(ဂ)-သမဝါယမအသင်းပိုင် အဆောက်အဦများ၊မြေ နေရာများကို မည်ကဲ့သို့စီမံခန့်ခွဲပြီးအသင်းသားများ နှင့် နိုင်ငံတော်က မည်သည့်အကျိုးအမြတ်များ ရရှိ နေကြောင်း သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၅.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr khin soe soe kyiမိမိတို့နိုင်ငံရှိ မြို့နယ်ပေါင်းအကုန်လုံးနီးပါးတွင် သမဝါယမအသင်းပိုင် မြေနေရာများ ၊ အဆောက်အဦ များစွာရှိနေပါကြောင်း၊ ၎င်းအဆောက်အဦများသည် တော်လှန်ရေးကောင်စီခေတ်တွင် ပြည်သူပိုင်သိမ်းပြီး ပြန်လည်လွှဲအပ်ပေးခဲ့သည့် နေရာများရှိသလို အသင်းပိုင်သည့် နေရာတွေ လည်းရှိပါကြောင်း၊ အသင်းမှ ငှားရမ်းပြီး ဆောင်ရွက်နေသည့် နေရာများလည်းရှိပါကြောင်း၊ ၎င်းသမဝါယမအသင်းဆိုသည့် နေရာတွင် စားသုံးသူသမဝါယမအသင်းများကို အဓိက ဆိုလိုခြင်းဖြစ်ပါကြောင်း၊ သမဝါယမအသင်းများကို မည်သည့်ဥပဒေများနှင့် စီမံခန့်ခွဲကြောင်းကို  လေ့လာကြည်‌့သည့် အခါတွင် ယနေ့တည်ဆဲ သမဥပဒေကို၂၂.၁၂. ၁၉၉၂ ရက်နေ့တွင်  ပြဋ္ဌာန်းခဲ့တာကို တွေ့ရှိရပါကြောင်း၊ ၎င်းဥပဒေကို ပြဋ္ဌာန်းလိုက်သည့် အတွက် ၁၉၇၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သမဝါယမအသင်းဥပဒေများ၊ နည်းဥပများကို ရုပ်သိမ်းခဲ့ သည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ၁၉၉၈ ခုနှစ် သမဝါယမအသင်းနည်းဥပဒေကို နည်းဥပဒေအသစ်ခုကို ၃၀.၉.၂၀၁၃ ရက်နေ့တွင် ယခင်သမဝါယမဝန်ကြီးဌာနမှ အမိန့်ကြော်စာအမှတ် ၅၂/၂၀၁၃ ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီး ရုပ်သိမ်းခဲ့တာကို တွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းဥပဒေများ ကို လေ့လာကြည်‌့သည့် အခါတွင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများတွင် ဝန်ကြီးဌာနအနေဖြင့် သမဝါယမ အသင်းအဖွဲ့ များကို ကြီးကြပ်ရသည်ဟု သိရပါကြောင်း၊ သို့သော် ၎င်းဥပဒေများတွင် နိုင်ငံတော်မှ ၎င်းတို့ကို ယခင်လွှဲပြောင်းပေးခဲ့သည့် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ လုပ်ငန်းနှင့်အခြေခံ အဆောက်အဦများနှင့် ပတ်သက်၍ မည်ကဲ့သို့ကြီးကြပ်ရမည် ဆိုသည်ကို ရှင်းလင်းစွာပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရပါ ကြောင်း၊ သို့သော် ယခုအချိန်လေ့လာကြည်‌့သည့် အခါ သမဝါယမအသင်းအဖွဲ့ပိုင် သည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ လုပ်ငန်းများနှင့်  အခြေခံအဆောက်အဦများ၊ မူလလုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိတော့ဘဲ တခြားနည်းဖြင့်အသုံးချနေသည်ကို တွေ့ရှိရပါကြောင်း၊ လူနေအိမ်များ၊ ပုဂ္ဂလိကများကိုလည်း လွှဲပြောင်းရောင်းချထားပြီးဖြစ်သည့် နေရာများကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့အပြင် နှစ်တိုနှစ်ရှည် စာချုပ်များနှင့်လည်း ငှားရမ်းထားသည်များကို တွေ့ရှိရပါကြောင်း၊ ငှားရမ်းရန်ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လေ့လာကြည့်သည့်အခါ တွင် ငှားရမ်းခနှုန်းထားများသည် ရရှိရမည့်တန်ဖိုးထက် ၁၀ ရာခိုင်နှုန်းအောက်လောက်သာ ရရှိနေတာကိုလည်း တွေ့ရှိရပါကြောင်း၊ ၎င်းကို အသင်းသားများအနေဖြင့် မည်ကဲ့သို့ စီမံခန့်ခွဲသည်ဆိုသည်ကို ရှင်းရှင်း လင်းလင်းသိရှိရခြင်းမရှိပါကြောင်း၊ စီမံခန့်ခွဲသူ လူနည်းစုသာ စီမံခန့်ခွဲပြီး အကျိုးခံစားခွင့်ရရှိနေတာကို တွေ့ရှိနေရပါကြောင်း၊  ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေ၊ စာမျက်နှာ ၁၄၊ အခန်း ၈ ပုဒ်မ ၂၅ အရ ညွှန်ကြားရေးမှူးချုပ်မှ အောက်ပါအချက် ၇ ချက်ဖြင့် သမအသင်းတွေကို စာရင်းလင်းရှင်းလင်းဖျက်သိမ်းနိုင် သည်ဟုဆိုပါကြောင်း၊ ၎င်းတို့မှ သတ်မှတ်ထားသည့် အသင်းသားသို့မဟုတ် အသင်းဝင်ဦးရေမပြည့်ခြင်း၊ ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေများနှင်‌့အညီ စီးပွားရေးလုပ်ငန်းများကို မလုပ်ကိုင်ခြင်း၊ မတည်ငွေမပြည့်စုံခြင်း၊ ပေးဆပ်ရန်ကြွေးမြည်များကို ပေးဆပ်နိုင်ရန်အခြေအနေ မရှိခြင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ စာရင်းရှင်းလင်းဖျက်သိမ်းပေးရန် တောင်းဆိုပေးချင်သည့် အခြားလုံလောက်သည် အကြောင်းအရာ တစ်ရပ်ရပ်ပေါ်ပေါက်ခြင်းဆိုပြီး ရှိပါကြောင်း၊  ထို့ကြောင့်ညွှန်ကြားရေးမှူးချုပ်အနေဖြင့်ယခုလို အသင်းကို တရားဝင်ဥပဒေ အရ ဖျက်သိမ်းထားသလားဆိုတာကို မိမိတို့အသင်းသားများ တိတိကျကျသိရှိရခြင်း မရှိပါကြောင်း၊ ပြည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် အသင်းပိုင်မြေနေရာများတွင် တခြားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ လောကပါလဆေးရုံတည်ရှိသည့်နေရာ၊ ရွာဘဲသမ အသင်းပိုင်ဖြစ်သည့် လေးကျွန်းမဏ္ဍိုင်ဆီစက်နေရာ၊ မြို့မဈေးကြီးအနီးတွင်ရှိသည့် မြို့နယ်သမ ရုံးစိုက်သည့်နေရာ၊ သင်္ဘောဆိပ်လမ်းတွင်ရှိသည့် ဆင်စုသမအသင်းပိုင်မြေနေရာ၊ တစ်လမ်း မောင်းကွေ့တွင်ရှိသည့် ဆန်တော်သမအသင်းပိုင်မြေနေရာ၊ ဗိုလ်ချုပ်လမ်းတွင် ရှိသည့် စံနန်းဦးဘုရားအနီး GEC သမအသင်းစုနေရာများအပြင် မြို့နယ်အတွင်းရှိ ပေါင်တလယ်တိုက်နယ်၊ ပေါင်းတလည်မြို့နယ်၊ ဝက်ထီးကန်မြို့တိုက်နယ်ရှိ သမပိုင်မြေနေရာများသည် တခြားနည်း သုံးသည်များရှိသလို၊ အသုံးမပြုဘဲပစ်ထားသည်များလည်းရှိပါကြောင်း၊ ထို့ကြောင့် သမဝါယမအသင်းသား များအတွက်သာမက ပြည်သူနှင့် နိုင်ငံတော်အတွက်ပါ အကျိုးခံစားခွင်‌့ မရရှိဖြစ်နေတာကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သမအသင်းပိုင်အဆောက်အဦများ၊ မြေနေရာများကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီမံခန့်ခွဲနေပါကြောင်းနှင့် အသင်းသားများ၊ နိုင်ငံတော်အတွက် မည်သည်‌့အကျိုးအမြတ်များ ရရှိနေ သည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawပြည်မြို့နယ်တွင် ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ ဖွဲ့စည်းပြီး သမဝါယမအသင်း ၂၅၁ သင်းရှိပါကြောင်း၊ အသင်းသားဦးရေ ၂၇၈၂၅ ဦး၊ အစုတန်ဖိုးကျပ် ၁၆၇ သန်း၊ စုဆောင်းငွေကျပ် ၆၈၃.၃၈ သန်း၊ လှည်‌့လည်ငွေရင်း Reboring Fund ၄၀၆၄.၁၇ ကျပ်သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်မြို့နယ်တွင် ရှိသည့် သမဝါယမအသင်း ၂၅၁ သင်းနှင့် မြေ/ အဆောက်အဦများ ပိုင်ဆိုင်သည့် သမဝါယမအသင်း ၁၅ သင်းရှိပါကြောင်း၊ အသင်းပိုင်မြေ ၁၆ ကွက် နှင့် အဆိုပါမြေကွက်များပေါ်တွင် ဆောက်လုပ်ထားသည့် အသင်းပိုင်အဆောက်အဦ ၁၆ ခု၊ အခြားစည်ပင် ပိုင်မြေ၊ မီးရထားပေါ်မှာ ဆောက်လုပ်ထားသည့် အသင်းပိုင်အဆောက်အဦ ၃ ခု စုစုပေါင်း ၁၉ ခု ပိုင်ဆိုင်မှုရှိပါကြောင်း၊

ပြည်မြို့၊ ဆင်စုရပ်၊ ပြည်-ရန်ကုန်ကားလမ်းပေါ်မှာရှိ လောကပါလဆေးရုံ ဖွင့်လှစ်ထားသည့် နေရာသည် ပြည်မြို့နယ် သမဝါယမအသင်းစုပိုင် မြေနေရာဖြစ်ပါကြောင်း၊ သမဝါယမ အသင်းအချင်းချင်း အကျိုးတူလုပ်ငန်းအဖြစ် အောင်မြန်မာ ကျန်းမာရေး စောင်‌့ရှောက်မှု သမဝါယမ အသင်း ကို နှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပါကြောင်း၊ အောင်မြန်မာကျန်းမာရေး စောင့်ရှောက်မှု သမဝါယမအသင်းအနေဖြင့် လောကပါလအမည်ဖြင့် ဆေးရုံဖွင့်လှစ်ပြီး လက်ရှိတွင် တစ်လငှားရမ်းခကျပ် ၁၂ သိန်းနှုန်းဖြင့် အသင်းအချင်းချင်း အကျိုးတူလုပ်ငန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်မြို့၊ ရွာဘဲရပ်၊ ဗိုလ်ချုပ်လမ်းရှိ လေးကျွန်းမဏ္ဍိုင်ဆီစက်လုပ်ငန်းမြေနေရာသည် လယ်ယာထွက်ကုန်ပစ္စည်း လက်ကားရောင်းဝယ် ရေးအမှတ်(၃) သမဝါယမအသင်း လီမိတက်ပိုင်ဖြစ်ပါကြောင်း၊  ဆီစက်အဆာက်အဦတစ်လုံးပါပါကြောင်း၊ ဆီစက်လုပ်ငန်းသည် နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ပြီဖြစ်သည့် အတွက်ကြောင့် စီးပွာရေးတွက်ခြေမကိုက်သည့် အတွက် လုပ်ငန်းရပ်ဆိုင်းထားပြီး အသင်းမှ ထိန်းသိမ်းထားခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးတွက်ခြေကိုက်ပြီး ဒေသနှင့်ကိုက်ညီသည့် အခြားစီးပွာရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် အသင်းအမှုဆောင်အဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊

          ပြည်မြို့၊ ရွှေဘုန်းပွင်‌့ဘုရားလမ်းနှင်‌့ ဈေးလမ်းထောင့်ရှိ မြေနှင့်နှစ်ထပ်အဆောက်အဦသည် ပြည်မြို့နယ်နှင့် သမဝါယမအသင်းစုပိုင်နေရာဖြစ်ပြီး  အပေါ်ထပ်တွင် အသင်းစုရုံးခန်းအဖြစ် ဖွင့်လှစ်အသုံးပြုလျက်ရှိပါကြောင်း၊ အောက်ထပ်တွင် အသင်းစုဝင်ငွေရရန်အတွက် စိုက်ပျိုးရေး ဆေးဆိုင် ကို တစ်လငှားရမ်းခ ၃ သိန်း၊ ဆန်ဆိုင်ကို တစ်လငှားရမ်းခ ၁.၃ သိန်း၊ သမဝါယမ  ဘဏ်ရုံးခွဲကို တစ်လငှားရမ်းခ ၁.၂ သိန်းဖြင့် ငှားရမ်းထားရှိခြင်းဖြစ်ပါကြောင်း၊ ပြည်မြို့၊ ဆင်စုရပ်၊ ပြည်-ရန်ကုန် ကားလမ်းမကြီးပေါ်ရှိ မြေနှင့်အဆောက်အဦသည် ဇေယျာဦးရောင်းဝယ်ရေး သမဝါယမအသင်းပိုင် နေရာဖြစ်ပါကြောင်း၊ ၂၀၀၄ ခုနှစ်မှ စပြီး အသင်းရင်းနှီးငွေနည်းပါးပြီး လုပ်ငန်းအရှုံးပေါ်သည့် အတွက်  အသင်းဝင်ငွေရရှိရန် အသင်းဆိုင်အကျယ်အဝန်း ၁၀၀ ပေ x ၁၈ ပေ တွင် အခန်း ၁၀ခန်းဖွဲ့ ၍ ၉ ခန်းကို တစ်ခန်းကို ကျပ် ၂၅၀၀၀ ဖြင့် ပုဂ္ဂလိကကို ငှားရမ်းထားပြီး ကျန် ၁ ခန်းကို အသင်းရုံးခန်း အဖြစ် အသုံးပြုလျက်ရှိပါကြောင်း၊ ဝက်ထီးကန်မြို့တွင် အောင်မြေကန်သာ လယ်ယာအထွေထွေ စီးပွားရေး သမဝါယမအသင်းအပိုင် မြေအကျယ်အဝန်းသည်  ပေ ၁၀၂  x ၆၆.၆ ပေရှိပြီး အဆောက်အဦအကျယ်အဝန်းမှ ၆၄ ပေ x ၄၀ ပေ ရှိပါကြောင်း၊ အသင်းအဆောက်အဦမှ ၁၁ ပေ x ၄၀ ပေ ကို အသင်းဆိုင်အဖြစ်အသုံးပြုပြီး ကျန် ၅၃ ပေ x ၄၀ ပေကို အခန်း(၅)ခန်းဖွဲ့ပြီး ပုဂ္ဂလိကကို တစ်လငှားရမ်းခ ၁၁၂၅၀၀ ကျပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပါကြောင်း၊ ပေါင်းတလည်မြို့ တွင် အသင်းမြေကွက်မရှိပါကြောင်း၊

          သမဝါယမအသင်းပိုင်မြေ၊ အဆောက်အဦများသည် ဝန်ကြီးဌာနပိုင်၊ နိုင်ငံပိုင်များမဟုတ်သည့် သမဝါယမအသင်းပိုင်များဖြစ်သည့် အတွက် ငှားရမ်းခငွေများသည် သမဝါယမအသင်းဝင်ငွေအဖြစ် ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားပြီး အသင်းမှရရှိ သုံးစွဲလျက်ရှိပါကြောင်း၊ တစ်နှစ်လုံးရသည့်ငွေ၊  သုံးငွေတွေကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ပြုလုပ်ပြီး ခွဲဝေသုံးစွဲခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အသားတင်အမြတ် ၁၂၅.၉၄ သန်း ရရှိပြီး အသင်းသားများကို အစုပေါ်အမြတ်ငွေ ၄၅.၅ သန်း ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့် စည်းရုံးခြင်း၊ ပညာပေးခြင်း၊ ထိန်းကျောင်းတည်‌့မတ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါတယ်။ အသင်းပိုင်ငွေကြေး၊ ရင်းနှီးပစ္စည်းများကြပ်မတ် စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်အတိုင်း သမဝါယမအသင်းစာရင်း များကို ခြောက်လတစ်ကြိမ်စစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်နောက် သုံးလအတွင်းနှစ်ချုပ် စာရင်းစစ်ဆေးခြင်းများကို ဥပဒေနှင့်အညီ ကြပ်မတ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

          သမဝါယမအသင်းများ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ NGO ဖြစ်ပါကြောင်း၊ သမဝါယမ အသင်းပိုင်ရင်းနှီးပစ္စည်းများသည် အသင်းနှင့်အသင်းသားများ၏ ပိုင်ဆိုင်ပစ္စည်းများသာဖြစ်ပါကြောင်း၊ သမဝါယမအသင်းနည်းဥပဒေအပိုဒ် ၇၀ (က)တွင် အသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် သမဝါယမအသင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ သမဝါယမအသင်း၏ကိစ္စ အဝဝကို အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိပါကြောင်း၊  အမှုဆောင်အဖွဲ့မှ အရပ်ရပ်ဆိုင်ရာအစည်းအဝေး များကိုတာဝန်ခံပြီး အသင်း၏နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲရမည်ဖြစ်သည်ကို  ပြဋ္ဌာန်းထား ရှိပါ ကြောင်း၊ နည်းဥပဒေအပိုဒ် ၃၈ အပိုဒ်ခွဲ(ဃ)တွင် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများတွင် တင်ပြဆွေးနွေးသည့်ကိစ္စရပ်တိုင်းကို အများဆန္ဒအရ ဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။

သမဝါယမအသင်း၏ အသင်းပိုင်အဆောက်အဦများ ၊မြေနေရာများအပါအဝင် စီးပွားရေးလုပ်ငန်းများ၊ အသင်း၏ ကိစ္စရပ်များစီမံခန့်ခွဲခြင်းကို အသင်းဒါရိုက်တာအဖွဲ့မှ အစည်းအဝေးဆုံးဖြတ်ချက်၊ အသင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် အသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှ့ အသင်းသားများ၏ သဘောတူညီချက်ဖြင့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းသားအကျိုးဝေစုအတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး ကျင်းပသည့် အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ အစုရှယ်ယာ ထည့်ဝင်ထားသည့် သမဝါယမအသင်းသားများကို အကျိုးအမြတ်ထုတ်ပေးခြင်း၊ အစုပေါ်အမြတ် ထုတ်ပေးခြင်းတွေကိုလည်း ဆောင်ရွက်ရပါကြောင်း။

          ယခုလိုဆောင်ရွက်နေမှုအပေါ် မိမိတို့သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ သမဝါယမအသင်းတစ်သင်း သည် အသင်းပါဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေနှင်‌့အညီ စီးပွားရေးလုပ်ငန်းများကိုမလုပ်ကိုင်ခြင်း၊ အခြားလုံလောက်သော အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက် ခြင်း စသည်တို့ဖြစ်ပေါ်လာ ပါက သမဝါယမအသင်းဥပဒေပုဒ်မ ၂၅ နှင့် နည်းဥပဒေအပိုဒ် ၇၄ တို့အရ အဆိုပါ သမဝါယမအသင်းတွေကို စာရင်းရှင်းလင်းဖျက်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ၎င်းပြဋ္ဌာန်းချက် နှင့်အညီ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။