မေးခွန်း အကြောင်းအရာ
ရေဦးမြို့ဟာ မူးမြစ်ကမ်းဘေးမှာတည်ရှိပြီး ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၆၇ အုပ်စုရှိပြီး၊ ကျေးရွာပေါင်း ၁၉၁ ရွာရှိပြီး ရန်ကုန်-မန္တလေးနှင့် အခြားမြို့ကြီးများကို အပြန်အလှန်ဆက်သွယ်ရာ ရေဦး-မုံရွာ-မန္တလေး ကားလမ်းနှင့် ရေဦး-ရွှေဘို-မန္တလေးကားလမ်း နှစ်လမ်းကို အဓိကထား အသုံးပြုသွားလာကြရပါကြောင်း၊ ရေဦး-မုံရွာ-မန္တလေးကားလမ်းသည် ၁၃၈ မိုင်ရှည်လျားပြီး ရေဦး-ရွှေဘို-မန္တလေးကားလမ်းမှာ ၉၅ မိုင်ရှည်လျားပါကြောင်း၊ ၎င်း လမ်းနှစ်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရေဦးမြို့နယ် မူးမြစ်ကူးတံတားကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ မီးရထားဝန်ကြီးဌာနက ဆောက်လုပ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၁၂၅ ပေရှည်လျားပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ရထားနှင့်ကားများ သွားလာနိုင်သော်လည်း ရထားသွားလာနိုင်စေရန်အတွက် အဓိကထား ဖောက်လုပ်ထားသော လမ်းဖြစ်ပါကြောင်း၊
ရေဦးမြို့အစုံမှ မုံရွာမြို့ကိုသွားသည့် ကားလမ်းနှင့် ရွှေဘို-မန္တလေးဘက်သို့ သွားသည့်လမ်း၊ ဘက်ကိုသွားသည့် မုံရွာဘက်မှ ရေဦးမြို့ ဘက်ကိုဝင်လားသည့် ကားလမ်းများက မူးတံတားမှ ရွှေဘို-မန္တလေးဘက်ကို ထွက်သွားသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ရေဦးမူးမြစ်ကူးတံတားသည် မီးရထား၊ ကား နှစ်မျိုး သွားလာနိုင်သော်လည်း ကားများ သွားလာရာတွင် တစ်လမ်းမောင်း သွားလာကြသည့်အတွက် တစ်နှစ်လျှင် ကားနှင့်ထော်လာဂျီ အကြီး၊ အသေး စုစုပေါင်း အစီးရေ ၆၀၀ ခန့်ဝန်းကျင်နှင့် မော်တော်ဆိုင်ကယ် ၂၅၀၀၊ ၃၀၀၀ ခန့် အသုံးပြု ဖြတ်သန်း သွားလာလျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖောက်လုပ်ထားသော လမ်းများကို မီးရထားဝန်ကြီးဌာနက ဆောက်လုပ်ထားသော တံတားဖြင့် ဆက်သွယ်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သွားလာရန် လွယ်ကူခြင်းတို့ကြောင့် ရေဦးမြို့နယ် မူးမြစ်ကူးတံတားကို ဖြတ်ပြီး ရေဦး-ရွှေဘို-မန္တလေး ကားလမ်းကို ယခင်ကထက် ကားကြီး/ကားငယ် အရေအတွက်နှင့် အသုံးပြုယာဉ်များ ပိုမိုများပြားလာခြင်းကြောင့် တံတားပေါ်တွင် လမ်းပိတ်ဆို့မှု မကြာခဏဖြစ်ခြင်း၊ တံတားအဝင်/ထွက်များကို တစ်ဖက်နှင့်တစ်ဖက် စောင့်ကာသွားလာရခြင်းတို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားတစ်စင်း ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိနေသည့်အတွက် ၁၈-၁-၂၀၁၇ ရက်နေ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ခရီးစဉ်မှာလည်း မိမိမှတင်ပြခဲ့သည့်အတွက် ရေဦးမြို့တွင် အဓိကအားထား အသုံးပြုလျက်ရှိသော ရေဦး-ရွှေဘို-မန္တလေးကားလမ်းမကြီးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရေဦးမူးမြစ်ကူးတံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်သည့် ရေဦး-ခင်ဦး (မူးမြစ်ကူးတံတား ချဉ်းကပ်လမ်း) မိုင် ၁/၃ နှင့် ၁/၇ အကြား ၂၁၂၅ ပေအရှည်ရှိ ၁၄ ပေ ၆ လက်မရှိသည့် မူးမြစ်ကူး မီးရထားတံတားကို ၁၉-၅-၁၉၉၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၉-၄-၂၀၀၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုအချိန်အထိ အသုံးပြုလျက်ရှိပြီး သွားလာသည့် ယာဉ်အစီးရေမှာ ၅၀၀ ကျော်ရှိပါကြောင်း၊
ယခင်ကထက် ပြည်သူများ ပိုမိုအသုံးပြုလာခြင်း၊ ကားကြီး/ကားငယ် အရေအတွက်နှင့် အသုံးပြုယာဉ်များ ပိုမိုများပြားလာခြင်း၊ တံတာပေါ်တွင် လမ်းပိတ်ဆို့မှု မကြာခဏဖြစ်ခြင်း၊ တံတား အဝင်/ထွက်များကို တစ်ဖက်နှင့် တစ်ဖက်စောင့်၍ သွားလာနေရခြင်းတို့ မဖြစ်ပေါ်စေရန်အတွက် တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မှစတင်ပြီး တိုင်းဒေသကြီးရန်ပုံငွေတွင် ထည့်သွင်းလျာထား ပေးသွားမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီး သံကူကွန်ကရစ်တံတား တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
