မေးခွန်း အကြောင်းအရာ
သစ်တောဦးစီးဌာနက ဆောင်ရွက်နေသည့် သစ်နှင့်သစ်တောထွက် ပစ္စည်းများတရားမဝင် ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုများအပေါ် ဥပဒေနှင့်အညီ စစ်ဆေးအယူမှုများနှင့် ပတ်သက်၍ ဖမ်းဆီးရမိသော သစ်နှင့်သစ်တောထွက်ပစ္စည်းများကို ဌာနက သတ်မှတ်ထားသည့် ပုံစံဖြစ်သည့် မှတ်တမ်းပုံစံ (၈) တွင် မှတ်တမ်းတင်ထိန်းသိမ်းပြီး ဥပဒေနှင့်အညီ တရားစွဲဆိုခြင်း၊ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း၊ အမှုကိစ္စများပြီးပြတ်လျှင် ဌာနစုံ သို့မဟုတ် လေလံတင်ဒါဖြင့် ရောင်းချခြင်းများ ပြုလုပ်ဆောင်ရွက်ကြပါကြောင်း၊ သတင်းနှင့်စာနယ်ဇင်းများတွင် ဖော်ပြသည့် သတင်းများအရ ၂၀၁၇ ခုနှစ် ဧပြီလ နှင့် မေလအတွင်း လားရှိုးမြို့နှင့် သိန္နီမြို့ကြားတွင် ၁၂ ဘီးကား ၅ စီး၊ မန္တလေးနှင့် မူဆယ်လမ်းတွင် တမလန်းသစ်နှင့် ပိတောက်သစ် ၁၂ ဘီးကားနှင့် ၉ စီး၊ နမ့်စန်မြို့နယ်တွင် သစ်မျိုးစုံ ၄၀၂ တန်၊ ပခုက္ကူနှင့် မြိုင်ကားလမ်းတွင် သစ်ခွဲသားဆိုဒ်ကြီး ၁၂ ဘီးကား ၁ စီး၊ ချင်းတွင်းမြစ်သွားသည့် ရေရင်းမှရေစကြို မြို့နယ်အတွင်း တမလန်းသစ် ခုနစ်တန် စသည်ဖြင့် သစ်များဖမ်းဆီးရရှိသည့် သတင်များဖတ်ရှုရပါကြောင်း၊
ဖမ်းဆီးရမိသည့် သစ်နှင့်သစ်တောထွက် ပစ္စည်းများသည် ပြည်သူပိုင်ပစ္စည်းများဖြစ်သည့်အတွက် ပြည်သူအများ သိရှိအောင်ရှင်းလင်းချပြသင့်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ပုံစံဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများနှင့်ပတ်သက်၍ သစ်တောဦးစီးဌာန၏ ဆောင်ရွက်မှုအခြေအနေကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိ၊ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များအတွင်း ဖမ်းဆီးရမိသော ပုံစံ (၈) ဝင်သစ်များနှင့် ပတ်သက်၍ ဖမ်းဆီးပမာဏ၊ ခန့်မှန်းတန်ဖိုး၊ အမှု အရေအတွက်၊ အရေးယူဆောင်ရွက် ပြီးပြတ်မှုအခြေအနေ၊ အများဆုံးဖမ်းဆီးရမိဒေသနှင့် ကာကွယ် တားဆီး ဆောင်ရွက်မှုအခြေအနေများ ဖြေကြားပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်သစ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံနှင့် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ကျွန်း၊ သစ်မာ၊ အခြားအပါအဝင် ၄၆၁၅၃ တန်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၅၀၀၂၆ တန်ကို ဖမ်းဆီးရရှိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသည့် ယာဉ်များကို စစ်ဆေးကြည့်သည့်အခါ ၈၀ ရာခိုင်နှုန်းသည် လိုင်စင်မဲ့များ ဖြစ်ကြ ပါကြောင်း၊
ဆက်လက်ပြီး ဖမ်းဆီးရရှိသည့် အမှုအရေအတွက်များမှာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အမှုပေါင်း ၁၅၂၄၃ မှု၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၆၃၂၀ မှု ဖြစ်ပါကြောင်း၊ သစ်တော ဥပဒေ၊ နည်းဥပဒေ ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁)၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သည့် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ နှင့် အရေးယူ ဆောင်ရွက်သည့် နေရာတွင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်များအတွင်း တစ်နှစ်ချင်းအလိုက် ဖမ်းဆီးရမိမှုနှင့် အမှုပြီးပြတ်သည့် အခြေအနေများအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၁၅၂၄၃ မှုရှိသည့်အနက် ၁၃၉၇၅ မှုနှင့် ၂၀၁၆- ၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၆၃၂၀ မှုရှိသည့်အနက် ၁၄၁၀၆ မှုတို့သည် ပြီးပြတ်ခဲ့ပါကြောင်း၊ အမှုကျန်ရခြင်း၏ အကြောင်းအရင်းမှာ (၁) တရားရုံးတွင် စီစဉ်နေဆဲ၊ (၂) တရားရုံးတွင် သက်သေခံများ ပြည့်စုံမှုမရှိခြင်း၊ (၃) တရားခံ ရှောင်ပြေးခြင်းနှင့်၊ (၄) တရားရုံးကချမှတ်ပေးခဲ့သော်လည်း ပြစ်ဒဏ်နှင့် ပြစ်မှုနှင့်က ဆီလျော်မှုမရှိ၍ ပြန်လည်ပြင်ဆင်ပြီး အယူခံဝင်ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ သို့သော်လည်း ယခင်နှစ်အမှုလက်ကျန် ၂၃၈၀ မှုကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ၁၆၃၅၅ မှုနှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၅၁၆၆ မှုကို အမှုပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
ဖမ်းဆီးရမိသည့် ခန့်မှန်တန်ဖိုးများနှင့်ပတ်သက်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အမှုပြတ်ပြီး ပုံစံ (၈) ဝင် တရားမဝင်သစ်၊ ကျွန်း၊ သစ်မာ (သစ်လုံး/ခွဲသား) အပါအဝင် ၃၄၂၂၁ တန်ဖြစ်သည့် အတွက် ကြောင့် ကြမ်းခင်းဈေးအရ ကျပ်သန်းပေါင်း ၃၈၅၀ ကျော် ရရှိခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အတွင်း အမှုပြတ်ပြီး ပုံစံ (၈) ဝင် တရားမဝင်သစ်၊ ကျွန်း၊ သစ်မာ(လုံး/ခွဲသား) စုစုပေါင်းက ၅၀၂၄၅ တန်ဖြစ်သည့်အတွက် ကြမ်းခင်းဈေးအရ ကျပ်သန်း ပေါင်း ၅၃၁၀ ကျော် ရရှိခဲ့ပါကြောင်း၊ ဖမ်းဆီးသစ် များကို မြန်မာ့သစ်လုပ်ငန်းအား လွှဲပေးရပါကြောင်း၊ ရက်ပေါင်း ၂၀ အတွင်း မြန်မာ့သစ် လုပ်ငန်းက လက်ခံရယူခြင်းမရှိသော ဖမ်းဆီးသစ်များကို သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်များတွင် လေလံစီမံချက်ရေးဆွဲပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စီမံခန့်ခွဲမှု ကော်မတီ၏ ခွင့်ပြုချက်နှင့်အညီ ဒေသတွင်း ပြည်သူများသုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကိုကျော်၍သယ်ယူခွင့်မပြုဘဲ ကန့်သတ်ချက်ဖြင့် လေလံတင် ရောင်းချလျက် ရှိပါကြောင်း၊
ထို့အပြင် ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လုပ်ငန်းစဉ်ခုနစ်ရပ်ချမှတ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအစီအစဉ်ဖြင့် တစ်ကြိမ်ကို ခွဲသားတန် ၂၀၀ နှင့် ရောင်းချပေးပြီး အစိုးရဌာနအဖွဲ့အစည်းများ လိုအပ်ချက်အရ ဆက်လက်ဆောင်ရွက် ပေးနေ ပါကြောင်း၊ ၎င်းနေရာတွင် ဆက်လက်ပြီး အမှုအများဆုံးဖမ်းဆီးရရှိခြင်းနှင့်ပတ်သက်ပြီး တိုင်း ဒေသကြီး/ပြည်နယ်အလိုက် တရားမဝင်သစ် ဖမ်းဆီးရရှိရေးကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများမှာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ခိုလမ်ဒေသတွင် တရားမဝင် သစ် စုစုပေါင်း ၁၃၂၉.၃၆၂ တန်ကိုလည်းကောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသတွင် တရားမဝင်သစ်စုစုပေါင်း ၇၀၄၃.၈၈၄ တန်ကို လည်းကောင်း အများဆုံးဖမ်းဆီးရရှိခဲ့ပါကြောင်း၊
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်များ ခိုးယူထုတ်လုပ်မှု လျော့နည်းပပျောက်စေရေးအတွက် တရားမဝင်သစ်ထုတ်လုပ်မှုများ ဖမ်းဆီးရရှိရေးကို အဓိကတရား မဝင်သစ်သယ်ယူသည့် လမ်း ကြောင်းနှင့် မြစ်ကြောင်းများ တလျှောက် တရားမဝင်သစ်များ ထွက်ရှိသည့် ခရိုင်များတွင် လက်ထောက်ညွှန်ကြားရေးမှူးများ ခေါင်းဆောင်ပြီး စစ်ကြောင်းပုံစုံဖြင့် ဖမ်းဆီးခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် သတင်းပေး တိုင်ကြားမှုအပေါ် သစ်တောဦးစီးဌာန (ရုံးချုပ်) စစ်ဆေးရေး အစီအစဉ်ဖြင့် ကွင်းဆင်းဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်မှလည်း ဝန်ထမ်းများ အကျင့်စာရိတ္တကောင်းမွန်စေရန်နှင့် ဖမ်းဆီးသည့်နေရာတွင် ပိုမိုပြီးဖမ်းဆီးနိုင်ရန်အတွက် တရားမဝင်သစ် ဖမ်းဆီးမှုကို အားပေးသည့်အနေဖြင့် ဆုကြေးအဖြစ် ပုံစံ (၈) သစ် ကြမ်းခင်းဈေး ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူအားလည်းကောင်း၊ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးသည့် အဖွဲ့အစည်းအား လည်းကောင်း၊ ယခုဘဏ္ဍာရေးနှစ်ကစပြီး တိုးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခု ၂၀၁၇ ခုနှစ် ကစပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် တရားမဝင်သစ်ခုတ်လှဲထုတ်လုပ်မှုများ၊ ရောင်းဝယ်မှုများကို ပိုမိုထိရောက်စွာ ကာကွယ် တားဆီးနိုင် ရန်အတွက် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Hot Line တယ်လီဖုန်းနံပါတ်များကို လူမှုကွန်ယက် စာမျက်နှာများ၊ သတင်းမီဒီယာများနှင့် နေ့စဉ်သ တင်းစာများတွင် ဖော်ပြလျက်ရှိပါကြောင်း၊ ထို့အပြင် တရားမဝင်သစ်ခိုးထုတ်မှုများပြားသည့် ဒေသများ တွင် တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး ဟောပြောပွဲများကိုလည်း ကျင်းပပြီး အသိ ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ် တော်ကြီးမေးသည့် မေးခွန်းတွင် Chain Saw နှင့်ပတ်သက်ပြီး နေရာတိုင်းတွင် သစ်တောဦးစီးဌာနမှာ တရားဝင် မှတ်ပုံမတင်ထားသည့် Chain Saw များကိုလည်း အကုန်လုံးကို ဖမ်းဆီးအရေးယူလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်ခိုးယူမှုများ၊ မတရားထုတ်လုပ်မှုများကို လျော့နည်းပပျောက်အောင် နည်းမျိုးစုံနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
