(စ)-၂၀၁၀ ခုနှစ်က ဖောက်လုပ်သည့် ခပေါင်းရေ လွှတ်တမံကြောင့်ဆုံးရှုံးခဲ့ရသောလယ်ယာမြေများ အတွက် နစ်နာမှုဖြေလျော့ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၃.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

cho choအုတ်တွင်းမြို့နယ်တွင် ၂၀၀၁-၂၀၀၂ ခုနှစ်က ခပေါင်းရေလှောင်တမံဘက်စုံစီမံကိန်းကို စတင် အကောင်အထည်ဖော်ကာ ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ပင်မတမံကြီးနှင့် အဝေရာရေထိန်းတမံများကို တည်ဆောက်စဉ်ကလည်း ရေဝပ်ဧရိယာအတွင်းသို့ ရောက်ရှိခဲ့သည့် ရွာပေါင်း ၁၄ ရွာသည် ပြောင်းရွှေ့ခဲ့ရပြီး လယ်ဧက ၂၀၀ ကျော်သည်လည်း ရေများနစ်မြုပ်ခဲ့ရပါကြောင်း၊

ပြောင်းရွှေ့စဉ်က ဒေသခံပြည်သူများကို ပြောင်းရွှေ့ခအဖြစ် တစ်အိမ်ထောင်ကို ၇၀၀၀ နှုန်းသာ လျော်ကြေးပေးသည့်အတွက် ဒေသခံပြည်သူအများစုအနေဖြင့် ထုတ်ယူခြင်းမရှိကြပါကြောင်း၊ ရွာများပြောင်း‌ရွှေ့ရခြင်းကြောင့် အခက်အခဲများ များစွာဖြစ်ကာ ယခုထိတိုင် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း တွေ ပြည့်စုံစွာမရှိသေးပါကြောင်း၊

အဝေရာရေထိန်းတမံမှ ရေများကို ရေပေးဝေစနစ်အသုံး ပြုရန်အတွက် အုတ်တွင်းမြို့နယ်အတွင်း ခပေါင်းလက်ယာတူးမြောင်းမကြီးတည်ဆောက်ရာ အရှည် ၃၀.၆၃ မိုင်၊ အကျယ်ပျမ်းမျှပေ ၂၀၀ ခန့်နှင့် လက်ယာလက်တံမြောင်းကို အရှည် ၂၉.၃ မိုင်နှင့် အကျယ်ပျမ်းမျှပေ ၁၄၀ ခန့်ဖြင့် ၂၀၁၀ ခုနှစ်ခန့်မှာ တည်ဆောက်ခဲ့ပါကြောင်း၊ ထိုတည်ဆောက်မှုကြောင့် ဒေသခံတောင်သူများ၏ လယ်ယာမြေဧက ၁၂၀၀ ကျော်ခန့် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊

လယ်ယာမြေများကို ရေပေးဝေစနစ်သုံးဖို့အတွက် ုရေလှောင်တမံကြီးများ၊ တူးမြောင်းမကြီးများနှင့် လက်တံမြောင်းများ တည်ဆောက်ခြင်းသည် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်နေသည်မှာ မှန်သော်လည်း ယခုလိုတည်ဆောက်ခြင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသည့် တောင်သူများကို ဖြေလျှော့မှုများအဖြစ် နစ်နာကြေးများ ပေးသင့်ပါကြောင်း၊ ခပေါင်းရေလွှတ်တမံ တည်ဆောက်ရေးအတွက် နစ်နာကြေးတစ်စုံတရာမရရှိခဲ့ဘဲ ဆင်းရဲချို့တဲ့ ကြပ်တည်းစွာဖြင့် ဘဝကို ကြိုးစားရုန်းကန်နေကြရပါကြောင်း၊  

ယခုကဲ့သို့ လယ်ယာမြေများကို သိမ်းဆည်းခဲ့ရာတွင်လည်း ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ အများပြည်သူသိရှိရန် ကြေညာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ လျော်ကြေးငွေ တွက်ချက်ခြင်း၊ လျော်ကြေးထုတ်ပေးခြင်းစသည့် ဥပဒေနှင့်အညီ သိမ်းဆည်းခြင်းမဟုတ်ဘဲ စနစ်တကျ အမှုတွဲမတည်ဆောက်ဘဲ သိမ်းဆည်းခဲ့သည့်အတွက် လယ်ယာမြေ သိမ်းဆည်းခံရခြင်းသည် မတရားသိမ်းဆည်းခံရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၀ ခုနှစ်က ဖောက်လုပ်သည့် ခပေါင်းရေလွှတ်တမံကြောင့် ဆုံးရှုံးခဲ့ရသော လယ်ယာမြေများ အတွက် နစ်နာမှုဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawခပေါင်းရေလှောင်တမံတွင် ပါဝင်သည့် လက်ယာတူးမြောင်းကို အုတ်တွင်းမြို့နယ်အတွင်းရှိ လယ်မြေဧက ၄၀၀၀၀ ကို ရေပေးဝေရန်နှင့် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ပြီး ၁၉၉၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော် ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၉၃) သဘောတူခွင့်ပြုချက်အရ ခပေါင်းရေလှောင်တမံ တည်ဆောက်မှုနှင့် ဆက်စပ်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်းပဲ ထိုအချိန်ကာလက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တောင်သူ လယ်သမားများ၏ နစ်နာမှုအတွက် ဆောင်ရွက်ပေးနိုင်ခဲ့မှုများတွင် အားနည်းချက်များ ရှိသည်မှ မှန်ကန်ပါကြောင်း၊ လက်ယာ တူးမြောင်းဖောက်လုပ်ခဲ့ရာမှာ စီမံကိန်းဧရိယာနှင့်မလွတ်ကင်းတဲ့ လယ်ယာအချို့တွေပါဝင်သွားရပြီး နစ်နာခဲ့သည့် တောင်သူများကို နစ်နာကြေးပေးရန်ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီးနောက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများကြောင့် ဖြစ်ပေါ် လာသည့် နစ်နာဆုံးရှုံးမှုများကို  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  ယခုအချိန်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဒုတိယသမ္မတ(၂) ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်‌ရေးဗဟိုကော်မတီဖွဲ့စည်းထား ရှိပြီးဖြစ်ခြင်းကြောင့် နစ်နာမှုရှိသည့် ဒေသခံတောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ယင်းညှိနှိုင်းဆောင်ရွက် ရရှိသည့် တင်ပြချက်ကို ကော်မတီသို့ ဆက်လက်တင်ပြအဆုံးအဖြတ် ရယူသွားနိုင်ရန် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ချိုချို(အုတ်တွင်း)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော၏ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှုတွင် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကလည်း ထိခိုက်နစ်နာမှုတွေကို လျော်ကြေး ပေးရန် လမ်းညွှန်ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည့်အတွက် မိမိတို့မြို့နယ်တွင်ရှိသော တောင်သူ များ၏ လယ်ယာမြေဆုံးရှုံးမှုအတွက် နစ်နာမှုကို ဖြေလျှော့ပေးဖို့ရန် မည်သည့်အချိန်ကာလတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးလှကျော်

သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်ပြီးနှစ်ပိုင်း ပိုင်းခြားထားမှုရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ မတိုင်ခင်ကိစ္စရပ်များကို အမှန်တကယ်နစ်နာဆုံးရှုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒုတိယသမ္မတ(၂)ဦးဆောင်သည့် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြား မြေများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ က စိစစ်ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ နစ်နာမှုရှိသည့် တောင်သူများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အဆိုပါကော်မတီကို တင်ပြပေးရန်နှင့် သက်ဆိုင်သည် ဝန်ကြီးဌာနအနေဖြင့်လည်း အမှန်တကယ်ဖြစ်ပေါ်ခဲ့သည့် အခြေအနေအပေါ် ပြန်လည်စိစစ်ပြီး ထောက်ခံမှုနှင့် အဆုံးအဖြတ်ရယူဆောင်ရွက်ပေးသွားနိုင်မည့်အခြေအနေဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။