မေးခွန်း အကြောင်းအရာ
၂၀၁၆ ခုနှစ် စက်တင်ဘာလက ကုန်သည်လမ်းနှင့် လမ်း ၄၀ ဓာတ်တိုင်တွင် ဆက်သွယ်ရေးဝါယာနှင့် လျှပ်စစ်ဝါယာများ လေတိုက်ပြီး မီးလောင်ကျွမ်းခဲ့ရပါကြောင်း၊ ကုန်သည်လမ်းနှင့် လမ်း ၄၀ လမ်း အနောက်ဘက် သမိုင်းဝင်ဂန္ဒီခန်းမ၊ ဆက်သွယ်ရေးရုံးချုပ်အနီး၊ အနော်ရထာလမ်းမနှင့် ဆိပ်ကမ်းသာလမ်းထောင့်တွင် ဆက်သွယ်ရေးဝါယာကြိုးများ ရှုပ်ထွေးနေပါကြောင်း၊ ကုန်သည်လမ်းမပေါ်ရှိ ဆက်သွယ်ရေးဝါယာကြိုးများ၊ လျှပ်စစ်ဝါယာကြိုး များနှင့် သစ်ပင်များတွင် ငြိ၍ ဟောင်းနွမ်းဆွေးမြည့်ပြီး ရှုပ်ထွေးနေပါကြောင်း၊ မဟာဗန္ဓုလလမ်း ပေါ် ပန်းဆိုးတန်းလမ်းထောင့်တွင် မြို့နယ်စည်ပင်သာယာရေးက ရေမြောင်းများကိုတူးဖော်ပြီး ဆက်သွယ်ရေးဝါယာများကို ရေမြောင်းများထဲတွင် စည်းကမ်းတကျမထားခဲ့သည်မှာ အလွန် ဆိုးရွားသောပြဿနာ တစ်ခုဖြစ်ပါကြောင်း၊ အနော်ရထာလမ်းတွင် ထားရှိသော ဆက်သွယ်ရေး ပုံးများ၊ ဆက်သွယ်ရေးကြိုးများကိုလည်း မြေအောက်တွင်သာမက မြေပေါ်တွင်ပါ ဆက်သွယ် ထားပုံသည် မသေမသပ်ဖြစ်နေပါကြောင်း၊ ဆက်သွယ်ရေးကြိုးများ သွယ်တန်းမှု မကောင်းသည့် အတွက် ရေကြီးသည့်အခါ ဖုန်းလိုင်း ပြတ်တောက်ခြင်းများ အလွယ်တကူ ဖြစ်ပါကြောင်း၊ ကျောက်တံတားမြို့နယ်သည် မြို့လယ်ခေါင်ဖြစ်သည့်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများကို နိုင်ငံတကာအဆင့်မီ၊ စနစ်တကျ ပြုလုပ်သင့်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ KPPI စူမီတိုတို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော၊ နိုင်ငံတကာအဆင့်မီစေရန် ဆောင်ရွက်နေသော၊ ရှေ့သို့လှမ်းချီ မြန်မာပြည်ဟူ၍ MPT နှင့် ကြော်ငြာနေသော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်း မြေပေါ်ရှိ ဓာတ်တိုင်များ၊ အိမ်နံရံများ ၊ ရေမြောင်းများအတွင်းနှင့် အဓိကလမ်းမကြီးများ ထောင့်တို့တွင် ရှုပ်ထွေးပြီး စုပုံထားသော၊ အန္တရာယ်ရှိနိုင်သောဆက်သွယ်ရေးကြိုးများကို စနစ်တကျ သွယ်တန်းပြီး ရှင်းလင်းပေးရန်အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဓာတ်တိုင်များပေါ်ရှိ ကေဘယ်လ်ကြိုးများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ ခွင့်ပြုချက်နှင့် လိုင်စင်ရအခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် အော်ပရေတာများက သွယ်တန်းထားသော ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများလည်း ပါဝင်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဓာတ်တိုင်များပေါ်ရှိ တယ်လီဖုန်းကေဘယ်လ်ကြိုးများရှင်းလင်းရေး လေးလစီမံချက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဆောင်ရွက်ခဲ့ပါကြောင်း၊
ယခင် ၁၉၇၈-၁၉၈၂ ခုနှစ်နှင့် ၁၉၈၃-၁၉၈၆ ခုနှစ် အသီးသီးတွင် ဆောင်ရွက်ခဲ့သော ပထမနှင့် ဒုတိယဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလများအတွင်း ရန်ကုန်မြို့(Downtown) ခြောက်မြို့နယ် အနက် ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တွင် ဆက်သွယ်ရေး တယ်လီဖုန်းတိုင်များ အစား မြို့တွင်းသန့်ရှင်းသာယာလှပစေရန် ရည်ရွယ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက Overhead ကေဘယ်လ်တွေကို wall type စနစ်ဖြင့် အဆောက်အဦနံရံများတွင် ချိတ်ဆွဲသွယ်တန်း ထားခဲ့ခြင်းဖြစ်ပါကြောင်း၊
ကျောက်တံတားမြို့နယ်အတွင်း မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ Kyaw Home Mart အဆောက်အဦကို အသစ်ပြန်လည်ပြင်ဆင်နေသော အချိန်အတောအတွင်း ၎င်း အဆောက်အဦနံရံများတွင် သွယ်တန်းထားသော ကေဘယ်လ်များကို ယာယီဖြုတ်ချထားခဲ့ ရသည့်အတွက် ကြိုးများရှုပ်ထွေးနေသောအနေအထား ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ အဆောက်အဦ ပြင်ဆင်သောလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သော ၂၀၁၇ ခုနှစ် မေလအတွင်း ၎င်းအဆောက်အဦ နံရံများတွင် ကေဘယ်လ်များကို စနစ်တကျပြန်လည် သွယ်တန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ဇွန်လ ၁၅ ရက်နေ့တွင် အပြီးဆောင်ရွက်ခဲ့နိုင်ပါကြောင်း၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံထောင့်တွင် မြေအောက်ကေဘယ်လ် လမ်းကြောင်းပေါ်ရှိ ရေမြောင်းများ ပြုပြင်နေသည့်အခါ ၎င်းနေရာရှိ မြေအောက်ကေဘယ်လ်အချို့ကို မြေပေါ်တွင်ယာယီထားရှိခဲ့ရပြီး ရေမြောင်းပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးသော ၂၀၁၇ ခုနှစ် မေလအတွင်း ကေဘယ်လ်များကို ရေမြောင်းဘေးတစ်လျှောက်တွင် စနစ်တကျပြန်လည်ချခင်းခဲ့ပြီး ဖြစ်ပါကြောင်း၊
၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် မတ်လအထိ ခြောက်လပွင့်လင်းရာသီစီမံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းဆောင်ရွက်ခဲ့သော ကြိုတင်ပြင်ဆင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သော (က) Overhead ကေဘယ်လ်များကို စနစ်တကျ သွယ်တန်း ဆောင်ရွက်ခြင်း၊ (ခ) ဟောင်းနွမ်းနေသော ကေဘယ်လ်နှင့် ကြိုးများကို အသစ် လဲလှယ်ခြင်း၊ (ဂ) ရှုပ်ထွေးနေသော ကေဘယ်လ်များကို ရှင်းလင်းဆောင်ရွက်ခြင်း၊ (ဃ) ယိုင်နေသော တယ်လီဖုန်းတိုင်များကို ပြန်လည်တည့်မတ်ခြင်း၊ လျော့ကျနေသော ဆိုင်းကြိုးများကို တင်းညှိခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊
ထို့အပြင် မြန်မာ့ဆက်သယ်ရေးလုပ်ငန်းအနေဖြင့် အခြားကျန်ရှိနေသော ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကိုလည်း မိုးရာသီစီမံချက်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြေအောက် ကေဘယ်လ်ကြိုးများ ချခင်းရာတွင် conduit ပိုက် (သို့ှမဟုတ်) PVC ပိုက်များကို အနည်းဆုံး ခြောက်ပေအနက်တွင် ချခင်းပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်း/တံတားဌာနက ရေမြောင်းများ တိုးချဲ့ခြင်း၊ အသစ်ထပ်မံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ရေမြောင်းနှင့် မြေအောက် ကေဘယ်လ်ကြိုး လမ်းကြောင်းများ တစ်ထပ်တည်းကျနေခြင်း၊ ကန့်လန့်ဖြတ်အနေအထား ဖြစ်နေခြင်းတို့အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ထို့အပြင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားသောကုမ္ပဏီများနှင့် အခြား အော်ပရေတာများကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သွယ်တန်းထားသော ဖိုင်ဘာ ကေဘယ်လ်များကို စနစ်တကျနှင့် သပ်သပ်ရပ်ရပ်ရှိစေရန် ဆက်သွယ်ရေး ညွှန်ကြားရေးမှု ဦးစီးဌာနက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကတည်းက အကြောင်းကြားဆောင်ရွက်ထားပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပါအဝင် လိုင်စင်ရဆက်သွယ်ရေးကုမ္ပဏီများနှင့် အခြား အော်ပရေတာများကို လက်ရှိဆက်သွယ်ရေးကွန်ရက်အတွင်းရှိ ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားစေရေးနှင့် ဆက်သွယ်ရေး ကွန်ရက်များ တိုးချဲ့ရာတွင်လည်း ဆက်သွယ်ရေးဆိုင်ရာဆက်စပ်ပစ္စည်းများကို စနစ်တကျ ဆက်သွယ်တပ်ဆင် ဆောင်ရွက်သွားစေရေး တို့အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးနေမျိုးထက်(ကျောက်တံတား) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံတွင် ဆက်သွယ်ရေး System က မိုဘိုင်းလောကတွင် တိုးတက်သော်လည်း ကြိုးဖုန်းဆက်သွယ်ရေးဘက်တွင် ဆက်လက်တိုးတက်စေရန် လုပ်ဆောင်သည်ကို မတွေ့ရှိရသည့်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် (၁) လျှပ်စစ်မီးတိုင်များတွင် သွယ်တန်းသည့်အစား မိမိ System နှင့်သွယ်ရန် အစီအစဉ်ရှိ/ မရှိ၊ (၂) ဂျပန် KTTI ကုမ္ပဏီ၊ စူမီတိုမိုကုမ္ပဏီတို့နှင့် အကျိုးတူပူးပေါင်းပြီးလုပ်ဆောင်နေသည့် အတွက် နည်းပညာများဖြင့် မြင့်မားစေရန် မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်မည်နည်းနှင့် လေတိုက်၍ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ဖိုက်ဘာကြိုးများ ပြတ်ကျနေပါက ပုဂ္ဂလိကဖိုက်ဘာကြိုးကုမ္ပဏီများ၊ သွယ်တန်းသောကုမ္ပဏီများက မည်ကဲ့သို့အလျင်အမြန် စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ကုမ္ပဏီဖြစ်သော KDDI နှင့် စူမီတိုမိုတို့နှင့် ၂၀၁၄ ခုနှစ်မှစပြီး Joint Operation ဆောင်ရွက်လျက်ရှိပါကြောင်း၊ စတင်ဆောင်ရွက်သည့်အချိန်က မြန်မာနိုင်ငံတွင် ကြိုးလိုင်း ဆက်သွယ်ရေးစနစ်ရှိနေပြီးဖြစ်သော်လည်း မိုဘိုင်းဆက်သွယ်ရေးသည် အလွန် အားနည်းနေသည့်အတွက် မိုဘိုင်းဆက်သွယ်ရေးတည်ထောင်ရန်အတွက် ဦးစား ပေးဆောင်ရွက်ခဲ့ပါကြောင်း၊ Ooredoo၊ Telenor တို့သည်လည်း Fit လိုင်းဟုခေါ်သော ကြိုးတယ်လီဖုန်းများဆောင်ရွက်ခြင်းမပြုဘဲ မိုဘိုင်းတယ်လီဖုန်းစနစ်ကိုသာ တိုးတက် ရန်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိုဘိုင်းဆက်သွယ်ရေးစနစ်သည် အတော်အတန် တိုးတက်အောင်မြင်နေပြီဖြစ်သည့်အတွက် အများပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များအသုံးပြုနေသော Fit Line တယ်လီဖုန်းကြိုးမဲ့စနစ်များကို အာရုံစိုက်ပြီး ထိန်းသိမ်းရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုသာမက ဖက်စပ်ဆောင်ရွက်နေသော KDDI၊ စိုမီတိုမိုကုမ္ပဏီကိုပါ ဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားပြီး ညွှန်ကြားထားပါကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်သည့်အခါ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်းအော်ပရေတာများဖြစ်သော ဖိုက်ဘာကေဘယ်လ်ချခင်းသော ကုမ္ပဏီများကို လိုင်စင်ထုတ်ပေးရာတွင် စည်းကမ်းသတ်မှတ်ချက်များရှိပါကြောင်း၊ ကေဘယ်လ်ချခင်းသော Write of Weak ခေါ်သော လမ်းကြောင်းအတွက် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် ၎င်းတို့က ခွင့်ပြုချက်တောင်းပြီး ဆောင်ရွက်ရပါကြောင်း၊ ဖိုက်ဘာကေဘယ်လ်ကျနေပါက အမြန်ဆုံးဆောင်ရွက်ရန် ဆက်လက်ညွှန်ကြားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
