မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတွင် အခြေခံပညာမူလတန်းကစပြီး အခမဲ့ပညာရေးစနစ် ကျင့်သုံးနေသည်ကို ကြိုဆိုပါကြောင်း၊ KG တန်းမှ ဒသမတန်းအထိ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးစာအုပ်များကို Wood Free စာရွက်သားများဖြင့် ရိုက်နှိပ် ပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့သော အရည်အသွေးရှိ စာရွက်သားများဖြင့် ရိုက်နှိပ်ရသည့် အကြောင်းရင်းသည်လည်း ကလေးများက စာရွက်သားများနှင့် အရောင်လှပမှသာ ပညာရေးကို စိတ်ဝင်စားမည်ဟူသော ရည်ရွယ်ချက်ဖြင့် ရိုက်နှိပ်ထုတ်ပေးခြင်း ဖြစ်သည်ဟု သိရှိရပါကြောင်း၊ သို့သော် ပညာရေး နိမ့်ကျရသည့် အကြောင်းအရင်းကို လေ့လာကြည့်ပါက မူဝါဒကြောင့် ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျောင်းသား/သူတိုင်းကို စာအုပ်သစ်များ ထုတ်ပေးသည့်အတွက် စာသင်နှစ်တစ်နှစ်ကုန်သွားပါက ၎င်းစာအုပ်အဟောင်းများကို မည်သည့် ကျောင်းသား/သူမျှ သုံးစွဲခြင်းမရှိဘဲ စာအုပ်အသစ်များကိုသာ မျှော်မှန်းကြသည့်အတွက် စာအုပ်အဟောင်းများ အမှိုက်ပုံးထဲသို့ စွန့်ပစ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ကြပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်က တစ်နိုင်ငံလုံးရှိ ကျောင်းသား/သူ ၉ သန်းကျော်အတွက် စာအုပ်ဈေးနှုန်းအတိုင်းတွက်ပါက တစ်နှစ်လျှင် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၁၆၁၃၈.၉၆ သန်းကျော် ဆုံးရှုံးနေသောကြောင့် သင့်တင့်သောစာရွက်ဖြင့် ရိုက်နှိပ်ထုတ်ဝေပါက အစိုးရသက်တမ်း (၅) နှစ်တွင် ကျပ်သန်းပေါင်း ၄၅၀၀၀ ခန့်ပိုထွက်ပြီး ၎င်းငွေများကို ပညာရေးဝန်ကြီးဌာနတွင် လိုအပ်နေသောကျောင်းများ၊ စာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာများ ထုတ်ပေးရာတွင် အသုံးပြုပါက မိမိတို့နိုင်ငံ၏ မျှော်မှန်းသောပညာရေးစနစ်သည် မကြာခင် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုထုတ်ပေးနေသော Text Book များကို Wood Free စာရွက်သားဖြင့် ထုတ်လုပ်မည့်အစား Wood Free ထက်အရည်အသွေး အနည်းငယ်နိမ့်သော စာရွက်စာတမ်းဖြင့် ထုတ်ပေးမည်ဆိုပါက အစိုးရ၏ဘဏ္ဍာငွေကို ထောက်ပံ့ရာဖြစ်သကဲ့သို့ ပညာရေး ဝန်ကြီးဌာနတွင် လိုအပ်သော ပံ့ပိုးမှုများကို ပေးနိုင်မည်ဖြစ်သောကြောင့် အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းသား/သူများကို ပညာရေးဝန်ကြီးဌာနမှ အခမဲ့ရိုက်နှိပ်ထုတ်ဝေ ပေးနေသော (Text Book) ပြဋ္ဌာန်းစာအုပ်များအား Wood Free စာရွက်အစား သင့်တင့်သော အရည်အသွေးရှိ စာရွက်များဖြင့် ပြောင်းလဲထုတ်ဝေပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး (Complexities Educational Sector Review-CESR) ဆောင်ရွက်ချိန်တွင် ပြည်တွင်းပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ၏ အကဲဖြတ်သတ်မှတ်ချက်အဖြစ် ခွင့်ပြုထားသောဘတ်ဂျက်အရ ပုံနှိပ်ထားသည့် ကျောင်းသုံးစာအုပ်များ၏ အရည် အသွေးသည် အလွန်နိမ့်ကျသောကြောင့် အထူးသဖြင့် သူငယ်တန်းနှင့် ပထမတန်းတို့တွင် ကျောင်းသုံး စာအုပ်များ၏ သက်တမ်းသည် ပညာသင်နှစ်တစ်နှစ်ကုန်ဆုံးသည်အထိ အသုံးမပြုနိုင်ခြင်း၊ ရိုက်နှိပ်ထားသောရုပ်ပုံ၊ မြေပုံများသည် ကြည်လင်ပြတ်သားမှုရှိရန် အထူးလိုအပ်ခြင်း၊ ပါဝင်သည့်အကြောင်းအရာများသည်လည်း ခေတ်နှင့် လိုက်လျောညီထွေရှိရန် လိုအပ်ခြင်း၊ ကျောင်းသုံးစာအုပ်များသည် တာရှည်အသုံးမပြုနိုင်သည့်အတွက် နှစ်စဉ် ပုံနှိပ်ဖိုးလိုအပ်လျက်ရှိခြင်း စသည့် သုံးသပ်ချက်များသာ သတ်မှတ်ထားရှိပါကြောင်း၊ ထို့အပြင် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပထမတန်းသင်ရိုးသစ်များအတွက် ကျောင်းသုံး စာအုပ်များတွင်ပါဝင်သော သင်ခန်းစာများသည် ကလေးများအနေဖြင့် ရှင်းလင်းပြတ်သားစွာ တွေ့ရှိရန်လိုအပ်ခြင်း၊ ရည်ရွယ်ချက်ပေါက်မြောက်သည်အထိ သင်ယူရရှိနိုင်ရေးအတွက် ရောင်စုံသရုပ်ဖော်၊ ဓာတ်ပုံ၊ ပန်းချီများကို အရောင်အသွေးစုံလင်စွာ အသုံးပြုရသည့်အတွက် အရည်အသွေးအသင့်အတင့်ရှိသော စက္ကူများနှင့် ပြောင်းလဲ ပုံနှိပ်ရန် မသင့်လျော်ပါကြောင်း၊
ကျောင်းသုံးစာအုပ်များအနေဖြင့် ရောင်စုံများကို အသုံးပြုရာတွင် မျက်စိအာရုံချို့ယွင်းမှု (Color Blind) ဖြစ်နေသော ကလေးများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး အရောင်ရွေးချယ် သတ်မှတ်ပုံနှိပ်ထားသည်ဖြစ်သည့်အတွက် စက္ကူအရည်အသွေးနိမ့်ကျမှုရှိပါက အရောင်များ၊ ပုံများ၊ ထင်ရှားပြတ်သားစွာမရှိနိုင်ဘဲ သင်ယူမှုအရည်အသွေးကိုပါ ထိခိုက်နိုင်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်အတွက် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း ပုံနှိပ်စာအုပ်များအတွက် ၁၈ ဘီလီယံ ကုန်ကျခံ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပါကြောင်း၊ ထို့အပြင် အသုံးပြုသော စာရွက်အရည်အသွေးသည် 70 g Wood Free ဖြစ်ရန်လိုအပ်ပြီး ကျောင်းသားကျောင်းသူများ ကောင်းမွန်ခံ့ညား နှစ်ခြိုက်စွာကိုင်တွယ်နိုင်ရန်၊ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိရန်၊ စာအုပ်ကိုကြာရှည်စွာအသုံးပြုနိုင်ရန်နှင့် စာသင်နှစ်မကုန်မီ စုတ်ပြဲပျက်စီးမှု နည်းပါးစေရန် အစရှိသောအချက်များကိုပါ ထည့်သွင်းရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော စာရွက်များကို အသုံးပြုခြင်းအားဖြင့် ကျောင်းသား/သူများအတွက် စနစ်တကျရိုသေစွာ ကိုင်ဆောင်တတ်သော အလေ့အကျင့်ကို မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေကို ချွေတာနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ ကျောင်းသား/သူများက လက်ဆင့်ကမ်း အစီအစဉ် ဆောင်ရွက်မှုပေါ်မူတည်ပြီး သုံးနှစ်၊ လေးနှစ်ကြာမှသာ အသစ်တစ်ကြိမ်ရိုက်နှိပ်ဆောင်ရွက်နိုင်ရေးကို ဦးတည်ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
