(ခ)-တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်တွင် အမည်၊ အမိ အဘ တို့၏ အမည်၊ မွေးသက္ကရာဇ် စသည် ဖြင့် လွဲချော်နေမှုများကို ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပြင်ဆင်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၄.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr than ag soeတက္ကသိုလ်ဝင် ၁၀ တန်းအောင်လက်မှတ်သည် တက္ကသိုလ်ဆက်တက်ရာတွင်လည်းကောင်း၊ အလုပ်ဝင် ရောက်ရာတွင် လည်းကောင်း၊ အစိုးရအလုပ်က ပင်စင်ယူရာတွင်လည်းကောင်း တက္ကသိုလ်ဝင် ၁၀ တန်းအောင်လက်မှတ်ကို ပြသရပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အားထားရသည့် မှတ်တမ်းအဖြစ် ရှိနေခြင်းသည် ဂုဏ်ယူစရာကောင်းပါကြောင်း၊

သို့သော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွင် လွဲချော်မှုများ ရှိနေသည့် စာလုံးပေါင်းလွဲမှားမှု၊ မွေးသက္ကရာဇ်လွဲမှားနေမှုများ၊ ခေါ်ဆိုသည့်အမည် မပါရှိခြင်း၊ ဖခင်အမည်၊ မိခင်အမည်များ လွဲချော်နေခြင်းများ တွေ့ကြုံရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ စာစစ်ဦးစီးဌာန၏ အမှားမဟုတ်ဘဲ ကာယကံရှင်များ၏ စာမေးပွဲပုံစံဖြည့်သွင်းရာတွင် မှားယွင်းစွာ ဖြည့်သွင်းမိခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်တက်ရောက်ရန်၊ အလုပ်ဝင်ရန်အတွက် အောင်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုမရှိခြင်းများ တွေ့ရပြီး ကျောင်းဆက်မတက်ရခြင်း၊ အလုပ်ဝင်၍မရခြင်း စသည့်အခက်အခဲများနှင့် ကြုံတွေ့ကြရပါကြောင်း၊

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် လွဲချော်နေမှုများအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို မိမိကိုယ်တိုင် သွားရောက်ပြီး ပြင်ဆင်ပေးရန် ကြိုးစားခဲ့ပါကြောင်း၊ သို့သော်လည်း ပြင်ဆင်မပေးနိုင်ခဲ့ ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီးသော်လည်း လွဲမှားမှုများကြောင့် လူငယ်များမှာ အသက်မသေသော်လည်း ဘဝသေသကဲ့သို့ ကြုံတွေ့နေရပါကြောင်း၊ ယခုလိုအဖြစ်မျိုး မကြုံရအောင် အထောက်အထားများ ခိုင်လုံစွာရှိမည်ဆိုပါက၊ အထောက်အထားခိုင်လုံစွာဆိုတာက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မူလစဝင်သည့် ကျောင်းဝင်စာရင်း၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၏ ထောက်ခံချက်  တရားရုံးတွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်းစသည့် ခိုင်လုံသည့်ထောက်ခံချက်များရှိလျှင် လွဲချော်နေမှုများကို ပြင်ဆင်ပေးသင့်ပါကြောင်း၊ ယခုလို ပြင်ဆင်ပေးမှသာလျှင် ကလေးများ၏ ဘဝတက်လမ်း အညွန့်တလူလူဖြင့် ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွင် လွဲချော်နေမှုများကို ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tunမြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် သတ်မှတ်အသက်ပြည့်မီပြီဆိုသည်နှင့် အခြေခံပညာကျောင်းများသို့ မူလတန်းအဆင့်တွင် ပညာသင်ယူရန်အတွက် ကျောင်းအပ်နှံရပါကြောင်း၊ ယခုလို ကျောင်းအပ်နှံသည့်အခါ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပေးသော မွေးစာရင်း၊ သို့မဟုတ် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးမှ ထောက်ခံစာ၊ သို့မဟုတ် ကျောင်းတစ်ကျောင်းမှ တစ်ကျောင်းအပြောင်း ကျောင်းပြောင်းစာအုပ် နောက်ကျောဖုံးတွင်ပါရှိသည့် ပုံစံ (၁၀/က) တွင် အချက်အလက်များ ဖြည်‌့သွင်းပြီး အခြေခံပညာကျောင်း များတွင် ကျောင်းအပ်နှံကြရပါကြောင်း၊ အဆိုပါကလေးများသည် အခြေခံပညာအဆင့်တွင် သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းသား/သူ မွေးသက္ကရာဇ်ပုံစံ(ခ)တွင် မှတ်ပုံတင်ရေးသွင်းပြီး ကျောင်းဝင်မှတ်ပုံတင်အဖြစ် ဆောင်ရွက်ရပါကြောင်း၊ ကျောင်းဝင်မှတ်ပုံတင်ပုံစံ(ခ)တွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက စာမေးပွဲ အောင်မြင်သည့် ကျောင်းသား/သူများ၏စာရင်း၊ သက်ဆိုင်ရာ အောင်စာရင်းထွက်ရက်၊ အောင်/ရှုံးစာရင်း ရေးသွင်းပြီး လက်မှတ်ရေးထိုး မှတ်တမ်းတင်ဆောင်ရွက်ရပါကြောင်း၊ အခြေခံပညာအဆင့်ဖြစ်သည့် သူငယ်တန်းမှ ဒသမတန်းအထိ တက်ရောက်နေစဉ်အတွင်း ကျောင်းသူ/သားများ၏ အမည်လွဲမှားမှု၊ အဘအမည်၊ အမိအမည်လွဲမှားမှု၊ မွေးသက္ကရာဇ်ရေးသွင်းမှု အမှန်တကယ် မှားယွင်းခဲ့သည့်အချက်များအား ပြင်ဆင်ခြင်းများ ဆောင်ရွက်ရပါကြောင်း၊ ပြောင်းလဲပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပြင်ဆင်လိုသော အချက်များကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ တင်ပြလျှောက်ထားပြီး ကျောင်းအုပ်ကြီးမှတစ်ဆင့် အဆင့်ဆင့်တင်ပြခွင့်ပြုချက် ရယူ၍ ပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းချိန်တွင်လည်း သက်ဆိုင်ရာကျောင်းအုပ်ကြီးက ဖော်ပြပါကျောင်းသား/သူများ၏ မွေးသက္ကရာဇ်၊ မိဘအမည် အချက်အလက်အားလုံးကို မှတ်ပုံတင်ပုံစံ(ခ)နှင့် ဖြေဆိုခွင့်လျှောက်လွှာ ကျောင်းသားမိဘကိုယ်တိုင် ရေးသွင်းသည့် အချက်အလက်များကို သေချာစွာတိုက်ဆိုင်စစ်ဆေးပြီးမှ စာမေးပွဲဖြေဆိုသူများ၏ အချက်အလက်၊ စာရင်းပေါင်းချုပ်နှင့်တကွ အချက်အလက်များမှန်ကန်ကြောင်း သက်ဆိုင်ရာ ဆရာ/မအဆင့်ဆင့်က တာဝန်ခံလက်မှတ်ရေးထိုးပြီး တင်ပြဆောင်ရွက်ရပါကြောင်း၊ ကျောင်းအုပ်ကြီးက ကျောင်းသား/သူများ၏ မွေးသက္ကရာဇ်ပုံစံ (ခ)နှင့် ထပ်မံတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ ကျောင်းတံဆိပ်ရိုက်ပြီးမှသာ မြန်မာနိုင်ငံစာစစ်ဌာနသို့ စာရင်းပေးပို့ရ ပါကြောင်း၊ ယခုကဲ့သို့ ထပ်ထပ်စစ်ဆေးပြီးသည့် စာရင်းငါးစုံနှင့် ဖြေဆိုခွင့်ကတ်ပြားများကို သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာစာစစ်ဌာနများသို့ အချိန်မီဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းစာရင်းများအထိ တိုက်ဆိုင်စစ်ဆေးပြီး ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင် ဆောင်ရွက်နိုင်ရန် ပြန်လည်ပေးပို့နိုင်ကြောင်း ညွှန်ကြားချက်ပါရှိပြီးဖြစ်ပါကြောင်း၊ ထပ်မံကွဲလွဲချက်မျာ းရှိမည်ဆိုပါကလည်း အောင်စာရင်းမထုတ်ပြန်မီအထိ အဆိုပါကွဲလွဲချက်များကို အထောက်အထား ပြည့်စုံ မှန်ကန်စွာဖြင့် တင်ပြလျှင် ပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့်အခါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ မိမိလက်ဝယ်ရောက်ရှိချိန်တွင် မိမိအမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်စသည့် ကိုယ်ရေးအချက်အလက်များကို မှန်/မမှန်စစ်ဆေးပြီး ကွာဟမှု၊ မှားယွင်းမှုရှိလျှင် သက်ဆိုင်ရာစာမေးပွဲ ကြီးကြပ်ရေးမှူးများထံ တင်ပြရမည်ဖြစ်ပါကြောင်း၊ ယခုလိုကွဲလွဲမှုများကို စာစစ်ဌာန ကြီးကြပ်ရေးမှူးများမှ မူလမှတ်ပုံတင်စာရင်းနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး ကွဲလွဲချက်များကို ပြင်ဆင်ပေးရန်အတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့မည်ဆိုပါက စိစစ်ပြီးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်အောင်စာရင်း ထုတ်ပြန် ကြေညာပြီးသည့်အခါ အောင်မြင်ပြီးသူများ၏ ဖြေဆိုခွင့်ကတ်ပြားများကို သီးသန့်ခွဲခြားပြီး စာရင်းပြုစုဆောင်ရွက်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီး၍ အောင်စာရင်းထွက်ရှိပြီး တက္ကသိုလ်ဝင်အောင် လက်မှတ်ထုတ်ပေးပြီးချိန်တွင် မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်စသည့် ကွဲလွဲချက်များကို ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ အချုပ်အားဖြင့် တက္ကသိုလ်ဝင်အောင်လက်မှတ် ဆောင်ရွက်ပြီးချိန်တွင် ပြင်ဆင်ဆောင်ရွက် ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာသန်းအောင်စိုး (မင်းလှ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျောင်းစအပ်ကတည်းက အဆင့်ဆင့်စနစ်တကျ စစ်ဆေးခဲ့သည်ဆိုသည်မှာလည်း မှန်ကန်ပါကြောင်း၊ သက်ဆိုင်ရာ အတန်းများတွင်လည်း မှားလျှင်ပြင်ပေးရန် ပြောခဲ့ခြင်းများလည်း ရှိပါကြောင်း၊ သို့သော်လည်း ၎င်းအချက်များကို အထပ်ထပ်စစ်ဆေးရန် အခွင့်အရေးပေးခဲ့သော်လည်း ပြုပြင်နိုင်ခြင်း မရှိခဲ့ကြပါကြောင်း၊ ကျောင်းဆက်လက်တက်ရောက်ရန် အတွက်လည်းကောင်း၊ တက္ကသိုလ်ဆက်တက်ရန် အတွက်လည်းကောင်း၊ အလုပ်ဝင်ရန်အတွက်လည်းကောင်း အခက်အခဲများကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ၎င်းအချက်ကို ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါ ကြောင်း ဆက်စပ်မေးခွန်း မေးမြန်ပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် ငယ်စဉ်အရွယ်၊ ကလေးအရွယ်၊ မူလတန်းဝင်ကတည်းက ဒသမတန်းဖြေဆိုချိန် အထိ အချက်အလက်များ မှားယွင်းခြင်းမရှိစေရန် အထပ်ထပ်စိစစ်ပြီးဖြစ်ပါကြောင်း၊ စိစစ်သည့် နေရာတွင် လည်း ကာယကံရှင်များ၏ ရေးသွင်းချက်၊ သက်ဆိုင်ရာကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ အထောက်အထား စသဖြင့်တတ်နိုင်သမျှ အချက်အလက်မှန်ကန်အောင်၊ ပြည့်စုံအောင် ဆောင်ရွက်ရ ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ထုတ်ပေးပြီးချိန်တွင် ပြန်လည် ပြင်ဆင်ရန် အစီအစဉ် မရှိပါကြောင်း၊ တက္ကသိုလ်ဝင်အောင်လက်မှတ်တွင် နောက်နောင်ဆက်လက် ပညာဆည်းပူးရန်အတွက် လည်းကောင်း၊ အလုပ်ခွင်ဝင်ရောက်ရန်အတွက်လည်းကောင်း၊ သက်ပြည့် ပင်စင်အငြိမ်းစားယူရန်အတွက် လည်းကောင်း၊ ခိုင်မာသည့်တစ်ခုတည်းသော အထောက်အထားဖြစ်ပါကြောင်း၊ သို့ပါ၍ ကာလအပိုင်းအခြား တစ်ခုအထိ အချက်အလက်မှန်ကန်အောင် ပြင်ဆင်ခွင့်ပြုပြီး အတည်ပြုပြဋ္ဌာန်း အောင်လက်မှတ် ထုတ်ပေးပြီး သည့် အချိန်ကျလျှင် ပြင်ဆင်ရန် အများကြီးအခက်အခဲရှိပါကြောင်း၊ သို့သော် တခြားသော အဖွဲ့အစည်းများ ဖြစ်သည့် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့တို့၊ တခြားသောဝန်ကြီးဌာနများ၏ သဘောထားများနှင့် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေဆိုပါသည်။