးယူတပ်ဆင်ခြင်းလုပ်ငန်းအား ၁၅ ရက်ခန့် ဆောင်ရွက်မည်ဖြစ်သည့်အတွက်ကြောင့် စာချုပ်ချုပ်ဆိုပြီး သည့်နောက် ၄၅ ရက်တွင် စတင်ဓာတ်အားထုတ်လုပ်ပေးနိုင်မည်ဟု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်စား ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပါကိစ္စရပ်ကို ဆောင်ရွက်ရာတွင် ပစ္စည်းဝယ်ယူသည့် အချိန်ကာလ လျှော့ချနိုင်ရန်အတွက် အမေရိကန်နိုင်ငံနှင့် Government to Government စနစ်ဖြင့် ဝယ်ယူရန် ညှိနှိုင်းခဲ့ ပါကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ Competition Law အရ Government to Government ဝယ်ယူရန်မဖြစ်နိုင်သည့်အတွက် ၇-၄-၂၀၁၇ ရက်နေ့တွင် Limited Tender ခေါ်ယူခဲ့ပြီး ၂၅-၅-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ Yangon Fund ကုမ္ပဏီနှင့် Consortium (GE + GGE) ကုမ္ပဏီတို့က 25 MW Trailer Mounted Type Dual Fuel Turbine စက်ဝယ်ယူရေးစာချုပ်ကို ချုပ်ဆိုခဲ့ပါကြောင်း၊ ၆-၆-၂၀၁၇ ရက်နေ့တွင် ရန်ကုန်သို့ အဆိုပါဓာတ်အားပေးစက်ကို သယ်ဆောင်လာသောသင်္ဘောရောက်ရှိခဲ့ပြီး မူလလျာထား ရက် ရက် ၃၀ ဖြစ်သော်လည်း စာချုပ်ချုပ်ဆိုပြီးနောက် စက်ရောက်ရှိကာလသည် ၁၂ ရက်သာ ကြာမြင့်ခဲ့ပါကြောင်း၊ ပစ္စည်းများရောက်ရှိခဲ့သည့် ၆-၆-၂၀၁၇ ရက်နေ့မှ ၁၃-၆-၂၀၁၇ ရက်နေ့အတွင်း အလုံဆိပ်ကမ်းမှ စက်တပ်ဆင်မည့် သာကေတဓာတ်အားပေးစက်ရုံသို့ စက်ပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့သည့်အတွက် မူလလျာထားရက် ၁၅ ရက်ဖြစ်သော်လည်း ရက်သတ္တပတ် တစ်ပတ်အတွင်း စက်သယ်ယူမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်များကို နေရာချထား၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများဆောင်ရွက်ပြီး စက်တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၃-၆-၂၀၁၇ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါစက်အား Full Load Test Run ဆောင်ရွက်ခြင်းကို မူလသတ်မှတ်ထားသော ၄၅ ရက်ပြည့်မြောက်သည့် ၈-၇-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ရန် လျာထားခဲ့သော်လည်း စက်ကိုထိန်းချုပ်သော Control System ရှိ Backplane Control Card နှင့် Liquid Fuel System ၏ Liquid Fuel Control Valve တို့သည် ပုံမှန်အလုပ်မလုပ်ခဲ့သည့်အတွက် အသစ်ထပ်မံမှာယူတပ်ဆင်ခဲ့ရာ သတ်မှတ်သည့်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမရှိခဲ့ပါကြောင်း၊ ၂၅-၇-၂၀၁၇ ရက်နေ့တွင် လျှပ်စစ် ဓာတ်အား ၂၆ မဂ္ဂါဝပ်စမ်းသပ်ထုတ်လုပ်ခဲ့ပြီး Full Load Test ကို အောင်မြင်စွာစမ်းသပ်မောင်းနှင်နိုင် ခဲ့ပြီဖြစ်သည့်အတွက်ကြောင့် စွမ်းအားပြည့်ဆက်လက်မောင်းနှင်နိုင်ရေးအတွက် စမ်းသပ်လည်ပတ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် အများဆုံးဖြစ်သော နွေရာသီကာလတွင် စက်များ အသင့်ဖြစ်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဦးနေမျိုးထက် (ကျောက်တံတားမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အဆိုပါစွမ်းအားပြည့်စက်သည် သဘာဝဓာတ်ငွေ့ဖြင့်အသုံးပြုပါက တစ်နာရီလျှင် ၁၄၄၅ MW/hr လိုအပ်မည်ဖြစ်ပြီး ဒီဇယ်အသုံးပြုပါက ၇၇၈၈ လီတာ လိုအပ်ပါကြောင်း၊ တစ်နေ့လျှင် ငါးနာရီမောင်းနှင်ပါက ဒီဇယ်ဂါလန် တစ်သောင်းကုန်ပါကြောင်း၊ ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းက ဒီဇယ်ဂါလန် ၁၀ သိန်းခန့်ရှိပြီး နွေရာသီ သုံးလအတွက် အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ယခုဝယ်ယူသည့် စက်က ဆီအလွန်စားပါကြောင်း၊ အခြား နိုင်ငံများတွင် Emergency အနေဖြင့် သုံးသည့်စက် ဖြစ်ပါကြောင်း၊ တစ်ယူနစ်လျှင် ၂၀၀ ခန့်ကျသင့်ပါကြောင်း အဆိုပါစက်က ယခုအချိန်တွင် Run နေခြင်း သို့မဟုတ် ရပ်နားထားခြင်း ရှိ/ မရှိ သိရှိလိုပါကြောင်း၊ ရပ်နားထားပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အပိုင်းဖြစ်သည့်အတွက် ရေရှည်စက်မောင်းနှင်ထိန်းသိမ်းရန် နွေရာသီ ရောက်သော် အဆိုပါစက်က Run ၍မရပါက စက်ဝယ်ယူထားသည်မှာ အလကားဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နွေရာသီရောက်သည့်အခါ ၎င်းစက်ကို မည်ကဲ့သို့ကိုင်တွယ်အသုံးပြုမည်နည်း၊ Maintain Test ကို မည်ကဲ့သို့ ထိန်းသိမ်းမည်နည်း၊ လောင်စာဆီကိုလည်း မည်သို့သောအစီအမံများနှင့် ဖြည့်တင်းဆောင်ရွက်ထားသည်နှင့် နောက်နှစ်နွေရာသီအတွက် ၎င်းစက်ကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
အဆိုပါဓာတ်အားပေးစက်ကို ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက် ထဲကိုချထားပေးပြီး ဝယ်ယူခဲ့သည့်အတွက် အဆိုပါဓာတ်အားပေးစက်၏ ပုံသေပိုင်ပစ္စည်းပိုင်ဆိုင်မှုသည် ရန်ကုန်တိုင်းဒေသကြီးက အစိုးရပိုင်ဆိုင်ပါကြောင်း၊ အဆိုပါကဲ့သို့သော ဓာတ်အားပေးစက်ရုံကြီးကို ထိန်းသိမ်း ကိုင်တွယ်မောင်းနှင်ရန်နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အလို့ငှာ နည်းပညာကျွမ်းကျင် ပိုင်နိုင်သော အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများက ပြည်ထောင်စုဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင်သာ ရှိသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနက အဆိုပါစက်ကြီးကို ပြုပြင်မောင်းနှင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားပေးစက်ရုံအား ရေရှည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်သောစက်ဆီ၊ ချောဆီနှင့် အစားထိုးစက် ပစ္စည်းများလဲလှယ်တပ်ဆင်ပြုပြင်ရန်အတွက် လိုအပ်သောဘတ်ဂျက်ရန်ပုံငွေကို ရန်ကုန်တိုင်းဒေသကြီးက နှစ်စဉ် လျာထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားပေးစက်ရုံအား လက်ရှိအခြေအနေတွင် နိုင်ငံ၏ ရာသီဥတုအခြေအနေအရ မိုးရာသီကိုရောက်ရှိလာသည့်အတွက် ရေများဝင်ရောက်မှုများပြားပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများက ထုတ်လုပ်သောဓာတ်အားသည် နိုင်ငံ၏လက်ရှိ တစ်နေ့တာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖူလုံအောင်ထုတ်လုပ်ပေးနိုင်သည့်အတွက် အခြားသော ကုန်ကျစရိတ်များသော ဓာတ်အားပေး စက်ရုံအချို့ကိုပင် ရပ်တန့်ပြီး ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နေသည့်အတွက် ယခုထုတ်လုပ်မှုကုန်ကျစရိတ် အလွန်များပြားမည့် ဒီဇယ်ဓာတ်အားပေးစက်ရုံကြီးကို လက်ရှိအချိန်တွင် မောင်းနှင်ဓာတ်အားထုတ်လုပ်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ သို့ရာတွင် နွေရာသီကာလရောက်ရှိသည့်အခါ တိုင်းပြည်၏လျှပ်စစ်ဓာတ်အား လိုအပ်ချက် အထူးမြင့်မားမည်ဖြစ်သည့်အတွက် အဆိုပါအချိန်ကာလရောက်ရှိပါက ဓာတ်အား အများဆုံးအသုံးပြု သည့် နာရီပိုင်းတွင် ဒီဇယ်ကိုအသုံးပြုပြီး မောင်းနှင်သွား ရန်စီစဉ်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် ဒီဇယ်ဆီဂါလန် ၁၀ သိန်းကိုလတ်တလော စုဆောင်းထားရှိသည့်အတွက် နွေရာသီတွင် အဆိုပါဆီများကို အသုံးပြု၍ နေ့စဉ် နာရီပိုင်းလိုအပ်ချက်အတွက်သာ ဖြည့်ဆည်း မောင်းနှင် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
