(င)-BOTစနစ်ဖြင့်လုပ်ကိုင်ခွင့် ပေးထားသောလမ်း များ၏အရည်အသွေးသည် ပြည်သူများ ပေးဆောင် နေရသည့် လမ်းအသုံးပြုခ နှုန်းထားများနှင့် ထိုက် တန်မှု မရှိ ဖြစ်နေခြင်းများကို မည်ကဲ့သို့ စိစစ်ကြပ် မတ်ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၂.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr khin soe soe kyiပဲခူးတိုင်းဒေသကြီးအတွင်း  B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ ၆ ခု ရှိပါကြောင်း၊ မိမိတို့ပဲခူးတိုင်း အနောက်ခြမ်းတွင် မက်(စ်) ကုမ္ပဏီနှင့် နေလသစ္စာ ကုမ္ပဏီတို့က လမ်းများကို B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ပြည်သူများသည် ယခုအချိန်တွင် ပေးဆောင်ရသည့် လမ်းအသုံးပြုခများသည် အရင်ကထက်ပိုပြီး ပေးဆောင်နေရပါကြောင်း၊ သို့သော် လမ်းများကို ထိန်းသိမ်းပြုပြင်သည့် အရည်အသွေးက ပေးဆောင်ရသည့် လမ်းအသုံးပြုခများနှင့် နှိုင်းဆမည်ဆိုပါက ထိုက်တန်မှုမရှိပါကြောင်း၊ မိမိတို့ဘက်မှလည်း B.O.T စာချုပ်ချုပ်သည့် စာချုပ်ပါအချက် အလက်များကို ပြည်သူများမေးသည့်အခါ ၎င်းအချက်အလက်များကို သိရှိရခြင်းမရှိပါကြောင်း၊ ရန်ကုန်-ပြည်လမ်းရှိ ဇီးကုန်း တိုးလ်ဂိတ်ဆိုလျှင် လမ်းပေါ်ဖြတ်သန်းရခြင်း မရှိသည့် မြို့ဝင်ကြေးများကိုပါ ကောက်ခံနေသည်ကို တွေ့ရှိရပါကြောင်း၊ မက်(စ်)က တာဝန်ယူထားသည့် ရန်ကုန်- ပြည်-မကွေးလမ်းပိုင်းတွင် ပြည်မြို့၏ အရှေ့ဘက်ထွက်ပေါက်ဖြစ်သည့် ပြည်-အောင်လံ လမ်းပေါ်တွင် တိုးလ်ဂိတ်တစ်ခု၊ အနောက်ဘက်ထွက်ပေါက်ဖြစ်သည့် ပြည်-ရန်ကုန်လမ်းပေါ်ရှိ ပြည်နှင့်ရွှေတောင်ကြားတွင် တိုးလ်ဂိတ်တစ်ခု၊ မိမိတို့မြို့ရှိ ၃ မိုင် ၆ ဖာလုံခန့် မြို့တွင်းလမ်း အဝင်အထွက်နှစ်ခုတွင် တိုးလ်ဂိတ်နှစ်ခုတို့ ရှိသည့်အတွက် ရှိနေတာလည်း အနီးအနားရှိ ပြည်သူများအတွက် အခက်အခဲတစ်ခုဖြစ်နေပါကြောင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းသည် ယခင်က မြန်မာနိုင်ငံတွင် အကောင်းဆုံးလမ်းဖြစ်ပြီး မိုင်အရှည် ၁၇၅ မိုင်ရှိပြီး မောင်းချိန်လေးနာရီခွဲ ငါးနာရီခန့်သာ မောင်းကြရပါကြောင်း၊

ယခုတွင် လမ်းပိုင်းပျက်စီးမှုများမှာ ရွှေတောင်-ထန်းကုန်းကြားအပိုင်း၊ ရွှေတောင်နှင့်တောင်ကုန်းကြား လမ်းပိုင်း၊ ရွှေတောင်အနားမှာရှိ နတ်တလင်း-ဇီးကုန်းတို့တွင် ပျက်စီးနေသည့် လမ်းပိုင်းများ ၎င်းလမ်းများနှင့်ပတ်သက်၍ လမ်း၏ကတ္တရာဘေးတွင် ကွန်ကရစ်နှင့် လမ်းပခုံးကို ချဲ့ထွင်သည့်အခါ အရည်အသွေးမပြည့်မီသည့် လမ်းမညီမညာမှုများကြောင့် ပြည်သူများအတွက် စိုးရိမ်ရသည့် ယဉ်တိုက်မှုများ ဖြစ်စေမည့် အခြေအနေတစ်ရပ်ဖြစ်နေပါကြောင်း၊ ပြည်မြို့အတွင်းဆိုလျှင် မက်(စ်) က ဆောင်ရွက်ပေးထားသည့် ဗိုလ်ချုပ်လမ်းပိုင်းသည် နိုင်လွန်ကတ္တရာခင်းထားခြင်း မဟုတ်သည့် အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရန်အတွက်လည်း အလွန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ပြည်သူများကိုယ်စား မေးမြန်းလိုသည်မှာ ဘတ်ဂျက်နှစ်တစ်နှစ်တွင် မြို့အတွင်း မိုင်မည်မျှ မိမိတို့ကို ပြုပြင်ပေးမည်နည်း မြို့ချင်းဆက်လမ်းများ မိုင်မည်မျှ ပြုပြင်ပေးမည်နည်း၊ လမ်းအကျယ်မည်မျှ ချဲ့မည်နည်းနှင့် စာချုပ်တွင် မည်မျှရာခိုင်နှုန်း နိုင်ငံတော်ကို ပေးဆောင်သနည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသည် B.O.T စနစ်ယူထားသည့် ကုမ္ပဏီများကို အရည်အသွေးပြည့်လမ်းများ၊ လမ်းလိုအပ်ချက်များကို နှစ်ရှည်အတွင်း ပြုပြင်ထိန်းသိမ်းရန်အတွက် မည်ကဲ့သို့ ကြပ်မတ်ဆောင်ရွက်နေသည်ဆိုသည့် အချက်ကိုလည်းသိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

kyaw linnရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-ပြည်လမ်းအပိုင်း ၁၅၈ မိုင် ၂ ဖာလုံ အား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မက်(စ်)ဟိုင်းဝေး ကုမ္ပဏီလီမိတက်သို့ ၂၄-၁၂-၂၀၁၂ ရက်နေ့ မှစတင်၍ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားပြီး ပဋိညာဉ်စာချုပ်ပါစည်းကမ်းချက်များအရ B.O.T ဆောင်ရွက်ခွင့်ရရှိသော ကုမ္ပဏီအနေဖြင့် လမ်းအသုံးပြုခကောက်ခံရရှိသည့် ငွေအပေါ် နိုင်ငံတော်ကို ပေးသွင်းရသော ဝင်ငွေခွန်နှုန်းထားများမှာ ပထမဆုံးသုံးနှစ်တွင် ဝင်ငွေခွန်ကင်းလွှတ် ခွင့်ပြုထားပြီး လေးနှစ်မှ ၁၃ နှစ်အထိ ပထမ ၁၀ နှစ်တွင် ၅ ရာခိုင်နှုန်း၊ ၁၄ နှစ်မှ ၂၃ နှစ်အထိ ဒုတိယ ၁၀ နှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၄ နှစ်မှ ၃၃ နှစ်အထိ တတိယ ၁၀ နှစ်တွင် ၁၅ ရာခိုင်နှုန်းနှင့် ၃၄ နှစ်မှ အနှစ် ၄၀ အထိ စတုတ္ထခုနစ်နှစ်တွင် ၂၀ ရာခိုင်နှုန်းတို့ ဖြစ်ပါကြောင်း၊ မက်(စ်)ဟိုင်းဝေး ကုမ္ပဏီလီမိတက်အနေဖြင့် ပဋိညာဉ်စာချုပ်အရ ၂၄-၁၂-၂၀၁၅ မှ ၃၁-၃-၂၀၁၇ ရက်နေ့အထိ ကောက်ခံရရှိသည့် ဝင်ငွေ၏ ၅ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၆၃.၆၅၁ သန်းကို နိုင်ငံတော်သို့ ပေးသွင်း ရမည်ဖြစ်ပါကြောင်း၊

ပြည်သူများအနေဖြင့် အချိန်တိုအတွင်းခရီးလမ်း‌ ဖြောင့်ဖြူးချောမွေ့စွာ သွားလာနိုင်သော အရည်အသွေးပြည့်မီသည့် လမ်းဖြစ်ပေါ်လာစေရန်အတွက် ရန်ကုန်-ပြည်လမ်းပိုင်း၊ မိုင် ၂၂/၃ မှ ၁၈၀/၅ အထိ ၁၅၈ မိုင် ၂ ဖာလုံကို  AC လမ်းခင်းခြင်း လုပ်ငန်းများကို တင်ပြပါအတိုင်း ရေးဆွဲဆောင်ရွက်သွားရန်  ကုမ္ပဏီအားညွှန်ကြားထားပြီးဖြစ်၍ ကုမ္ပဏီအနေဖြင့် လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း ၂၉-၅-၂၀၁၇ ရက်နေ့တွင် ဝန်ခံကတိပြုထားပြီး ဖြစ်ပါကြောင်း၊ ညွှန်ကြားထားမှုများက (က) မှော်ဘီ- တိုက်ကြီးအပိုင်း ၂၇ မိုင် ၅ ဖာလုံအား ၄၈ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ၄၈ ပေအကျယ် AC ခင်းခြင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း အပြီးဆောင်ရွက်သွားမည်၊ (ခ) တိုက်ကြီး- သာယာဝတီပိုင်း ၃၀ မိုင်အား ၄၈ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခြင်းကို ၂၀၂၀ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ၄၈ ပေအကျယ် AC လမ်းခင်းခြင်းကို ၂၀၂၁ ခုနှစ် မတ်လတွင် လည်းကောင်း အပြီးဆောင်ရွက်သွားမည်၊ သာယာဝတီ-ပြည်အပိုင်း ၉၈ မိုင် ၅ ဖာလုံကို ၂၄ ပေအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းခြင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အပြီးဆောင်ရွက်သွားမည်နှင့် ပြည်မြို့တွင်းလမ်းအပိုင်း ၂ မိုင်ကို ၄၈ ပေအကျယ် AC လမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

B.O.T တိုးလ်ဂိတ်များအားလုံးတွင် လမ်းပိုင်းများအလိုက် စာချုပ်ပါအချက်အလက်များအတိုင်း ကောက်ခံရမည့်နှုန်းထား၊ ကောက်ခံရမည့်ငွေကို ယာဉ်အမျိုးအစားအလိုက် တိတိကျကျ ပွင့်လင်းမြင်သာစွာ ဗွီနိုင်းဆိုင်းဘုတ်ကြီးများဖြင့်လည်းကောင်း၊ ခွင့်ပြုထားသည့် (ယာဉ်+ကုန်) အလေးချိန် သတ်မှတ်ချက်ကိုလည်း ဗွီနိုင်းဆိုင်းဘုတ်ကြီးများဖြင်‌့ တိုးလ်ဂိတ်များအားလုံးတွင် ပွင့်လင်းမြင်သာစွာ ဖော်ပြထားပါကြောင်း၊ B.O.T လမ်းပိုင်းပေါ်ရှိ တိုးလ်ဂိတ်များတွင် မြို့ဝင်ကြေးပေါင်း၍ ကောက်ခံခြင်းကို ရပ်ဆိုင်းထားရန် ညွှန်ကြားထားပြီးဖြစ်၍ ယခုကောက်ခံမှု မရှိတော့ပါကြောင်း၊ မြို့ဝင်ကြေးကောက်ခံခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ လေလံပေး၍ ကုမ္ပဏီမှကောက်ခံနေခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ပြည်မြို့(အဝင်)တိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံခြင်းမှာ ဇီးကုန်းမြို့ (မိုင်တိုင်-၁၃၁/၆) မှ ပြည်မြို့ (မိုင်တိုင်-၁၈၂/၅) အထိ ၅၀ မိုင် လေးဖာလုံအတွက် အသုံးပြုခကောက်ခံခြင်းသာလျှင်ဖြစ်ပြီး ပြည်မြို့အထွက်တိုးလ်ဂိတ်အနေဖြင့် ပြည်မြို့မှထွက်ခွာလာလျှင် (မိုင်တိုင်-၁၈၂/၅)မှ အောင်လံမြို့(မိုင်တိုင်-၂၂၁/၆)အထိ ၃၉ မိုင် လေးဖာလုံအတွက် လမ်းအသုံးပြုခကောက်ခံခြင်း ဖြစ်ပါကြောင်း၊ ပြည်မြို့တွင်းလမ်း ၂ မိုင်ကိုလည်း စတင်ပြီး AC ခင်းနေပြီဖြစ်ရာ ၇-၆-၂၀၁၇ ရက်နေ့အထိ ၃ ဖာလုံပြီးစီးပြီဖြစ်ပါကြောင်းနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် မျဉ်းဝါ၊ မျဉ်းကြား၊ သတိပေးဆိုင်းဘုတ်များကို ပြည့်စုံစွာရေးဆွဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံချက်ပါအတိုင်း လုပ်ငန်းများပြီးစီးသည်နှင့်အမျှ လမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် အချိန်ကုန်သက်သာစွာဖြင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မက်(စ်) ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ပြည်လမ်းပိုင်းအား အရည်အသွေးပြည့်မီသည့် လမ်းဖြစ်ပေါ်လာ စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ စနစ်တကျကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်းရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာဒေါ်ခင်စိုးစိုးကြည် (ပြည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ လမ်းအကျယ်များချဲ့လိုက်ပြီဆိုလျှင် ရန်ကုန်-ပြည် လမ်းပိုင်းတွင် အသုံးပြုရသည့် တံတားများနှင့် ပတ်သက်ပြီး မင်းလှမြို့အနီးမှာရှိ ကိုင်းမြစ်ကြီးတံတားကို ကြည့်မည်ဆိုပါက တံတားက လမ်းထက်စာလျှင် ကျင်းမြောင်းနေပါကြောင်း၊ တံတားပေါ်တွင် ဆက်ဆီးဒင့်တစ်ခုခု၊ ပြဿနာတစ်ခုခုဖြစ်လျှင် ကားဆယ်ချီ၊ ရာချီပိတ်ဆို့မှု ဖြစ်ပေါ်နိုင်ပါကြောင်း၊ အုတ်ဖိုမြို့အနီးရှိ လင်းလွန်းပင်တံတားသည်လည်း ကားနှစ်စီးမရှောင်ရှောင်လျှင် အန္တရာယ်ရှိနိုင်ပါကြောင်း၊ လမ်းများကို နိုင်လွန်ကတ္တရာလည်းခင်းလျှင် ၄၈ ပေ၊ ၂၄ ပေလမ်းများကို ချဲ့ပြီးပြီဆိုလျှင် ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့မည်မဟုတ်ပါကြောင်း၊ မိမိတို့ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တံတားဦးစီးအနေနှင့် ကားနှစ်စီးရှောင်နိုင်သည့် အခြေအနေအထိကို တံတားချဲ့ပေးရန် အစီအစဉ်ရှိပါသနည်းနှင့် ပြည်မြို့တွင်းလမ်းသည် ၃ မိုင် ၆ ဖာလုံရှိသည့်အနက် ကျန်သည့် တစ်မိုင် ၆ ဖာလုံကို မည်သည့်နှစ်တွင် ဆက်ပြီးခင်းပေးမည်ကို တစ်ဆက်တည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

မင်းလှမြို့အဝင် ကိုင်းမြစ်ကြီးတံတားနှင့် ကုက္ကိုမြို့အဝင် မင်းလွန်းပင်တံတား ကျဉ်းနေသည်မှာ မှန်သော်လည်း ၎င်းတံတားများကို ချဲ့ရန်အတွက် မက်(စ်)ကုမ္ပဏီကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ပြည်မြို့တွင်းက သုံးမိုင် ၆ ဖာလုံအနက် နှစ်မိုင်ကလည်း ယာဉ်အသွားအလာအများဆုံးဖြစ်သည့် မြို့လယ်ကောင်ကို အရင်ဦးစားပေးခင်းခြင်းဖြစ်ပါကြောင်း၊ ကျန်သည့် တစ်မိုင် ၆ ဖာလုံကို ဆက်လက်ခင်းပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။