မေးခွန်း အကြောင်းအရာ
ြ
မင်းမူမြို့နယ်သည် တရုတ်၊ အိန္ဒိယနိုင်ငံများကို ကားလမ်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည့် ပြည်ထောင်စု လမ်းမကြီးများပေါ်တွင် တည်ရှိပါကြောင်း၊ အဆိုပါလမ်းမကြီး၏ စစ်ကိုင်း-မုံရွာလမ်းပိုင်းကို ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်မူရင်းအရ ၇၁ မိုင် ၆ ဖာလုံ၊ ပြင်ဆင်သည့်စာချုပ် အရ ၇၄ မိုင် ၇ ဖာလုံရှိပြီး အဆိုပါမိုင်အတွင်း၌ တိုးလ်ဂိတ် သုံးဂိတ်ထားရှိကောက်ခံလျက်ရှိပါကြောင်း၊ နေ့စဉ်ယာဉ်သွားလာမှု စီးရေ AATD ၆၀၀၀ ကျော်ရှိနေသည့်အတွက် မိုင် ၃၀ ကို တစ်ဂိတ်နှုန်းဖြင့် ကောက်ခံနေခြင်းသည် ကုန်စည် စီးဆင်းမှုနှင့် ခရီးသွားများအတွက် နှောင့်နှေးမှုကို မကြာခဏဖြစ်စေသည်သာမက အမှားယွင်းတစ်ခုဖြစ်ပေါ်လျှင် ကားအစီးရေ ရာနှင့်ချီပြီး ပိတ်ဆို့တတ်ပါကြောင်း၊
ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ချုပ်ထားသည့် စာချုပ်အရ ဂိတ်တည်ဆောက်ရာနေရာပြသည့် နောက်ဆက်တွဲ(ခ)တွင် မြင်းမူမြို့က တိုးလ်ဂိတ်ပါရှိခြင်းမရှိပါကြောင်း၊ မြို့၏အဝင်ဝ စည်ပင်သာယာ နယ်နိမိတ်ထဲမှာ တည်ဆောက်ထားခြင်းကြောင့် မြို့တွင်းသွားလာရေးနှင့် မြို့နယ် အတွင်း သွားလာ ရေးများတွင် များစွာအခက်အခဲဖြစ်စေပါကြောင်း၊ မြင်းမူမြို့ကို အရှေ့ဘက်တစ်ခြမ်း၊ အနောက်ဘက် တစ်ခြမ်း ပိုင်းခြားထားသကဲ့သို့ဖြစ်နေသည့်အပြင် အရောင်းအဝယ်များကျဆင်းသည့် အတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအနှောင့်အယှက်အဟန့်အတား ဖြစ်ရပါကြောင်း၊ ထို့ကြောင့် မြင်းမူမြို့က ပြည်သူများအနေဖြင့် မြို့နယ်အတွင်း သွားလာရေးတွင် အတားအဆီးမရှိ အဆင်ပြေစွာ သွားလာရန် အတွက် (၁) စစ်ကိုင်း-မုံရွာ ကားလမ်းမပေါ်ရှိ မိုင်တိုင် ၄၆/၃ နှင့် ၄၆/၄ ကြား မြင်းမူမြို့က ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ၏ လမ်းတံတားအသုံးပြုခကောက်ခံရေးဂိတ်အား ဖျက်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိ၊ (၂) မဖျက်သိမ်းနိုင်ပါက အဘယ်ကြောင့်ဆိုသည်နှင့် မြင်းမူမြို့နယ်လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေး ဟာ အဟန့်အတားဖြစ်နေခြင်းအပေါ် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေး-စစ်ကိုင်း-မုံရွာ-ရေဦးလမ်း၏ စစ်ကိုင်း-မုံရွာလမ်းအပိုင်း၊ မြင်းမူမြို့ရှောင်လမ်းနှင့် စစ်ကိုင်းအဝိုင်းမှ ရတနာပုံတံတားအထိ ၇၄ မိုင် ၇ ဖာလုံအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရွှေတောင်ဟိုင်းဝေးကုမ္ပဏိလီမိတက်သို့ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားပါကြောင်း၊ ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီအား မန္တလေး-စစ်ကိုင်း-မုံရွာ-ရေဦးလမ်း (စစ်ကိုင်း-မုံရွာအပိုင်း) (မြင်းမူမြို့ ရှောင်လမ်း အပါအဝင်) ၇၃ မိုင် ၃ ဖာလုံအား B.O.T စနစ်ဖြင့် စတင်လုပ်ကိုင်ရန် ၁-၄-၂၀၁၈ တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၅-၇-၂၀၁၀ ရက်နေ့တွင် MIC Permit ခွင့်ပြုချက်အရ B.O.T နှုန်းထားဖြင့် ကောက်ခံရန်ခွင့်ပြုခဲ့ပါကြောင်း၊ B.O.T စာချုပ်၏ နောက်ဆက်တွဲ (ခ)တွင် မြင်းမူကောက်ခံရေး ဂိတ်မပါဝင်သော်လည်း တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၂၆-၂-၂၀၀၉ ရက်စွဲပါ စာအမှတ်၊(၉၁၂) အရ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ရထားသည့် လမ်းအပိုင်းတွင် ခေတ်မီ Computerize ဖြင့် Toll Gate အသစ်ဆောက်လုပ်ရန်ခွင့်ပြုခဲ့သည့်အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှလည်း ၂၆-၅-၂၀၁၁ ရက်စွဲပါစာအမှတ်၊(၇၁၈၇)အရ ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်အား စစ်ကိုင်း-မုံရွာလမ်းအပိုင်းရှိ စစ်ကိုင်း(မုံရွာဂိတ်)နှင့် မြင်းမူ ဂိတ်တို့အား B.O.T နှုန်းထားဖြင့် ကောက်ခံရန်ခွင့်ပြုခဲ့ပါကြောင်း၊
အဆိုပါလမ်းပိုင်း ၇၄ မိုင် ၇ ဖာလုံတွင် စစ်ကိုင်းမှ မြင်းမူအထိ ၃၆ မိုင် ၄ ဖာလုံအပိုင်းနှင့် မြင်းမူမှ မုံရွာအထိ ၃၈ မိုင် ၃ ဖာလုံအပိုင်းအတွက်သာ လမ်းအသုံးပြုခကောက်ခံခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်း-မုံရွာအသွား လမ်းကြောင်းအတိုင်း အသုံးပြုပါက ကံတလူဂိတ်တွင် ၃၆ မိုင် ၄ ဖာလုံအတွက် လမ်းအသုံးပြုခ ကောက်ခံပြီး မြင်းမူဂိတ်သို့ရောက်ရှိပါက ကံတလူဂိတ်မှ ပြေစာကိုစစ်ဆေးပြီး မြင်းမူ-မုံရွာအပိုင်း ၃၈ မိုင် ၃ ဖာလုံအတွက်သာ ထပ်မံကောက်ခံပါနှင့် မုံရွာဂိတ်သို့ရောက်ရှိပါကမြင်းမူဂိတ်မှ ပြေစာကိုစစ်ဆေးပြီး ပါရှိပါက ထပ်မံကောက်ခံခြင်း မပြုပါကြောင်း၊
အလားတူ မုံရွာ-စစ်ကိုင်းအပြန်လမ်းကြောင်းအတွက် အသုံးပြုပါက မုံရွာဂိတ်တွင် မုံရွာ-မြင်းမူအပိုင်း ၃၈ မိုင် ၃ ဖာလုံအတွက် ကောက်ခံပြီး မြင်းမူဂိတ်ရောက်ရှိပါက မုံရွာဂိတ်မှပြေစာကို စစ်ဆေးပြီး ပါရှိပါက မြင်းမူ-စစ်ကိုင်းအပိုင်း ၃၆ မိုင် ၄ ဖာလုံအတွက်သာ ထပ်မံကောက်ခံကာ ကံတလူဂိတ်ရောက်ရှိပါက မြင်းမူဂိတ်မှပြေစာကိုစစ်ဆေးပြီး ပြေစာပါရှိပါက ထပ်မံကောက်ခံခြင်း မပြုပါကြောင်း၊
သို့ဖြစ်ပါ၍ ရွှေတောင်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ လမ်းအသုံးပြုခကောက်ခံနေသော ဂိတ် ၃ ခုတွင် ဂိတ် ၂ ခုမှ ဖြတ်သန်းပေးဆောင်ခဲ့ပြီးပါက နောက်ဂိတ်တစ်ခုတွင် ထပ်မံပေးဆောင်ရန် မလိုအပ်သောကြောင့် မြင်းမူတိုးလ်ဂိတ်အား ဖျက်သိမ်းရန်အစီအစဉ်မရှိပါကြောင်း၊
မြင်းမူကောက်ခံရေးဂိတ်၏ အရှေ့ဘက်နှင့်အနောက်ဘက် သုံးမိုင်အတွင်း နေထိုက်လျက်ရှိသည့် ဒေသခံပြည်သူများအဆင်ပြေစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေတောင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်နှင့် ဒေသခံပြည်သူလူထုတို့ ဆွေးနွေးညှိနှိုင်းပြီး အထူးကိစ္စတစ်ရပ်အနေဖြင့် အခမဲ့ဖြတ်သန်းသွားလာခွင့်ပြုနိုင်ရေးအတွက်ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးစိုးစံသက်ထွန်း(မြင်းမူ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဖြေကြားချက်တွင် ဂိတ်ကို ၂၆-၇-၂၀၀၉ ခုနှစ်တွင် တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခွင့်ပြုခဲ့သည်ဟု ဖြေကြားခဲ့ပါကြောင်း အဆိုပါ ပဋိဉာဏ်စာချုပ်သည် ကန်ထရိုက်နံပါတ် ၂၀၁၀-၂၀၁၁ (B.O.T) ၁၆နှင့် ၂၅-၇-၂၀၁၀ တွင် ချုပ်ဆိုခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်က ခွင့်ပြုခဲ့သည့် ဂိတ်သည် ၂၀၁၀ စာချုပ်၏ နောက်ဆက်တွဲ(ခ)တွင် မည်သည့်အတွက် ပါရှိလာခြင်းမရှိသည်ကို ရှင်းလင်းစွာ သိချင်ပါ ကြောင်းနှင့် အဆိုပါ ဂိတ်ကို စာချုပ် စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း၊
ဖြေကြားချက်တွင်ပါရှိသည့် ၃ မိုင်အတွင်း နေထိုင်သူများကို သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟူသောအချက်သည်လည်း ထိုသို့သတ်မှတ်၍ အဆင်မပြေနိုင်ပါကြောင်း၊ ဂိတ်ကိုမရောက်ခင် ၃ မိုင်အတွင်းမှ မြင်းမူကနေ နောင်ကြီးအိုင်ကိုဆက်သွယ်ထားသည့် လမ်းတစ်လမ်းရှိသကဲ့သို့ မြို့နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းများ လည်းရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် အဆိုပါလမ်းကို ၃ မိုင်သာသုံးပြီး စစ်ကိုင်းကလာသည့် ဂိတ်ကြေးကို ပေးဆောင်နေရခြင်း များရှိသည့်အတွက် ထို့သို့ပေးဆောင်ပေးရမှုများကိုလည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဖြေလျော့မှုများကို မည်သည့်အချိန်တွင် ပြီးစီးအောင် အကောင်အထည်ဖော် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လွှတ်တော်တွင် မေးခွန်းများကို ဖြေကြားမည်ဆိုပါက ဖြေကြားရမည့် မေးခွန်းများသည် ယခင်လွှတ်တော်အဆက်ဆက်တွင် မေးမြန်းဖြေကြားခဲ့သည့် မေးခွန်းများနှင့် ဆက်စပ်မှု ရှိ/မရှိ၊ နိုင်ငံတကာတွင် စာချုပ်ထားသော စာချုပ်စာတမ်းများနှင့် ဆက်စပ်မှုရှိ/မရှိ၊ အနာဂတ် Future plan များနှင့် ဆက်စပ်မှုမရှိမရှိ ဆန်းစစ်ပြီး ပြည်ထောင်စုဝန်ကြီးကိုတင်ပြကာ အတည်ပြုချက်ရရှိသည့် အချိန်တွင် ဖြေဆိုခြင်းဖြစ်ပါကြောင်း၊
မိမိတို့ ကိုယ်တိုင်လည်း သွားရောက် စိစစ်ခဲ့ပါကြောင်း၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်က ခုဂိတ်နှစ်ခုဆိုသည်မှာလည်း မှန်ကန်ပါကြောင်း၊ စစ်ကိုင်းမှာ တစ်ဂိတ်၊ မုံရွာမှာ တစ်ဂိတ်၊ ၇၂ မိုင် အတွက်ကို နှစ်ဂိတ်သာ ထားရှိခဲ့ချိန်တွင် စစ်ကိုင်းကလာသည့်ကားအနေဖြင့် မုံရွာကိုသွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ ၇၂ မိုင်အတွက် ပေးဆောင်ရပါကြောင်း၊ ထို့အတူ မုံရွာကလာသည့် ကားများအနေဖြင့်လည်း ၇၂ မိုင်စာပေးအတွက် ပေးဆောင်ရခြင်းများကြောင့် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အလယ်ခေါင် ၃၆ မိုင်တွင် တစ်ဂိတ်ထားပြီး ၃၆ မိုင်အတွက်သာ ပေးဆောင်ရန် MIC က ဥပဒေနှင့်အညီ ခွင့်ပြုခဲ့ခြင်းကြောင့် ဥပဒေနှင့် ညီပါကြောင်း၊
နံပါတ်(၂)မေးခွန်းဖြစ်နှင့် ပတ်သက်၍ နောင်ကြီးအိုင်မှ လာသည့်ကားစီးရေသည် တစ်နေ့ကို စီးရေ ၂၅၀နှင့် ၃၀၀ ခန့်ရှိပြီး ၎င်းတို့အထဲမှ သုံးပုံတစ်ပုံခန့်သည် မြင်းမူဘက်သို့လည်းကောင်း၊ သုံးပုံနှစ်ပုံခန့်သည် စစ်ကိုင်းနှင့်မန္တလေးသို့ ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း၊ ဂိတ်ကို လမ်းဆုံ၏ စစ်ကိုင်းဘက်အခြမ်းကို ရွှေ့လိုက်မည်ဆိုပါက မြင်းမူဘက်ချိုးကွေ့သည်ကားများအတွက် အဆင်ပြေသော်လည်း စစ်ကိုင်းဘက်ချိုး ကွေ့သည် ကားများအတွက် အဆင်ပြေနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ရွာကလာသည့် ကားများအတွက် စစ်ကိုင်းကလာသည် ဂိတ်ကြေးကို ပေးရန်မလိုဘဲ လျော့ပေါ့သက်သာသည့် နှုန်းတစ်ခု ဖြင့် ဆောင်ရွက်ပေးရန် ကျေးပေးစရာမလိုဘဲနဲ့ သူ့အတွက်လျော့ပေါ့သက်သာတဲ့ နှုန်းတစ်ခုလုပ်ပေးဖို့ စီစဉ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
