(ဂ)-သံတွဲမြို့နယ်တွင် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၀.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u min kyiသံတွဲခရိုင်တွင် တောင်ကုတ်-သံတွဲ-ဂွဆိုပြီး မြို့သုံးမြို့ပါဝင်ပြီး လူဦးရေ ၄၀၀၀၀၀ ကျော် နေထိုင်ပါကြောင်း၊ သံတွဲမြို့သည် ငပလီကမ်းခြေရှိ ဟိုတယ်ဇုန်များ၊ ရေထွက်ပစ္စည်းများနှင့် စီးပွားရေးအောင်မြင်လျက်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ပြည်မနှင်‌့ဆက်သွယ်ထားသော ရခိုင်ရိုးမ ဖြတ်လမ်းများ ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စည်ကားသည့်မြို့များလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းမြို့များတွင်လည်း မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ အသုံးပြုမှုသည် အလွန်များပြားပါကြောင်း၊

ကညနရုံးချုပ်သည် ရခိုင်ပြည်နယ် စစ်တွေတွင် ရှိသောကြောင့် မိမိတို့မြို့နယ်များကို တစ်နှစ်မှ နှစ်ကြိမ်ခန့်သာ လာရောက်ပြီး လိုင်စင်သက်တမ်းတိုးပေးသည့် လုပ်ငန်းများကို လုပ်ကိုင်ကြခြင်း ဖြစ်ကြပါကြောင်း၊ ကနညရုံးချုပ်မှ မော်တော်များ သက်တမ်းတိုးရန် ၎င်းမြို့များသို့ လာရောက်၍ ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ Light truck များ သက်တမ်းတိုးခြင်းလုပ်ငန်းကို တစ်မြို့လျှင် သုံးရက်ခန့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယာဉ်အရေအတွက်များပြားခြင်းကြောင့် တစ်ခါ တစ်ရံ သတ်မှတ်ရက်အတွင်း ပြီးစီးမှုမရှိဘဲ ငွေကုန်၊ အချိန်ကုန်၊ ပင်ပန်းပြီး စောင့်ဆိုင်းရခြင်းများ ရှိပါကြောင်း၊ လိုင်စင်ပြုလုပ်သည့် အခါတွင်လည်း ယာယီလိုင်စင်ကို သံတွဲမြို့တွင်ပြုလုပ်ပေးပြီး Smart Card ကို စစ်တွေတွင် သွားယူရသည့်အတွက် ဒေသခံများသည် ငွေကုန်ကြေးကျများပြီး အခက်အခဲများစွာကို ကျော်လွှားပြီးသွားနေရပါကြောင်း၊

ရခိုင်ပြည်နယ်ရှိ မော်တော်ယာဉ်အများစုအနေဖြင့် ရန်ကုန်လိုင်စင်ကို ယူထားခြင်းကြောင့် နှစ်နှစ်တွင် တစ်ခါ၊ သုံးနှစ်တွင်တစ်ခါ ရန်ကုန်သို့ သွားရောက်သက်တမ်းတိုးရပါကြောင်း၊ ခရိုင် အဆင်‌့ဖြစ်သည့် သံတွဲတွင် ကညနရုံး ခွင့်ပြုမည်ဆိုပါက ရန်ကုန်ကိုသွားစရာမလိုဘဲ RKE ရခိုင် လိုင်စင်များကို ပြောင်းလဲရယူခြင်းဖြင့် ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်း ဖြေလျော့သွားမည် ဖြစ်ပါ ကြောင်း၊ သို့ပါ၍ ဒေသခံပြည်သူများ၏ အမှန်တကယ် လိုအပ်လျက်ရှိသည့် ကညနရုံးကို သံတွဲခရိုင်၊ သံတွဲမြို့တွင်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန (ကညန) ၏ သံတွဲခရိုင်ရုံးကို ၁၄-၁၀-၁၉၈၂ ရက်နေ့တွင် ဖွင်‌့လှစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်က ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတို့ ဝန်ကြီးဌာန သုံးခုခွဲသည့် အချိန်တွင် ကညနကရထားပို့ဆောင်ရေး ဝန်ကြီးဌာနအောက် ရောက်ရှိသွားပြီး  လုပ်ငန်းများ ကျစ်ကျစ်လစ်လစ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စုရုံးများ စုပေါင်းဖွဲ့စည်းခဲ့ရသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်နယ်ရုံးစိုက်ပြီး လုပ်ငန်းများပူးပေါင်း၍ စုစည်းဆောင်ရွက် ခဲ့ရပါကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်တွင် ကညနစစ်တွေရုံး တစ်ရုံးသာရှိသည့်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ကို နယ်လှည့်သွားရောက်ပြီး လုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

သံတွဲခရိုင်တွင် ပါဝင်သည့် သံတွဲ၊ တောင်ကုန်နှင့် ဂွသုံးမြို့နယ်တွင် ၃၀-၆-၂၀၁၇ ရက်နေ့အထိ   မော်တော်ယာဉ် ၇၁၅ စီး၊ နှစ်ဘီးတပ်၊ သုံးဘီးတပ်နှင့် ထရော်လာဂျီ ၁၀၇၄၈ စီးရှိသောကြောင့် ယာဉ်စီးရေ စုစုပေါင်း ၁၁၄၆၃ စီးနှင့် ယာဉ်မောင်းလိုင်စင် ၁၄၅၆၈ စောင် မှတ်ပုံတင် ထားရှိ ပါကြောင်း၊ ယခုအခါ သံတွဲခရိုင်တွင် ကညနရုံးမရှိသည့်အတွက် သံတွဲခရိုင်အတွင်းရှိ ပြည်သူများ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက် စစ်တွေ ပြည်နယ်ရုံးမှ သံတွဲခရိုင်သို့ နှစ်စဉ်ဖေဖော်ဝါရီလ၊ ဇွန်လနှင့် အောက်တိုဘာလတို့တွင် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများအဆင်ပြေစေရန် နယ်လှည့်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ထို့ပြင် သံတွဲမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးမှ ဖွင့်လှစ်ထားသော ယာဉ်မောင်းသင်တန်းကျောင်းမှ သင်တန်းဆင်း အောင်မြင်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရေးဖြေစစ်ဆေးခြင်းနှင့် ယာဉ်မောင်းလက်တွေ့ဖြေဆိုခြင်း၊ Chip ပါသည့် Shard Card ယာဉ် မောင်းလိုင်စင်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရန်အတွက် သံတွဲခရိုင်ရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနသို့ ကွန်ပျူတာစက်ကိရိယာများကို ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်တွင် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ တိုးတက်များပြားလာခြင်း၊ စစ်တွေပြည်နယ်ရုံးတွင်လည်း သံတွဲခရိုင်နှင့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးနေရခြင်းကြောင့် လုပ်ငန်းများ၊ ပြည်သူများအတွက်ပါ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲရာတွင် ကညနရုံး သံတွဲခရိုင်ရုံးအတွက် ဖွဲ့စည်းပုံ ထည့်သွင်းရေးဆွဲ ထားပါကြောင်းနှင့် ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိသည့်အခါ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။