မေးခွန်း အကြောင်းအရာ
ဆော့လော်မြို့နယ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် တွင်ပါဝင်ပြီး တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ ဆော့လော်မြို့နယ်သည် မြို့နယ်အဆင့်သတ်မှတ် ခံခဲ့ရသည်မှာ နှစ်ပေါင်း ၄၅ နှစ်ကျော်ခန့် ရှိပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်း၊ အခြားမြို့နယ်များသို့ ဆက်သွယ် သွားလာနိုင်သော လမ်းမရှိခြင်း၊ ဆက်သွယ်ရေး ဖုန်းလိုင်းစနစ် မကောင်းမွန်ခြင်းတို့ကြောင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်မှုတွင် အလွန်နောက်ကျလျက် ရှိနေပါကြောင်း၊
ဆော့လော်မြို့နယ်တွင် မြို့ပေါ်မြို့မရပ်ကွက်တစ်ခု နှင့် ကျေးရွာအုပ်စုပေါင်း ၂၁ အုပ်စုရှိပါကြောင်း၊ ဆော့လော်မြို့ပေါ် မြို့မရပ်ကွက်သည် ဆော့လော်မြို့ပေါ်တစ်ခုလုံး၏ အစိုးရဌာနဆိုင်ရာ ရုံးစိုက်ရာဒေသလည်း ဖြစ်ပါကြောင်း၊ အဆိုပါ မြို့မရပ်ကွက်တွင် ဌာနဆိုင်ရာမြို့နယ်ရုံး ၁၉ ရုံး၊ အ.ထ.ကကျောင်း တစ်ကျောင်း၊ ဆော့်လော်မြို့နယ် ပြည်သူ့ဆေးရုံ တစ်ခု၊ ဆော့လော်မြို့နယ် မြို့မရဲစခန်းတစ်ခု၊ ဘုရားကျောင်းသုံးကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း တစ်ကျောင်းတည်ရှိနေပြီး မြို့မရပ်ကွက်အတွင်းရှိ မြို့တွင်းလမ်းမှတစ်ဆင့် ဆက်သွယ် သွားလာ နေကြပါကြောင်း၊
ဆော့လော်မြို့အဝင်လမ်းသည် မြေသားလမ်းဖြစ်ပြီး လမ်းကျဉ်းသည့်အတွက် ကားနှစ်စီးရှောင်မောင်း၍ မရပါကြောင်း၊ မိုးရွာသည့်အချိန်တွင် ကျောင်းသူကျောင်းသားများ၊ ပြည်သူများ ခက်ခက်ခဲခဲသွားလာ နေကြရပါကြောင်း၊
ယခုမေးခွန်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း မေးမြန်းခဲ့ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မဆောင်ရွက်ပေးနိုင်ကြောင်း၊ ပြည်နယ်ရန်ပုံငွေ သို့မဟုတ် ပြည်ထောင်စုရန်ပုံငွေ ခွဲဝေချထားပေးပါက လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းကို ဖြေကြားထားပါကြောင်း၊ သို့သော် ဆော့လော်မြို့တွင်းလမ်းကို မည်သည့်အချိန်၊ မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဟု တိကျသော၊ အာမခံချက်ပေးသော ဖြေကြားချက် မဟုတ်သည့်အတွက် မိမိအနေဖြင့် ယခု မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
ဆော့လော်မြို့နယ်သည် မိုးများသော တောင်ပေါ်ဒေသဖြစ်သည်နှင့်အတူ မိမိအနေဖြင့် ဆော့လော်မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံရန်သွားသည့် အခါတိုင်းနီးပါး မိုးရွာပြီး ဆော့လော်မြို့ပေါ် မြို့မရပ်ကွက်လမ်းသည် မြေသား လမ်းကျဉ်း ကလေးသာဖြစ်သည့်အတွက် ကားဘီးချော်ပြီး မြို့ပေါ်တက်၍ မရဖြစ်နေပါကြောင်း၊ ထိုနည်းတူ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ အများပြည်သူများလည်း ခက်ခက်ခဲခဲ သွားလာ နေကြရပါကြောင်း၊ အကယ်၍ မြို့မရပ်ကွက်မြို့တွင်းလမ်းကို ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးပါက ဆော့လော်မြို့ပေါ် မြို့မရပ်ကွက်သည် သန့်ရှင်း သာယာလှပသွားမည် ဖြစ်သကဲ့သို့ အစိုးရဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ အများပြည်သူများအတွက်လည်း များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ မြို့တွင်းလမ်းအရှည် ၅၂၈၀ ပေ၊ အကျယ် ၁၄ ပေအား ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ချော လမ်းအဆင့်အား ပြည်ထောင်စုအစိုးရ ဘဏ္ဍာရန်ပုံငွေအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်၊ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက အဘယ့်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆော့လော်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ မြို့တွင်းလမ်း ၅၂၈၀ ပေ x ၁၄ ပေရှိ လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း မြို့မရပ်ကွက် ဒင်တန်ရွာသွားလမ်း မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ပေ ၁၅၈၄၀ x ၁၀ ပေ x ၆ လက်မအား ရန်ပုံငွေကျပ် ၁၅.၇၈၆ သန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြို့တွင်းလမ်း ပေ ၅၂၈၀ x ၁၄ ပေ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ၁၁၅.၈၂၅ သန်း ဖြစ်ပါကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားရေးဆွဲပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
