(က)-၂၀၁၇-၂၀၁၈ခုနှစ်တွင်နိုင်ငံနှင့်အဝန်း ထက် /လယ်/မူ ကျောင်းပေါင်း ၅၀၀၀ ကျော်အား အဆင့် တိုးမြှင့်ပေးခဲ့ရာ လိုအပ်သော ဆရာ၊ ဆရာမ ပြည့် စုံစွာ တိုးမြှင့်ခန့်ထားရန် အစီအမံများ ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၄.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr hla moeမြန်မာနိုင်ငံသည် အဖက်ဖက်မှ နိမ့်ကျနေသောပညာရေးစနစ်ကို တိုးမြှင့်ရန်ဆောင်ရွက်ချိန်တွင် နိုင်ငံတော်က ပညာရေးအသုံးစရိတ်များကို တိုးမြှင့်ချထားပေးရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဘီလီယံ ၁၉၀၀ နီးပါး ချထားပေးခဲ့ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနက မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှအထက်တန်း၊ ကျောင်းအသီးသီးကို အဆင့်အသီးသီးတိုးမြှင့်ပေးခဲ့သည့် ကျောင်းပေါင်း ၅၂၀၀ ကျော်ရှိပါကြောင်း၊ ကျောင်းအသီးသီးကို အဆင့်တိုးမြှင့်ပေးလိုက်သည့်အတွက် သွားရေးလာရေးခက်ခဲသည့် ဒေသက နိုင်ငံသူ၊ နိုင်ငံသားများသည် အခြေခံပညာရေးကို အတန်းအဆင့်တစ်ခုပြီးဆုံးတဲ့အထိ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း တိုးမြှင့်လိုက်သောကျောင်းများတွင် ယနေ့အချိန်အထိ ဆရာဆရာမများကို ၎င်းတို့အဆင့်နှင့် လျော်ညီသော၊ ကိုက်ညီသော ဆရာဆရာမဦးရေကို ခန့်ထားပေးနိုင်ခြင်းမရှိသေးပါကြောင်း၊

မြန်မာနိုင်ငံတွင် မဟာဗျူဟာစီမံကိန်းစာရင်းအချက်အလက်အရ အခြေခံပညာကျောင်းပေါင်း ၄၇၃၆၃ ကျောင်း ရှိပါကြောင်း၊ ၎င်းတို့ထဲမှ ဘကကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ နုတ်လိုက်ပါက အစိုးရကျောင်းချည်း ၄၅၀၀၀ ခန့်ရှိသည့်အထဲတွင် ခန့်ထားပြီးသား ဆရာဆရာမက ၃၄၀၀၀၀ ကျော်ရှိပါကြောင်း၊ အစိုးရကျောင်း၊ ဘကကျောင်း၊ ပုဂ္ဂလိကကျောင်း ကျောင်းသားကျောင်းသူပေါင်း ၉.၂၅ သန်းရှိပါကြောင်း၊ အစိုးရကျောင်းတွင် ပညာသင်ကြား နေသော  နိုင်ငံသူနိုင်ငံသား ကိုးသန်းနီးပါးရှိပါကြောင်း၊ ကျောင်းသား ၂၇ ယောက်တွင် ဆရာ(၁)ယောက် အချိုးနှုန်း ခန့် ရှိပါကြောင်း၊ အထက်တန်းကျောင်းတစ်ကျောင်းတွင် တစ်ခန်းလျှင် လူ ၆၀ ခန့်သင်နေရသည့်အတွက် အထက်တန်းအဆင့်တွင် ကျောင်းသား၊ဆရာဆရာမအချိုးက မည်သို့မျှ မကိုက်ညီသည့်အတွက် ဆရာ ဆရာမ များအတွက် ဝန်ထုပ်ဝန်ပိုးပိစေပါကြောင်း၊ ဆရာဆရာမများ များစွာမွေးထုတ်ပေးနေသော်လည်း ယနေ့အချိန်အထိ ကျောင်းတိုင်းတွင် လိုအပ်သောပညာသင်ကြားမှု မရရှိသေးသည့်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် လိုအပ်သောဆရာဆရာဦးရေ အရေအတွက်ကို မည်ကဲ့သို့ပြည့်စုံစေရန် စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် သတ်မှတ်ထားသည့် မူများအရ အဆင့်တိုးမြှင့် ပေးနိုင်ခဲ့သည့် ကျောင်း ၄၁၂ ကျောင်းရှိပြီး သတ်မှတ်ချက်များမပြည့်မီသော်လည်း ပင်မကျောင်းနှင့် သတ်မှတ် အကွာအဝေးတွင် တည်ရှိသည့်နေရာများအတွက် နိုင်ငံသူနိုင်ငံသားများ သင်ယူမှုအခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ပြီးအဆင့်တိုးမြှင့်ပေးခဲ့သည့် အခြေခံပညာကျောင်းပေါင်း အရေအတွက်သည် ၄၆၈၇ ကျောင်း ဖြစ်သည့်အတွက် စုစုပေါင်းအခြေခံပညာကျောင်းပေါင်း ၅၀၉၉ ကျောင်းကို သက်ဆိုင်ရာ ကျောင်းအဆင့် အသီးသီးသို့ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့်လည်း အခြေခံပညာကျောင်းများ၌ ဆရာဆရာမခန့်ထားရာတွင် ဆရာနှင့်ကျောင်းသားအချိုးမျှတစေရေး၊ သင်ကြားရမည့် ဘာသာရပ်ကိုက်ညီမှုရှိစေရေးတို့ကို အဓိကထားစဉ်းစားပြီး ဘဏ္ဍာငွေခွဲဝေမှုရရှိခြင်းအပေါ် မူတည်၍ ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးခဲ့သည့် ကျောင်းများအတွက် ဆရာ/မများ အပြင် လိုအပ်သည့်စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ ICT အသုံးပြုနိုင်ရေး၊ သန့်ရှင်းရေးနှင့်ရေ လုံလောက်စေရေး၊ အားကစားရေးရာကိစ္စရပ်များ စသည်တို့ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ခွင်ပြုဘဏ္ဍာငွေပေါ် မူတည်ပြီး ဆက်လက်ဖြေဆည်း ဆောင်ရွက်သွားပါမည် ဖြစ်ပါကြောင်း၊

ယခုကဲ့သို့ အဆင့်တိုးမြှင့်ပေးလိုက်သည့် ကျောင်းများအတွက် လိုအပ်သောဆရာ/မများကို ပညာရေး တက္ကသိုလ် များနှင့် ပညာရေးကောလိပ်များမှ သင်တန်းဆင်းဆရာ/မများနှင့်လည်း‌ကောင်း၊ ဘဏ္ဍာငွေခွဲဝေမှုအပေါ် မူတည်ပြီး မူလတန်းအဆင့် အလယ်တန်းအဆင့် အထက်တန်းအဆင့်များအတွက် လိုအပ်သည့် ဆရာ/မဦးရေ နေ့စားလပေး ဆရာ/မများ ဖြည့်ဆည်းခန့်ထားပေးနိုင်ရေးအတွက်လည်းကောင်း စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဆရာများအတွက် လိုအပ်သည့် သင်ကြားမှုအရည်အချင်းများ ပြည့်ဝစေရေးအတွက်လည်း သတ်မှတ်အရည်အချင်း အရ စိစစ်ရွေးချယ်ခြင်း၊ ဒေသခံဆရာ/မများကို ဦးစားပေးခန့်အပ်ခြင်း၊ လိုအပ်သော ဆရာဖြစ်သင် သင်တန်းများ ပေးပြီး ဖြည့်ဆည်းစီမံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာလှမိုး (အောင်မြေသာစံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုကျောင်းများတွင် ကြုံတွေ့နေရသည်မှာ ကျောင်းအဆင့်တိုးမြှင့်ပြီး ဆရာ/မ မရှိသည့်အတွက် လက်ရှိ ဆရာ/မများက အတန်းများလာပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေပါကြောင်း၊ ကျောင်းသား/သူလည်း မှန်ကန်သည့် ပညာမရ ပါကြောင်း၊ ဝန်ကြီး၏ဖြေကြားချက်ထဲတွင် ယခုမှ စီမံဆောင်ရွက်ရန် စီစဉ်နေသည်ဟု ဖြေကြားထားသည့်အတွက် ယခုနှစ်ဘတ်ဂျက်တွင် တိုးမြှင့်ခန့်ထားပေးရန် အစီအမံမရှိခြင်း သို့မဟုတ် စီမံဆောင်ရွက်ပြီး ဘတ်ဂျက်အနေ အထားကြောင့် ခန့်ထားနိုင်ခြင်းမရှိခြင်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့်တိုးမြှင့်ခြင်းအတွက် ခွင့်ပြုချက်ကို အရင်တင်ပြတောင်းခံပါကြောင်း၊ ဖွဲ့စည်းပုံရရှိမှသာလျှင် ဖွဲ့စည်းပုံအရကိုက်ညီသည့် ဝန်ထမ်းဦးရေစာရင်းတင်ပြခြင်း၊ ခန့်ထားရန်ဘဏ္ဍာငွေတင်ပြခြင်း၊ အဆောက်အဦတိုးချဲ့ရန်၊ စာသင်ခန်းတိုးချဲ့ရန် စသဖြင့် လိုအပ်သော ဘဏ္ဍာငွေသုံးစွဲမှုများကို တင်ပြခြင်းများ ဆက်လက်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ နှစ်စဉ်အဆင့်ဆင့် တင်ပြဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ပညာရေးအဆင့်မြင့်ခြင်း လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။