မေးခွန်း အကြောင်းအရာ
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များထံမှ လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို QC အရည်အသွေးစစ်ဆေးရန်အတွက် ဖြတ်တောက် ကောက်ခံပါ ကြောင်း၊ ထို့သို့ ကောက်ခံရန်အတွက် ပြည်နယ်အစိုးရ၏ အောက်တွင် လူ ၂၀ ကျော် ခန့်ပါဝင်သည့် အရည်အသွေး စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊ ယင်းအဖွဲ့တွင် ဌာနအငြိမ်းစားဝန်ထမ်းများ၊ ကျောင်းပြီးစ အင်ဂျင်နီယာများနှင့်သာ ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း၊ QC အရည်အသွေးစစ်ဆေးရန်အတွက် ၅ ရာခိုင်နှုန်း စုစုပေါင်း ၁၂ ရာခိုင်နှုန်းအထိ အခွန်ဆောင်ထားရသည့်အတွက် လုပ်ငန်းအရည်အသွေး၊ စံချိန် စံညွှန်းမမီနိုင်သည့်ကို သိရှိရပါကြောင်း၊ အထက်သို့ တင်ပြမည်ဆိုပါကလည်း နောက်နှစ်တင်ဒါများကို ရရန် ခက်ခဲသွားမည့်အတွက် တင်ပြခြင်းမပြုသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ဖြစ်သင့်၊ ဖြစ်ထိုက်သည့် ကိစ္စများ ဖြစ်လာနိုင်ရန်နှင့် ၅ ရာခိုင်နှုန်းဖြတ် ငွေများကို သုံးစွဲရာတွင် ပွင့်လင်းမြင်သာနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ (၁) ရခိုင်ပြည်နယ်အစိုးရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်တွင် တည်ရှိသော လုပ်ငန်းတင်ဒါများထံမှ ရရှိသည့် လုပ်ငန်းတစ်ခုချင်းအလိုက် လုပ်ငန်းတန်ဖိုးငွေ ၅ ရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံမှုကိုလည်းကောင်း၊ အရည်အသွေး QC စစ်ဆေးရာတွင် မည်ကဲ့သို့ သုံးစွဲပြီး လက်ကျန်ငွေမည်မျှရှိသည်ကို လည်းကောင်း၊ ဤကဲ့သို့ကောက်ခံခြင်းသည် ဥပဒေနှင့် ညီ/မညီ ကိုလည်းကောင်း၊ ဥပဒေနှင့်မညီပါက မည်သို့ အရေးယူဆောင်ရွက်သွားမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ရာ၌ နည်းပညာအသုံးပြုပြီး စနစ်တကျပြီးစီးရေး၊ ကျွမ်းကျင်သောကန်ထရိုက်အဖွဲ့အား ရွေးချယ် တာဝန်ပေးအပ်နိုင်ရေး၊ စောင့်ကြည့်စစ်ဆေးသောအဖွဲ့များ စီမံထားရှိနိုင်ရေးတို့သည် အရေးကြီးသော ကိစ္စရပ်များဖြစ်ပါကြောင်း၊ ဒေသန္တရဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ပြည်နယ်အစိုးရသည် စီမံခန့်ခွဲကြီးကြပ်သူအဖြစ်ပါဝင်ရပြီး နိုင်ငံတော်၏မူဝါဒများနှင့်အညီ အထက်ပါ ကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ခြင်း၊ အကြံပေးအဖွဲ့(Consultant)ငှားရမ်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးစိစစ်ရေးကော်မတီဖွဲ့စည်း၍ ရခိုင်ပြည်နယ် အနှံ့ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံစစ်ဆေးလျက်ရှိသော်လည်း ကော်မတီအနေဖြင့် မိမိဌာန လုပ်ငန်းတာဝန်များရှိနေခြင်းကြောင့် အချိန်ပြည့်စောင့်ကြည့်ရန် ခက်ခဲခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ထိရောက်စွာ မစစ်ဆေးနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် ကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့ဖြင့် စစ်ဆေးကြပ်မတ်နိုင်ရန်အတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရခြင်းဖြစ် ပါကြောင်း၊ အဆိုပါအဖွဲ့တွင် ဌာနမှ အတွေ့အကြုံရှိ အငြိမ်းစား အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာ ဘွဲ့ရဒေသခံလူငယ်များကို ခရိုင်/မြို့နယ်များရှိ တည်ဆောက်ရေး လုပ်ငန်းကော်မတီအဖွဲ့များနှင့် ပေါင်းစပ်၍ မြေပြင်အရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွင်းဆင်းစစ်ဆေးစဉ် ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်၊ လစာနှင့် စစ်ဆေးရေးကိရိယာများ ဝယ်ယူရေးအတွက် ဒေသန္တရဆောက်လုပ်ရေးလုပ်ငန်း ပြည်နယ်ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေပါ လုပ်ငန်းများထဲမှ ၂.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဖြတ်တောက်ကောက်ခံသုံးစွဲလျက်ရှိပါကြောင်း၊
ရန်ပုံငွေများကို ဖြတ်တောက်ကောက်ခံသုံးစွဲရာတွင် ကျွမ်းကျင်သည့် ငွေစာရင်းတာဝန်ခံများ ခန့်အပ်၍ စာရင်းစစ်ဆေးခံနိုင်သည်အထိ စီမံဆောင်ရွက်ထားပြီး ဆောင်ရွက်မှုအခြေအနေအား ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြု သုံးစွဲခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီများဆောင်ရွက်သည့်လုပ်ငန်းများမှ ကျပ် ၁၃၈၄.၆၇ သန်း ဖြတ်တောက်ကောက်ခံရရှိထားပြီး ၃/၂၀၁၇ လအထိ ကျပ် ၄၂၈.၇၃ သန်း သုံးစွဲခဲ့ သဖြင့် ကျပ် ၉၅၅.၉၄ သန်းစာရင်းပိတ်လက်ကျန်ငွေအဖြစ် ဘဏ်တွင် ကျန်ရှိပါကြောင်း၊
အထက် ဖော်ပြပါဒေသန္တရဆောက်လုပ်ရေးလုပ်ငန်း ပြည်နယ်ရန်ပုံငွေနှင့် ပြည်ထောင်စု ရန်ပုံငွေများထဲမှ ဖြတ်တောက်ကောက်ယူမှုနှင့်ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေး ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံး၏အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားသည့် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန် စာအုပ်အပိုဒ် ၃၆ တွင် (Quality Control)အရည်အသွေးစစ်ဆေးခြင်းများကို လိုအပ်သလို ဆောင်ရွက်ရမ ည်ဖြစ်ပြီး လုပ်ငန်းတန်ဖိုးအလိုက် ကျပ်သန်း ၁၀၀၀ အောက် ၈ ရာခိုင်နှုန်း၊ ကျပ်သန်း ၁၀၀၀ မှ ၂၀၀၀ အထိ ၇ ရာခိုင်နှုန်း၊ ကျပ်သန်း ၂၀၀၀ အထက် ၆ ရာခိုင်နှုန်း သုံးစွဲနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသဖြင့် အဆိုပါလမ်းညွှန်ချက်နှင့်အညီ စနစ်တကျဖွဲ့စည်းစစ်ဆေးသုံးစွဲ ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်းနှင့် ပိုလျှံငွေများရှိပါက ပြည်နယ်အတွက်လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဖြည့်စွက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးဖေသန်း(မြေပုံ)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီး၏ ပြန်လည်ဖြေကြားချက်တွင် လုပ်ငန်းတစ်ခုချင်းအလိုက် ဖော်ပြနိုင်ခြင်းမရှိဘဲ အကုန်လုံးစုပေါင်း၍ ဖြေကြားထားသည့်အတွက် ပြည့်ပြည့်စုံစုံ မဖြေနိုင်ခြင်းသည် အားနည်းချက် ဖြစ်ပါကြောင်း၊ ကန်ထရိုက် လုပ်ငန်းအပိုဒ် ၃၆ ကို ညွှန်းပြီး ၈ ရာခိုင်နှုန်းအထိ ကောက်ယူနိုင်ကြောင်း ဖြေကြားခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ QC ၅ ရာခိုင်နှုန်း စသည်ဖြင့် နှုတ်လိုက်မည်ဆိုပါက မူလခန့်မှန်းတွက်ချက်ထားသည့် တန်ဖိုးလျော့သွားပြီး အရည်အသွေးမီသည့် လုပ်ငန်းများ ဖြစ်မလာနိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများကို Estimate ထဲက ထုတ်နုတ် သုံးစွဲခြင်းဟုတ်/မဟုတ်၊ ထပ်ဆောင်းပေါင်းထည့်ပေးခြင်း ဟုတ်/မဟုတ်၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက စစ်ဆေးပြီး ကာလအချိန်သတ်မှတ်ချက်မတိုင်မီ ပျက်စီးခဲ့ပါက မည်သူ့တွင် တာဝန်ရှိသည်နှင့် နောင်လာမည့် ဘဏ္ဍာနှစ်များတွင် အရည်အသွေးကောင်းမွန်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါ ခေါ်ယူရာတွင် လိုအပ်ချက်များအတွက် မည်သို့လျော့ပေါ့ပြီး အကောင်းဆုံးစီမံ ဆောင်ရွက်သွားမည် ဆိုသည့် အချက်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ရခိုင်ပြည်နယ် အစိုးရက ပြန်ကြားလာသည့်စာအရ ၁၃၈၄.၆၇ သန်းဖြတ်တောက်ပြီး အသေးစိတ်စာရင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ရှိပါကြောင်း၊ ထို့ကြောင့်ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ထပ်မံတောင်းခံပြီး ကိုယ်စားလှယ်တော်ကြီးကို အသေးစိတ်စာရင်း ပေးမည်ဖြစ်ပါကြောင်း၊ ၅ ရာခိုင်နှုန်းဖြတ်တောက်ခြင်းသည် မူလဘတ်ဂျက်ထဲက ၅ ရာခိုင်နှုန်းကို ကျခံရမှာဖြစ်ပါကြောင်း၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက စစ်ဆေးပြီး ကာလအချိန်သတ်မှတ်ချက်မတိုင်မီ ပျက်စီးခဲ့ပါက ကန်ထရိုက်တာသည် စာချုပ်စာတမ်းအရ ကန်ထရိုက်တာသည် အလုံးစုံတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ကန်ထရိုက်တာသည် အဓိကတာဝန်ရှိပါကြောင်း၊
နောင်လာမယ့်နှစ်များတွင် Quality ပြည့်မီရန် အရည်အသွေးကောင်းမွန်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါ ခေါ်ယူရန်နှင့် ပတ်သက်၍ Quality ကောင်းမွန်ရေးသည် အင်မတန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် တင်ဒါစည်းမျဉ်းစည်းကမ်းများ ညွှန်ကြားချက်ထုတ်ပြန်ထားပါကြောင်း၊
တင်ဒါခေါ်ယူရာတွင် Two Envelope System ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမ စာအိတ်တွင် Technical ကို စိစစ်မည်ဖြစ်ပြီး Technical အောင်သည့် ကုမ္ပဏီများသာ ဒုတိယအကြိမ် လုပ်ငန်းပြိုင်ဆိုင်ချိန်တွင် ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းပြိုင်ဆိုင်ချိန်တွင်လည်း အနိမ့်ဆုံးကြမ်းခင်း ဈေးနှင့် အမြင့်ဆုံးကြမ်းခင်းဈေး နှစ်ခုထားရှိကာ အမြင့်ဆုံး ကြမ်းခင်းဈေးကျော်လွန်လျှင် သော် လည်း ကောင်း၊ အနိမ့်ဆုံးကြမ်းခင်းဈေးထက်အောက်ဆိုလျှင် သော်လည်းကောင်း ရွေးချယ်ခြင်းမပြုပါ ကြောင်းနှင့် ကြမ်းခင်းဈေးကိုလည်း တရားဝင်ကြိုတင်ကြေညာရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
