(ခ)-နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား(မ ကွေး) လမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၆/ဝ)မှ(၂၂/၆) အထိလမ်းအကျယ်ကိုအနည်းဆုံး(၁၈)ပေအကျယ် ချဲ့ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ (၂၀.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u win winနေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြားလမ်းပိုင်းပေါ်ရှိ မိုင်တိုင်အမှတ်(၆) မှ ၂၂ မိုင် ၆ ဖာလုံအထိ  လမ်း၏ အကျယ်က ၁၂ ပေသာရှိပြီး အကွေ့အကောက် အလွန်ပေါများပါကြောင်း၊ မကွေးတိုင်းဒေသကြီး ကသာမက ရခိုင်ပြည်နယ်က လာရောက်သော ခရီးသည်များ နေပြည်တော်နှင့် ရန်ကုန်သို့ သွားရောက်ပါက ၎င်းလမ်းကို အသုံးပြု ရပါကြောင်း၊ လမ်းက အလွန် ကြပ်တည်း သောကြောင့် အဝေးပြေး ကားကြီးများကို  လမ်းဘေးရှောင်မောင်း လိုက်ပါက လမ်းပုခုံးသား များကလည်း မကောင်းမွန်ဘဲ အချို့နေရာများတွင် အနိမ်‌့အမြင့်များက ချောက်များကဲ့သို့ ဖြစ်ပြီး လမ်းချော်သောကြောင့် အလွန်အန္တရာယ် ရှိသော အနေအထား များဖြစ်ပါကြောင်း၊

ထို့ကြောင့် ၎င်းလမ်းအပိုင်းသည် အတက်အဆင်း၊ အကွေ့အကောက် များစွာရှိပြီး ကားနှစ်စီး လွတ်လပ်စွာ ရှောင်နိုင်ရန်အတွက် လမ်းချဲ့ပေးရန် လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား(မကွေး) လမ်းပိုင်းပေါ်ရှိ မိုင်တိုင် အမှတ်(၆) မှ ၂၂ မိုင် ၆ ဖာလုံ လမ်းအထိ လမ်းကို အနည်းဆုံး ၁၈ ပေအကျယ်အထိ ချဲ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u kyaw linnပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးသို့ ဆက်သွယ်ထားသော နေပြည်တော် -တောင်ညို -မြို့သစ်- ကန်ပြား(မကွေး) လမ်းသည် နေပြည်တော် -တောင်ညို -ချောင်းနက် -တောင်းတွင်းကြီးလမ်း၏ မိုင်တိုင် (၂၅/၄) ပန်းတင်ရွာမှ လက်ယာဖက်သို့ ခွဲထွက်သွားသော လမ်းပိုင်းဖြစ်ပြီး အရှည် ၇၉ မိုင် ၄ ဖာလုံရှိပြီး နေပြည်တော်အပိုင်းတွင် ၂၂ မိုင် ၆ ဖာလုံပါဝင်၍ ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းအမျိုးအစားဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မိုင်တိုင် (၅/၇) မှ (၁၁/၅) အထိ ၅ မိုင် ၆ ဖာလုံအား ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၁၈ ပေအကျယ် လမ်းချဲ့ရန် ကျန်ရှိနေသော မိုင်တိုင် (၁၁/၅) မှ (၂၂/၆) အထိ ၁၁ မိုင်အပိုင်းကို လိုအပ်သော ရန်ပုံငွေများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် အပြီးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။