(စ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိ ၂၀၁၇-၁၈ တွင် တည်ဆောက်ရန် ဘတ်ဂျက်ကျသည့် ကျောင်းများအား ကျေးရွာကော်မတီ ဆောက်လုပ်ခွင့်တောင်းခံပါက ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၇.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u myo nyuntယနေ့အချိန်တွင် ကျောင်းများကို အစိုးရက ဘတ်ဂျက်ချပေးပြီး တင်ဒါအောင်သော ကုမ္ပဏီများနှင်‌့ ဆောက်လုပ်ကြပါကြောင်း၊ ၂၀၁၆-၂၀၁၇ အတွင်း ဆောက်လုပ်ခွင့်ရကျောင်းများကို သွားရောက် ကြည်‌့ရှုရာတွင် အရမ်းအမြင့် စံချိန်မမီခြင်းများကိုတွေ့ရှိရပါကြောင်း၊ ခန်းဖွင်‌့အရ ၁၂ ပေ ရှိရ မည်ကို ၆ လက်မလျော့ (သို့) ၈ လက်မလျော့ခြင်း၊ အသုံးပြုထားသည့် သစ်သားများ စံချိန် မမီခြင်း၊ အသားအစားထိုးအသုံးပြုခြင်း၊ အသုံးပြုသည့် အုတ်များ အုတ်စံချိန်မမီခြင်း၊ ဘိလပ်မြေ အချိုးအစား လျော့နည်းခြင်း၊ ခေါင်မိုးသွပ် အရည်အသွေးစံချိန်မမီခြင်း၊ လက်ရာသေသပ်မှု မရှိခြင်း၊ ကျွမ်းကျင်မှုမရှိခြင်း စသည့် ချို့ယွင်းချက်ပေါင်းများစွာကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊

ကိုယ်ထူကိုယ်ထကျောင်းဆောင်ဖြစ်သည့် မူလွန်တောင်ကာကျောင်းသည် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းဆောက်လုပ်ရာတွင် အသုံးပြုထားသည့် Frameများ၊ သစ်သားများကအစ အရည်သွေးပြည့်မီသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထကျောင်းဆောင်များဖြစ်ကြသည့် သာစည်ရွာကျောင်းဆောင်၊ အ.လ.က(ခွဲ)ပင်းဖာ ကျောင်း၊ အ.ထ.က(ကက်သာ)ကျောင်းများသည်လည်း စံချိန်မီသောကျောင်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာကော်မတီက ဆောက်လုပ်သော ကျောင်းများ၊ ကျေးရွာက ကိုယ်ထူကိုယ်ဆောက်လုပ်သောကျောင်းများသည်  သေသပ်လှပခိုင်ခန့်မှု ရှိပြီး ကုမ္ပဏီက ဆောက်လုပ်ပေးသော ကျောင်းများနှင့် ကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ၂၀၁၇-၁၈ တွင် တည်ဆောက်ရန် ဘတ်ဂျက်ကျသည်‌့ ကျောင်းများအား ကျေးရွာကော်မတီ ဆောက်လုပ်ခွင်‌့တောင်းခံပါက ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်သစ်များဆောက်လုပ်ရာတွင် ဘဏ္ဍာစည်းမျဉ်းများနှင်‌့အညီ တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိပါကလည်း ဆောက်လုပ်ရေး လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင်‌့အညီ ဆောင်ရွက်ရပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှရရှိသော တိုင်းဒေသကြီး/ ပြည်နယ်များ အတွင်းရှိ ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည်‌့ လုပ်ငန်းများ အားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းများအပ်နှံပြီးဖြစ်သည့်အတွက် ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ အဆောက်အဦဦးစီးဌာနမှတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခွင့်ပြုပြီး ဘတ်ဂျက်များကို ကျေးရွာကော်မတီများမှ ဆောက်လုပ်ခွင်‌့ ရရှိလိုပါက သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်ပညာရေးမှူးမှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သဘောထား မှတ်ချက်ပြုတင်ပြရန်နှင်‌့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ သဘောထားမှတ်ချက်နှင့် အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။