မေးခွန်း အကြောင်းအရာ
အဝေးသင်တက္ကသိုလ်များ၏ အရည်အသွေးအကဲဖြတ်မှုတစ်ခုဖြစ်သော Assignment တင်သွင်းမှုကို ပိုမို ကောင်းမွန်ပြီး အကျိုးရှိမည့် နည်းလမ်းများ အသုံးပြုဆောင်ရွက်သင့်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
ရရှိလာမည့် အကျိုးကျေးဇူး(၅)ချက်မှာ (၁) အချက်အနေဖြင့် အရည်အချင်းပိုမိုပြည့်ဝသော ဘွဲ့ရများ မွေးထုတ် ပေးရမည် ဖြစ်ပါကြောင်း၊ Assignment များကို အတန်းတိုင်းတွင် တစ်နှစ်လျှင် Semester နှစ်ခုအတွက် နှစ်ကြိမ်တင်ရပြီး ရရှိလာသော Assignment မေးခွန်းများသည် ကန့်သတ်ချိန်နီးမှ ရောက်ရှိလာသည့်အတွက် ကျောင်းသားကျောင်းသူများက Study Guide များကို လေ့လာဖတ်ရှုမှုမရှိဘဲ အရန်သင့် ရှိပြီးသားအဖြေများကို ကူး၍တင်ခြင်း၊ တစ်ပါးသူကို အဖြေထုတ်ခိုင်းပြီး တင်ခြင်းတို့ကိုသာ ကျင့်သုံးနေသည်ကို တွေ့ရှိရပါကြောင်း၊ လက်ကိုင်ဖုန်းအသုံးပြုသော စနစ်ကိုကျင့်သုံးမည်ဆိုပါက ကျောင်းဖွင့်ဖွင့်ချင်း လက်ကိုင်ဖုန်း ဖွင့်ကြည့်လိုက် သည်နှင့် Assignment မေးခွန်းများကို တွေ့ရမည်ဖြစ်သည့်အတွက် Study Guide များကို ကြိုတင်လေ့လာချိန် ရ ပြီး Assignment ဖြေဆိုနိုင်ကြမည်ဖြစ်ပါကြောင်း၊
(၂)အချက်အနေဖြင့် ကျောင်းသူကျောင်းသားများနှင့် နိုင်ငံတော်အတွက်ပါ ငွေကုန်သက်သာလာမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအဝေးသင်ဌာနခွဲများကို Assignment နှင့် အဖြေလွှာများကို တစ်နှစ်လျှင်နှစ်ကြိမ်သွားယူခြင်း၊ ပြန်လည်တင်သွင်းခြင်းတို့ကို ပြုလုပ်ရပါကြောင်း၊ တစ်ခါတစ်ရံတွင် တစ်ခါတည်း မရသည့်အတွက် အခေါက်ခေါက် အခါခါ သွားရသည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် ငွေကုန်ကြေးကျ အလွန်များပြားပါကြောင်း၊ Assignment မေးခွန်းနှင့် အဖြေလွှာများကို သက်ဆိုင်ရာလုပ်ငန်းအခြေခံအပ်နှံသည့်အခါ ပုံနှိပ် စက်များက စက္ကူနှင့် ပုံနှိပ်မှင်များကို နိုင်ငံခြားကဝယ်ရသည့်အတွက် အလွန်ကုန်ကျစရိတ် များပါကြောင်း၊ (၃)အချက်အနေဖြင့် လုပ်ငန်းရှင်များက Assignment မေးခွန်းကို အချိန်မီပုံနှိပ်မပြီးစီးနိုင်သည့်အတွက် ကျောင်းသားကျောင်းသူ လက်ထဲကို အချိန်မီမရရှိပါကြောင်း၊ ရရှိပါကလည်း Module စုံအောင် မရရှိခြင်းများကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာ အဝေးသင်ဌာနခွဲက နီးစပ်ရာ Module များကို ထည့်ပေးလိုက်သည့်အတွက် ကျောင်းသားများ အခက်အခဲများစွာ ကြုံ့တွေ့ရပါကြောင်း၊ ဥပမာ မြန်မာစာမေးခွန်းအစား အင်္ဂလိပ်စာ မေးခွန်းထည့်ပေးထားခြင်း တို့ကို Online အသုံးပြုလိုက်ပါက ၎င်းပြဿနာများ အားလုံးပြေလည်သွားမည် ဖြစ်ပါကြောင်း၊
(၄)အချက်အနေဖြင့် Assignment ထုတ်ပေးခြင်း၊ ပြန်လည်လက်ခံခြင်းတို့ကို သေသေချာချာ စေ့စေ့စပ်စပ် လုပ်ရသည့်အတွက် ဝန်ထမ်းအင်အားများစွာ အသုံးပြုရပါကြောင်း၊
နောက်ဆုံးအချက်အနေဖြင့် ဆရာဆရာမများသည် Assignment များကို မစစ်ဆေးရတော့သည့်အတွက် အချိန်ပိုထွက်လာမည် ဖြစ်ပါကြောင်း၊ သင်ကြားရေးတွင်သော်လည်းကောင်း၊ သုတေသနလုပ်ငန်းတွင် သော်လည်း ကောင်း များစွာအချိန်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများက တယ်လီဖုန်းမှ Assignment ကို ဖြေဆိုတင်ပို့လိုက်ရာတွင် သက်ဆိုင်ရာအဝေးသင်နှစ်ခု၏ Server ထဲကို ရောက်ရှိသွားမည် ဖြစ်သည့်အတွက် အလိုလိုစစ်ပြီးသားဖြစ်ပြီး အောင်စာရင်းပြုစုသော Blue Sheet ပေါ် အမှတ်များ တင်ပြီးသားဖြစ်ပါကြောင်း၊ အထူးသဖြင့် ၎င်းစနစ်ကို ကျင့်သုံးခဲ့မည်ဆိုပါက အဝေးသင်တက္ကသိုလ်ဌာနခွဲပေါင်း ၄၀ ရှိ မလိုလားအပ်သော ပြဿနာများ ဖြေရှင်းပြီးသားဖြစ်မည့် အကျိုးကျေးဇူးရရှိမည်ဖြစ်သည့်အတွက် အဝေးသင် တက္ကသိုလ်များတွင် Assignment ဖြေဆိုတင်သွင်းမှုများကို အင်တာနက် အသုံးပြု၍ လက်ကိုင်ဖုန်းများဖြင့် ဖြေဆိုမှုစနစ် ပြောင်းလဲ ကျင့်သုံးနိုင်မှု ရှိ/မရှိနှင့် ကျင့်သုံးမည်ဆိုပါက မည်သည့်စာသင်နှစ်တွင် စတင်အကောင် အထည်ဖော်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် အဝေးသင်တက္ကသိုလ်များအတွက် သင်ကြားခြင်းကို Online အသုံးပြုပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သို့သော် Online စနစ်ဖြင့် ပြန်ဖြေခြင်းစနစ်ကို မိမိတို့ ပြင်ဆင်ဆဲဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် အဝေးသင်သင်တန်းအနေဖြင့် Online Development Law ၁၀ လသင်တန်း Online LLB ငါးနှစ် သင်တန်းများကို သင်ကြားခြင်း၊ စစ်ဆေးခြင်းတို့ကို Online ဆောင်ရွက်နေ ပါကြောင်း၊ ၎င်းသင်တန်းများအတွက် Online Server လေးခု၊ Offline Server သုံးခု၊ Website များဖြစ်သော www.ynou.edu.mm၊ www.yudeonline.com.mm များဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းသင်တန်း နှစ်ခုအတွက် သင်ခန်းစာများကို Online Server နှစ်ခု၊ Offline Server သုံးခုဖြင့် ၂၄ နာရီပတ်လုံး လေ့လာ သင်ကြားနိုင်သည့်အပြင် သင်ခန်းစာများလည်း အခမဲ့ Download လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊
နောင်ပညာသင်နှစ်များအတွက် Assignment မေးခွန်းများအတွက်လည်း စာစဉ်ဖြေဆိုခြင်းကိုလည်း YUDW Wedsite တွင် ဆောင်ရွက်နိုင်ရန် စီမံပြီးဖြစ်ပါကြောင်း၊ အဝေးသင်သင်တန်းများအားလုံးအတွက် ၂၀၁၈ မှစပြီး ဆောင်ရွက်နိုင်ရေးကို စီစဉ်ထားပါကြောင်းနှင့် Software ပြုစုခြင်း၊ အသုံးပြုမည့် IT နည်းပညာ လိုအပ်ချက်များ ဖြည့်ဆည်းခြင်းနှင့် Infester Server များပြည့်စုံရန် ဆောင်ရွက်နေစဉ်အတွင်း သင်ခန်းစာအတွက် Pilot Survey ပြုစုပြီး Pilot Survey က ရရှိလာသော လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်စွက်ရန်ရှိပါကြောင်း၊ လက်ရှိအားဖြင့် အဝေးသင်တက္ကသိုလ်များအတွက် Online မှ သင်ကြားမှုဆောင်ရွက်နိုင်ပြီး အဖြေလွှာဖြေဆိုမှု အတွက် ဆောင်ရွက်နိုင်ပေးခြင်း မရှိသေးသော်လည်း Online ဖြေဆိုခြင်းအတွက်ကို ၂၀၁၈ ခုနှစ်ကစပြီး စတင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
