မေးခွန်း အကြောင်းအရာ
ဟုမ္မလင်းမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်အထက်ပိုင်းတွင် တည်ရှိပါကြောင်း၊ ဧရိယာအားဖြင့် ၄၃၂၆.၄၄၈ စတုရန်မိုင်ရှိပြီး အလွန်ကျယ်ဝန်းသော မြို့နယ်ဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့နယ် အတွင်း ချင်းတွင်းမြစ်၏ရေဆင်းသည် ၁၂၉ မိုင်ကျော်ခန့်ရှိပါကြောင်း၊ ချင်းတွင်းမြစ်အရှေ့ဘက်ပိုင်းတွင် မုံရွာ-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီ ဗျူဟာလမ်းမကြီးသည် ချင်းတွင်းမြစ်နှင့်အပြိုင် ဖောက်လုပ်လာသည့်အတွက် ယင်းလမ်းမကြီးကိုမှီးပြီး မြစ်အရှေ့ဘက်ရှိ ရွာအများစုသည် လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာ ပါကြောင်း၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ ဝန်ထမ်းများ ဟုမ္မလင်းမြို့သို့ ဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ လစာထုတ်ရန် လာရောက်ပါက ကျွန်းကုန်း-သောင်းသွဒ်စသည့်ရွာများဘက်က လာကြသောသူများသည် အသွားတစ်ရက်၊ အပြန်တစ်ရက် အနည်းဆုံးသုံးရက်အချိန်ယူကြရပါကြောင်း၊ အရှေ့ဘက်ကမ်းရှိ ရွာအချို့က ရာသီဥတုကောင်းလျှင် နေ့ချင်းပြန်၍ ရပါကြောင်း၊ ယခုဆိုလျှင် ဟုမ္မလင်း-ကက်သာချင်းတွင်းတံတားကြီးလည်း တည်ဆောက်နေပြီဖြစ်ပြီး အနောက်ဘက်ကမ်းရှိကျေးရွာများအနေဖြင့် ရွာချင်းဆက်ကုန်းလမ်းများ ကောင်းမွန်နေသင့်ပြီ ဖြစ်ပါကြောင်း၊ သို့မှသာတံတားကြီးပြီးပါက ဟုမ္မလင်းမြို့သို့ လမ်းပန်းဆက်သွယ်သွားလာနိုင်ကြမည် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အရှေ့ဘက်ကမ်းရှိရွာများ၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေသည် အနောက်ဘက်ကမ်းရှိ ရွာများ၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေနှင့် တန်းတူညီမျှခြင်းမရှိသကဲ့သို့ ဖြစ်နေပါကြောင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိရွာများသို့ ရောက်ရှိသည့်အခါတိုင်း ရွာချင်းဆက်လမ်းများ ဟုမ္မလင်းသို့ သွားလာသော ကုန်းလမ်းများ ဖောက်လုပ်ပေးရန် ဆွေးနွေးမေးမြန်း တောင်းဆိုကြပါကြောင်း၊ လူမှုဘဝတိုးတက်ရေး ကဏ္ဍတွင်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် အဓိကနေရာက ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ပြည်သူများ လူနေမှုဘဝတိုးတက်ရေးကို ဦးတည်၍ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကက်သာစံပြကျေးရွာမှ တုံးဟဲ၊ သောင်းသွဒ်၊ ကျွန်းကုန်းကျေးရွာများမှတစ်ဆင့် ဖောင်းပြင်မြို့နယ် မင်းယားကျေးရွာအထိ ကျေးရွာချင်းဆက်၊ မြို့နယ်ချင်းဆက်လမ်းများကို မြေသားလမ်းအဆင့် ကနဦးဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကက်သာ-တုံဟဲ-သောင်းသွဒ်-အင်းကြင်းမော်-ကျွန်းကုန်းနှင့် ဖောင်းပြင်မြို့နယ်၊ မင်းယားကျေးရွာချင်းဆက်လမ်းသည် အရှည် ၆၇ မိုင် ၄ ဖာလုံရှိပါကြောင်း၊ ဟုမ္မလင်းမြို့နယ်အပိုင်း ကက်သာမှ ကျွန်းကုန်းအထိ ၆၄ မိုင် ၄ ဖာလုံ၊ ဖောင်းပြင်မြို့နယ်အပိုင်း ကျွန်းကုန်းမှ မင်းယားအထိ ၃ မိုင်ရှိပါကြောင်း၊ အဆိုပါလမ်း၏ ကက်သာ-တုံဟဲလမ်းပိုင်း မိုင် ၃၀ သည် တောင်ကုန်းတောင်တန်းများနှင့် ချောင်းကျယ်များ ဖြတ်သန်းဖောက်လုပ်ရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်များ များပြားနေပါကြောင်း၊ တုံဟဲ-သောင်သွဒ်လမ်းပိုင်း မိုင် ၂၀ သည် ပေ ၂၅၀ အကျယ်ရှိ ချောင်းသုံးချောင်း ဖြတ်သန်းဖောက်လုပ်ရမည်ဖြစ်ပြီး တုံဟဲကျေးရွာအထွက် လယ်ပိုင်ရှင်သုံးဦးပိုင်သော လယ်မြေများကို လမ်းမြေ အဖြစ် လှူဒါန်းရန်ညှိနှိုင်းမှုတွင် ဆန္ဒမရှိကြသည့်အတွက် လမ်းဖောက်လုပ်ရန် အခက်အခဲများရှိပါကြောင်း၊ သောင်သွဒ်-အင်ကြင်းမော်လမ်းပိုင်း ၇ မိုင် ၄ ဖာလုံတွင် တောင်ကမ်းပါးယံံကို ဖြတ်သန်းဖောက်လုပ် ထားခြင်းကြောင့် နွေရာသီတွင်သွားလာနိုင်ပြီး မိုးရာသီတွင်လမ်းပေါ်သို့ တောင်ပြိုခြင်း၊ သစ်ပင်ကြီး/ငယ်များ လဲပြိုခြင်းတို့ကြောင့် ရာသီမရွေးသွားလာနိုင်ရန် လမ်းဖောက်လုပ်မည်ဆိုပါက အခက်အခဲများ တွေ့ကြုံရမည် ဖြစ်ပါကြောင်း၊ အင်ကြင်းမော်-ကျွန်းကုန်းလမ်းပိုင်း မြေသားလမ်း ၇ မိုင်နှင့် ကျွန်းကုန်း-မင်းယားလမ်းပိုင်း ကျောက်ရောမြေ သုံးမိုင်တို့သည် ရာသီမရွေးသွားလာနိုင်သော လမ်းများဖြစ်ပါကြောင်း၊ အဆိုပါကက်သာမှ အင်ကြင်းမော်လမ်းပိုင်းကို ဖောက်လုပ်ရန်အတွက် လိုအပ်သော ကုန်ကျငွေကို အသေးစိတ်တိုင်းတာမှုများ ဆောင်ရွက်ပြီးမှသာ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊
လက်ရှိတွင် ဟုမ္မလင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၃ သန်းဖြင့် ကွန်ကရစ်လမ်း ၆ ဖာလုံကို လျာထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအတွက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်သည့်နေရာတွင် ဒေသန္တရလမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီက အတည်ပြုသတ်မှတ်ထားသော စံချိန်စံညွှန်းများအတိုင်း လျာထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကက်သာ-တုံဟဲ-သောင်သွဒ်-အင်ကြင်းမော်-ကျွန်းကုန်း-မင်းယား ကျေးရွာချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသည့်အတွက် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း ပြည်နယ်/ တိုင်းဒေသကြီးများ၏ ဦးစားပေး လျာထားတင်ပြမှု အပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
