(င)-National Database Centre နှင့် ဒေသအနှံ့ ဆက်သွယ်နိုင်သည့် Network Lineများဖြန့်ကြက် တည်ဆောက်ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၀.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u maung myintNational Database Center ဆိုသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ အချက်အလက်နှင့် ဝန်ကြီးဌာနများ၏ အချက်အလက်များကို တစ်နေရာထဲတွင် စုစည်းထားသည့် ဗဟိုဌာနဟု ယေဘုယျအားဖြင့် ပြောနိုင်ပါကြောင်း၊ နိုင်ငံတော်တော်များများသည် ပိုမိုကောင်းမွန် ခေတ်မီသည့် စနစ်များဆီသို့ ချဉ်းကပ်လုပ်ဆောင်ကြသည့် နေရာတွင် ပထမအဆင့်ဖြစ်သည့် e-Government ကို အကောင်အထည်ဖော်ကြပါကြောင်း၊ သို့သော် ဝန်ကြီးဌာနများ သီခြားစီဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ထင်သလောက်မအောင်မြင်ခဲ့ကြပါကြောင်း၊ နောက်ဆုံး National Database Center တည်ဆောက်ရမည် ဆိုသည်ကို သူတို့နားလည်ထားပါကြောင်း၊  နိုင်ငံတစ်နိုင်ငံ တိုးတက် အောင် ဆောင်ရွက်ရာတွင် Clean Government, Good Governance ဖြစ်ရန် National Database Center သည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ယခုလို Single Platform မရှိသည့်အတွက် အစိုးရနှင့် ပြည်သူလူထုက အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် National Database Center နှင့် ဒေသအနှံ့ဆက်သွယ်နိုင်သည့် Networking Line များကို ဖြန့်ကြက်တည်ဆောက်ရန်အတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoနိုင်ငံတော်အစိုးရ၏ အမျိုးသားစီးပွားရေး မူဝါဒနှင့်အညီ e-Government စနစ်ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် အစိုးရဝန်ကြီးဌာနများနှင့် ဗဟိုရုံးများအသီးသီးမှ ပါဝင်ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည့်အတွက် လိုအပ်သည့် Infrastructure များဖြစ် Data  Center နှင့် Network အစရှိတာများကို တည်ဆောက်ထားပေးရေးအတွက် ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကိုရီးယား သမ္မတနိုင်ငံ၏ EDCF ချေးငွေဖြင့် Myanmar Basic e-Government စီမံကိန်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်း စီမံကိန်းအစီအစဉ်ဖြင့် တပ်ကုန်းတွင် e-Government Data Center တစ်ခုကို တည်ဆောက်ပြီး ဝန်ကြီးဌာနများအားလုံးအတွက် Sever များ အသီးသီးတပ်ဆင်ပေးခဲ့ကာ Common e-Government Application များအဖြစ် Government Personnel Management System(GPMS), Electronic Document Management System (EDMS) နှင် e-mail စနစ်များကို ဝန်ကြီးဌာနများမှ ၂၄ နာရီ၊ ၇ ရက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်း Data Center ကို ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် ဝန်ကြီးဌာနရုံးများကို ချိတ်ဆက်ထားသည့် e-Government Wide Area Network ဖိုင်ဘာကွန်ယက်ကိုလည်း နေပြည်တော်တွင် တည်ဆောက်ထားရှိခဲ့ပြီး အစိုးရဌာနများအားလုံးမှ ထိုကွန်ယက်ကို အသုံးပြု၍ e-Government လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

၂၀၁၅ ခုနှစ်တွင် ၎င်း Data Center ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ S 12 exchange သို့ ရွှေ့ပြောင်းခဲ့ပြီးနောက်တွင် e-Government လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနများအနေဖြင့် ဆက်လက်၍ ၂၄ နာရီ၊ ၇ ရက် အသုံးပြုနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနများ၏ e-Government လုပ်ငန်းစဉ်များမှာ  အသုံးပြုလျက်ရှိသည့် sever များကို co-location ထားနိုင်ရန်နှင့် web hosting အစရှိသည့် အခြားဝန်ဆောင်မှုများကို အသုံးပြုသွားနိုင်ရန်အတွက် Data Center တစ်ခုကိုလည်း S 12 exchange တွင် ၂၀၁၇ ခုနှစ် မတ်လမှာ တိုးချဲ့တည်ဆောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ e-Government လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနများနှင့် ဗဟိုရုံးများအလိုက် အကောင်အထည်ဖော်နေသည့်အဆင့်မှ အမျိုးသားအဆင့်သို့ ဟန်ချက်ညီစွာ ပေါင်းစပ်အဆင့်မြှင့်တင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရန် အစိုးရအဖွဲ့အစည်းများ အချင်းချင်းဆက်သွယ်၍ အချက်အလက်များရယူနိုင်မည့်အပြင် ပြည်သူများမှ အစိုးရ၏ Online ဝန်ဆောင်မှုများနှင့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ (real time) လွယ်ကူချောမွေ့စွာ ရယူ၍ လုံခြုံစွာအသုံးပြုသွားနိုင်ရန် ရည်ရွယ်၍ အမျိုးသားအဆင့် (National Data Center) တစ်ခုအဖြစ် e-Government Integrated Data Center တစ်ခုကို တည်ဆောက်ပြီး ဝန်ကြီးဌာနများ အားလုံးကို မျှ‌ဝေအသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း e-Government Integrated Data Center ကို ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Fund (EDCF) ထံမှ အချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်ရယူ၍ တည်ဆောက် နိုင်ရေးအတွက် စီမံကိန်းအဆိုပြုလွှာကို ၉-၆-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးက သဘောတူခဲ့ပြီး ဖြစ်ပါကြောင်း၊ e-Government Integrated Data Center တည်ဆောက်ခြင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် လိုအပ်သည့် ဖြစ်နိုင်ချေ လေ့လာဆန်းစစ်ခြင်း (Feasibility Study) လုပ်ငန်းများကို EDCF က Technical Assistance ဖြင့် ရွေးချယ်ခန့်အပ်ထားသော ကိုရီးယားကုမ္ပဏီက ၂၀၁၇ ခုနှစ် ဇွန်လမှစတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Data Center တည်ဆောက်ရန်လိုအပ်သည့် မြေနေရာကိုလည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ တင်ပြတောင်းခံခဲ့ရာ ဇမ္ဗူသီရိမြို့နယ်တွင် မြေနေရာအသုံးပြုခွင့် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၃ နှစ်ခန့်ကြာမြင့်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်သည့် အခါတွင်လည်း EDCF ၏ မူဝါဒနှင့်အညီ အတိုင်ပင်ခံ ငှားရမ်းပြီး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

          Network Line များ ဖြန့်ကျက်တည်ဆောက်ရေးနှင့် စပ်လျဉ်းပြီး National Data Center ကို ချိတ်ဆက်ပြီး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရယူအသုံးပြုနိုင်ရန် လိုအပ်သည့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများဖြစ်သည့် ဖိုင်ဘာဆက်ကြောင်းများနှင့် Microwave ဆက်ကြောင်းများကို နိုင်ငံတစ်ဝှမ်း တည်ဆောက်ထားရှိပြီး ဖြစ်သလို ဝေးလံခေါင်ဖျား ဒေသများအတွက် Intelsat ကုမ္ပဏီနှင့် ပူးပေါင်းငှားရမ်းထားသည့် Myanmar Condo SAT 1 ဂြိုလ်တုစနစ်ဖြင့် ချိတ်ဆက်အသုံးပြုသွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် National Data Center သို့ ချိတ်ဆက်၍ အစိုးရ၏ Online ဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ရယူအသုံးပြုနိုင်ရန်အတွက် နေပြည်တော်ရှိ e-Government Wide Area  Network ဖိုင်ဘာကွန်ယက်ကို တိုးချဲ့အဆင့်မြှင့်တင်ပြီး Government Service Network တည်ဆောက်သွား နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ National Database Center နှင့် ဒေသအနှံ့ဆက်သွယ်နိုင်မည့် Network Line များ ဖြန့်ကြက်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရှေ့တွင်တင်ပြသွားသည့်အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမောင်မြင့် (မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အဓိကက ပြည်သူကို မိမိတို့က Awareness လုပ်ချင်သည့် မေးခွန်းဖြစ်သည့်အတွက် နိုင်ငံတော်ကလည်း နိုင်ငံတော်အပိုင်းက လုပ်နေပါကြောင်း၊ ပြည်သူနှင့်က သီးခြားစီဖြစ်နေခြင်း ပြည်သူက မည်ကဲ့သို့အသုံးချရမည်ဆိုသည်လည်း မရှိခြင်း၊ ထို့ကြောင့် e-Government နှင့် National Database System ၏ ချိတ်ဆက်မှုအတူတူ Single Platform ဖြစ်ခြင်းအပေါ် ပြည်သူက အကျိုးရှိဆုံး အသုံးချနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ အလားတူ အစိုးရကလည်း အကျိုးရှိဆုံး အသုံးချနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲတော်တော်များများသည့် ပြီးပြည့်စုံသွားမည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ပြည်သူကို Awareness ပေးရန်နှင့် ပြည်သူကို Educate လုပ်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ဆက်စပ်မေးခွန်း မေးမြန်းရခြင်းဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

e-Government စနစ်ဖြစ်ဖြစ် National Data Center လုပ်သည့်နေရာတွင် အစိုးရဌာန အချင်း ချင်းတွင်မက e-Government ၏ ရည်ရွယ်ချက်က G to G ခေါ်သည့် Government to Government အစိုးရအချင်းချင်း၊ နောက် G to C ခေါ်သည့် Government to Citizen ပြည်သူများနှင့် အစိုးရကြား၊ နောက်တစ်ခုက G to B စီးပွားရေးလုပ်ငန်းအနေဖြင့် အစိုးရကြား အချိတ်အဆက်များကို မိမိတို့အားလုံး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများကို Awareness ပေးရန် အတွက်ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ e-Government နှင့် ပတ်သက်ပြီး Consultation များပြုလုပ်ပါကြောင်း၊ အစိုးရချည်းခြင်းမျိုး မဟုတ်ဘဲ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ မြန်မာကွန်ပျူတာအသင်းချုပ်ကို ပုဂ္ဂလိကဘက်က  NGO များနှင့်လည်း အမြဲညှိနှိုင်း တိုင်ပင်ဆွေးနွေးပြီး အားလုံးပြီးပြည့်စုံအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြား ပါသည်။