(က)-ပြည်တွင်းစစ်ဘေးဒဏ်သင့်နှင့်စစ်ဘေးရှောင် ပြည်သူများခေတ္တနေထိုင်နိုင်ရန်၊အသက်ရှင်ရပ်တည် နိုင်ရန်နှင့်စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ရန်ဆောင် ရွက်ထားမှုနှင့် လူသားဘ၀ လုံခြုံရေးအတွက်မည် သည့်မူဝါဒဖြင့်ဆောင်ရွက်နေသည်နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၁၂.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

nan kham ayeမန်တုံမြို့နယ်၊ နမ္မတူမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များသည် နမ္မတူမြို့သို့ လာရောက်ခုံလှုံနေကြ ရပါကြောင်း၊ ကချင်နှင့်ချင်း ခရစ်ယာန်အသင်း‌တော် KBC 1 တွင် ၂၀၁၁ ခုနှစ်ကတည်းက လာရောက်ခုံလှုံနေသည့် စစ်ဘေးရှောင်များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရှိသဖြင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခံရပါကြောင်း၊ စစ်ဘေးဒုက္ခသည်စခန်း အများစုသည် သာသနာမြေ၊ သာသနာအဆောက်အအုံများတွင် တစ်ခဏတာ ခုံလှုံရန်အဆင်ပြေနိုင်သော်လည်း အချိန်မည်မျှကြာအောင် တိမ်းရှောင်နေရမည်ကိုမသိသည့် ဒေသများအတွက် သက်ဆိုင်ရာမှ နေရပ်မပြန်ခင် မြို့မှာရှိသည့် မြေလွတ်မြေလပ် သို့မဟုတ် သစ်တောကြိုးဝိုင်းများတွင် နေရာချထားပေးရန် လိုအပ်ပါကြောင်း၊

စစ်ဘေးရှောင်များ၏ ပညာရေးနှင့်ပတ်သက်ပြီး စခန်းရှောင်စခန်းတွင် စစ်ဘေးရှောင်အချင်းချင်း အခမဲ့ပြန်လည် ပညာသင်ကြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ဘဝရပ်တည်နေထိုင်မှုနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်နေသည့် ဒေသအတွက် အကြောက်တရားမရှိသည့် နေထိုင်မှုမျိုးကို ဖန်တီးပေးရန် လိုအပ်နေပါကြောင်းနှင့် အသက်ရှင်ရပ်တည်နေထိုင်ရန်လည်း ဝင်ငွေရရှိရေးအတွက် ယာယီစိုက်ပျိုးမြေများကို ဖန်တီးပေးရမည်ဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်း အသိပညာပေးခြင်း၊ စိတ်ဓာတ်စွမ်းရည်မြှင့်တင်မှု အသိပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စစ်ဘေးရှောင်ပြည်သူများအတွက် ပြင်ဆင်လျာထားချက် ရှိမနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းစစ်ဆေးဒဏ်သင့်သည့် စစ်ဘေးရှောင် ပြည်သူများအတွက် သစ်တောကြိုးဝိုင်းတွင် ခေတ္တနေထိုင်နိုင်ရန်၊ ရေရှည်အသက်ရှင်ရပ်တည်နိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ရန်ကို နိုင်ငံတော်မှ မည်သို့ဆောင်ရွက်ပေးနေကြောင်းနှင့် စစ်ဘေးရှောင် ပြည်သူများ၏ ဘဝလုံခြုံရေးအတွက် မည်သည့်မူဝါဒဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen than htutနယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၄-၁၁-၁၆ ရက်နေ့တွင် မူဆယ်မြို့ စစ်ဘေးရှောင်စခန်း ၅ ခုမှာ အိမ်ထောင်စု ၁၀၀၀ စုရှိပါပြီး လူဦးရေအနေဖြင့် ၃၄၆၀ ဦးရှိသည့်အတွက် ၁၁-၁၂-၂၀၁၆ ရက်နေ့မှ ၁၂-၁၂-၂၀၁၆ ရက်နေ့အထိ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်တွင် မူဆယ်မြို့ စစ်ဘေးရှောင်စခန်း ၅ ခုရှိ အိမ်ထောင်စု ၂၂၂ စု၊ လူဦးရေ ၆၄၉ ဦးနှင့် လားရှိုးမြို့ စစ်ဘေးရှောင် ပြည်သူအိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၁၈၁ ဦးတို့ အတွက် လည်းကောင်း၊ ၁၈-၁-၂၀၁၇ ရက်နေ့နှင့် ၁၅-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာရှိသည့် စစ်ဘေးရှောင်ပြည်သူများအားလုံးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှတစ်ဆင့် ဆန်အိတ် ၂၇၈၄ အိတ်၊ ဆီ ၄၇၄၅ ပိဿာ၊ ပဲ ၁၃၂၁၁ ပိဿာ၊ ဆား ၁၃၂၂ ပိဿာ၊ ရာသီဥတုဒဏ် ခံနိုင်ရန်အတွက် စောင် ၃၆၆၈ ထည်နှင့် ငွေကျပ် ၂၅.၇၃၀ သန်း စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၈.၉၈၂ သန်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊

ထို့အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် သစ်တော သယံဇာတ အရင်းအမြစ်များကို ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်ကျင် တည်ငြိမ်တိုးတက် ကောင်းမွနစေရေးအတွက် သစ်တောမူဝါဒနှင့်အညီ သစ်တောဥပဒေ၊ နည်းဥပဒေများကို စနစ်တကျပြဋ္ဌာန်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောကြိုးဝိုင်းအတွင်း သစ်တောနယ်မြေ (ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော) များအတွင်း ပြည်တွင်းစစ်ဘေးဒဏ်သင့်နှင့် စစ်ဘေးရှောင်ပြည်သူ များအတွက် သစ်တောကြိုးဝိုင်းတွင် ခေတ္တနေထိုင်နိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်းစစ်ဘေးဒဏ်သင့်နှင့် စစ်ဘေးရှောင်ပြည်သူများ၊ ပဋိပက္ခ ဘေးရှောင်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ပေးနိုင်ရန်နှင့် စိတ်ပိုင်းဒဏ်ရာရရှိသူ များအတွက် ရည်ရွယ်ပြီး စိတ်လူမှုဆိုင်ရာ ပံ့ပိုးမှုအဖွဲ့ (Mobile Team) များဖွဲ့ပြီး Psychosocial Counselling ပြုလုပ်ပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိခိုလှုံနေသည့် အချိန်အတွင်း လတ်တလောစားနပ်ရိက္ခာများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခြင်း၊ လူမှုကာကွယ် စောင်‌့ရှောက်ရေးအစီအစဉ်အရ ထောက်ပံ့ငွေများပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် TNLA ၊ AA ၊ MNDAA ၊ KIA တို့၏ ပတ်ခတ်မှုကြောင့် မူဆယ်မြို့ပေါ်သို့ ခေတ္တတိုက်ပွဲရှောင်လာသည့် ပြည်သူ ၃၇၀၀ ဦးအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်အရေးပေါ်ကာလ စီမံခန့်ခွဲမှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မူဆယ်မြို့ရှိ ဘုန်းတော်ကြီးကျောင်း များ ခရစ်ယာန်ဘုရားကွင်းတို့တွင် နေချထား၍ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးကိစ္စများ လစ်ဟာမှုမရှိစေရေး စနစ်တကျစီမံပေးခဲ့ပြီး ဒေသပြန်လည် တည်ငြိမ်အေးချမ်းသည့် ၅-၁၂-၂၀၁၆ ရက်နေ့တွင် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်နေထိုင်သွားကြပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၁၈-၆-၂၀၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအခြေအနေများကြောင့် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခေးကျေးရွာ အုပ်စု၊ မက်လန်းကျေးရွာမှ လားရှိုးမြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာ နမ့်ဆန်ဘုန်းတော်ကြီးကျောင်း၊ ခေးနင်းကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် နောင်ဖော့ကျေးရွာအုပ်စု၊ လွယ်လွမ့်ရွာ ဘုန်းတော်ကြီးကျောင်းများကို ရောက်ရှိလာသည့် တိုက်ပွဲရှောင်ဦးရေ ၄၁၆ ဦး ရှိပြီး ၆-၇-၂၀၁၇ ရက်နေ့တွင် ၎င်းတို့၏ နေရပ်သို့ပြန်လည် ထွက်ခွာသွားကြပြီး ဖြစ်သည့်အတွက် လားရှိုးမြို့နယ်အတွင်း တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများကိုလည်း အားလုံးပိတ်သိမ်းပြီ ဖြစ်ပါကြောင်း၊

အလားတူ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ၈-၇-၂၀၁၆ ရက်နေ့မှစပြီး ကယ်ဆယ်ရေးစခန်း ၅ ခုကို နမ္မတူမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ ၁၈-၆-၂၀၁၇ ရက်နေ့အထိ တိုက်ပွဲရှောင်ပြည်သူ ၂၉၈၅ ဦးရောက်ရှိခိုလှုံခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး၊ ဆန်ရိက္ခာ၊ ပဲဆီ၊ ငါးသေတ္တာနှင့် မိုးကာလိပ်များကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါတိုက်ပွဲရှောင် အိမ်ထောင်စုများမှာ ၃၀-၆-၂၀၁၇ ရက်နေ့တွင် ကျန်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ ၅၁၅ ဦးအတွက် ဆန်ရိက္ခာနှင့် ပဲဆီ၊ ငါးသေတ္တာများကို ၁၀-၇-၂၀၁၇ ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါစခန်းများသို့ ရောက်ရှိလာသည့် ယာယီရွှေ့ပြောင်းပြည်သူများ၏ သား/သမီးများ ပညာသင်ကြားမှု အဆင်ပြေစေရေးအတွက်လည်း ပညာရေးဌာနနှင့်ညှိနှိုင်းပြီး နမ္မတူမြို့ပေါ်ရှိ ကျောင်းများတွင် စုစုပေါင်း ကျောင်းသား/သူ ၂၉၃ ဦးတို့ကို ကျောင်းအပ်နှံပညာသင်ကြားပေးခဲ့ပါကြောင်း၊ နယ်မြေအခြေအနေ ကောင်းမွန်သွားပြီဖြစ်တဲ့အတွက် ကျောင်းသူ/ကျောင်းသားများ နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း လည်း သိရှိရပြီးတော့ ယခုလက်ရှိမှာ ကျောင်းသား/ကျောင်းသူ ၄၃ ဦးကို ဆက်လက်ပညာသင်ကြား ပေးလျက်ရှိပါတယ်။

သို့ဖြစ်ပါ၍ အထက်ပါ ရှင်းလင်းခဲ့အတိုင်း စစ်ဘေးရှောင်များ၏ စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် နိုင်ငံတော်ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများအနေဖြင့်လည်း ရန်ပုံငွေခွင့်ပြုဝင်ဆံ့မှု ဘောင်အတွင်းမှသော်လည်း ကောင်း ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများ၊ NGO နှင့် INGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်၍သော်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စစ်ဘေးရှောင်ပြည်သူများ၏ ဘဝလုံခြုံရေးတို့အတွက် မြေနေရာရရှိရေး၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေး၊ အိမ်ရာဆောက်လုပ်ရေး၊ လုပ်ကိုင်စားသောက်ရေးတို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပူးပေါင်း၍ ဦးစားပေးအလိုက် စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်နန်းခမ်းအေး (နမ္မတူ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး၏ဖြေကြားချက်သည် မြေပြင်အခြေအနေနှင့် အနည်းငယ်ကင်းကွာနေပါကြောင်း၊ နမ္မတူတွင် စစ်ဘေးရှောင်များ ၉၀၀ ကျော်ရှိနေပါကြောင်း၊ အနည်းငယ်သော ထောက်ပံ့မှုကို ပေးခြင်းထက် ကိုယ့်၏ဒေသကို မည်သည့်အချိန်တွင် ပြန်ရမည် မသိသူများအတွက် နိုင်ငံတော်အနေဖြင့် မူဝါဒများ မည်သို့ချမှတ်ပြီး ဆောင်ရွက်နေသည်ဆိုသည့်အကြောင်းကို  ပါဝင်ခြင်းမရှိသေးပါကြောင်း၊ နိုင်ငံတော် တစ်ခုလုံးနှင့် သက်ဆိုင်ခြင်းဖြစ်နေသည့်အတွက်ကြောင့် မူတစ်ခုအနေဖြင့် ချမှတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ စစ်ဘေးရှောင်ပြည်သူများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအားလုံးက သက်ဆိုင်သည့် ကဏ္ဍအလိုက် မူဝါဒမရေးဆွဲနိုင်ခင် မြေပြင်တွင် ကွင်းဆင်းဆောင်ရွက် ပေးခြင်းရှိ/မရှိနှင့် သိရှိလိုပါကြောင်း၊

စစ်ဘေးဒုက္ခသည်စခန်းအတွက် လူသားချင်းစာနာထောက်ထားမှုအရ သွားရောက်ပြီး ကူညီပံ့ပိုးမည့် သူများသည် လမ်းခရီးတွင် လက်နက်ကိုင်များကို ဖြတ်သန်းရခြင်း၊ အမှတ်မထင် ဆုံတွေ့ရခြင်းများ လည်း ရှိနိုင်ပါကြောင်း၊ ယခုလိုအခြေအနေတွင် အပြစ်မဲ့ပြည်သူများအပေါ် စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အရေးယူအပြစ်ပေးခြင်းမျိုး မဖြစ်ပေါ်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက  အဓိက ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စစ်ဘေးရှောင်စခန်းများကိုလည်း သွားရောက်ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနကလည်း ရံဖန်ရံခါ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့ဘက်မှလည်း ဝန်ကြီးဌာနအားလုံးနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်လင်းဖြေကြားပါသည်။