မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ကို မိန်းကလေးက ၅၀ ရာခိုင်နှုန်း၊ ယောက်ျားလေးက ၅၀ ရာခိုင်နှုန်းဟူ၍ ကန့်သတ်လာမှုများရှိပါကြောင်း၊ ကန့်သတ်ရသည့် အကြာင်းအရင်းသည်လည်း မိန်းကလေးများက အမြဲတမ်းအမှတ်သာ နေခြင်း ကြောင့် ယောက်ျားလေးများ ဆေးတက္ကသိုလ် ဝင်ခွင့်ရရန်ဟူ၍ တစ်ဝက်တစ်ဝက်စီ ကန့်သတ်ခြင်းဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ပြန်ပြီးတော့လေ့လာကြည့်မည်ဆိုပါက မိန်းကလေးများ၏ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်သည် ယောကျာ်းလေးများထက် အမှတ် ၂၀ ခန့် မြင့်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆေးပညာကိုအမှန် တကယ် သင်ယူ လိုသော အမျိုးသမီးများ အများကြီးထိခိုက်နစ်နာပါကြောင်း၊ အကြောင်းပြချက်သေချာ ရေရာစွာ မရှိပါဘဲ အစိုးရ၏ မူဝါဒကိုယ်တိုင်က ယခုကဲ့သို့ ခွဲခြားနေမည်ဆိုလျှင် နိုင်ငံသူနိုင်ငံသားများ အတွက် များစွာနစ်နာပါကြောင်း၊
နိုင်ငံထူထောင်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ကျောင်းသူများအနေဖြင့် ပညာရေးတွင် ထူးချွန်ပါသော်လည်း တစ်မှတ်၊ နှစ်မှတ်နှင့် ကပ်၍ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ကို လွဲခဲ့ပါကြောင်း၊ မိမိအနေဖြင့် ဆေးတက္ကသိုလ်တစ်ခုတည်းကို ရည်ရွယ်ပြီး မေးမြန်းနေခြင်းမဟုတ်ဘဲ ကျင့်သုံးသည့် မူဝါဒကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊ အစိုးရသစ်ပြောင်းပြီး ပထမဆုံအကြိမ်ခေါ်သည့် ဆေးတက္ကသိုလ်ဝင်ခွင့်တွင်လည်း ယင်းစနစ်ကို သာ ကျင့်သုံးနေပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများကို တစ်ဖက်သတ် နှိမ်ထား သည့် ပညာရေးစနစ်၊ ဆေးတက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရန် အစီအစဉ်ရှိ/မရှိ သရှိလိုကြောင်း မေးမြန်းပါသည်။
တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် ဆေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ခြင်းအတွက် ကျောင်းသူများ၏ အမှတ်သည် ကျောင်းသားများထက် ပိုမိုမြင့်မားအောင် ကန့်သတ်ထားခြင်းမရှိပါကြောင်း၊ အခြေခံ ပညာအဆင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ဆေးတက္ကသိုလ်သို့ ဝင်ခွင့်သတ်မှတ် ရာတွင် ကျောင်းသားအချိုးနှင့် ကျောင်းသူအချိုးကို ၅၀ း ၅၀ သတ်မှတ်ထားသင့်သည့်အတွက် ဖြစ်ပါကြောင်း၊ သတ်မှတ်ထားခြင်း၏ အကြောင်းအရင်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ဖြေကြားချက်အရ ဖြေကြားပေးမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ကြားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ၁၉၆၄ ခုနှစ်မှစပြီး အခြေခံပညာအထက်တန်းစာမေးပွဲ၌ သိပ္ပံဘာသာတွဲဖြင့်အောင်မြင်သူများကို ရမှတ်အလိုက်အခြေခံကာ ဆေးတက္ကသိုလ်များသို့ ပညာသင်ကြားခွင့်ပြုခဲ့ပါကြောင်း၊ ၁၉၉၉ ခုနှစ်အထိ တက္ကသိုလ်ဝင် စုစုပေါင်းရမှတ်ပေါ် မူတည်ပြီး ဆေးတက္ကသိုလ်များသို့ ဝင်ရောက် ပညာသင်ကြားခွင့်ပြုခဲ့ရာ ဝင်ခွင့်ရသူများသည် အမျိုးသမီးဦးရေ ပိုမိုများပြားပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သူများသည်လည်း အမျိုးသမီးဆရာဝန် ဦးရေသည် ပိုမိုများပြားလာပါကြောင်း၊ အမျိုးသားဆရာဝန်ဦးရေနည်းပါးလာပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရန် ဝေးလံခက်ခဲသော ဒေသများကို တာဝန်ချထားရန် အခက်အခဲများစွာရှိခဲ့ပါကြောင်း၊ တင်ပြအပ်ပါတယ်။
ထို့ကြောင့် ဆေးတက္ကသိုလ်များသို့ ၁၉၉၉ အထိ ကျား၊ မ အချိုး ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်ပြုခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး ကျား ၆၀ ရာခိုင်နှုန်း၊ မ ၄၀ ရာခိုင်နှုန်းအချိုးဖြင့် ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ ၄၄၀၀ ဦးခန့် ပညာသင်ကြားခွင့် ပြုခဲ့ပါကြောင်း၊ အမျိုးသား ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၀ ရာခိုင်နှုန်း ခွဲတမ်းကိုသာသတ်မှတ်၍ ဆေးတက္ကသိုလ်ဝင် ခွင့်ပြုရခြင်းကြောင့် မိန်းကလေးများ၏ ဆေးတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ်သည် ယောက်ျားလေးများ၏ ဆေးတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ် ကွာဟချက်သည် အမှတ် ၃၀ ခန့်သည် ကွာဟမှုများ ရှိခဲ့ပါကြောင်း၊
၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပခဲ့သော နဝမအကြိမ် ဆေးပညာ သင်ကြားရေး နှီးနွယ်ဖလှယ်ပွဲတွင် ဆေးတက္ကသိုလ်များအားလုံးက မိမိတို့ လက်ခံသင်ကြား နေသော ကျောင်းသားကျောင်းသူဦးရေကို ပြန်လည်သုံးသပ်ပြီး ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ပြု လက်ခံရမည့် ကျောင်းသားကျောင်းသူဦးရေကို ကျား ၅၀ ရာခိုင်နှုန်း၊ မ ၅၀ ရာခိုင်နှုန်း အချိုး တူညီစွာဖြင့် လက်ခံသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေး ကော်မတီအစည်းအဝေးအမှတ်စဉ် ၁၄/၂၀၁၁ မှ တင်ပြအတည်ပြုဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ၂၀၁၂ ခုနှစ်မှ ယခု အချိန်အထိ ဆေးတက္ကသိုလ်များသို့ ကျား ၅၀ ရာခိုင်နှုန်း၊ မ ၅၀ ရာခိုင်နှုန်း အချိုးတူညီစွာဖြင့် ဝင်ခွင့်ပြုခဲ့ပါကြောင်း၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီး ဌာန ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနှောနွယ်တက္ကသိုလ်များ၏ သင်ကြားရေးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် လက်ရှိမှာ ၂၀ ရာခိုင်နှုန်းသား အမျိုးသား များ ဖြစ်ပြီး ၈၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် လုပ်ငန်းခွင့်ဝင်ရောက်နေသူ အများစုသည်လည်း အမျိုးသမီးများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဝေးလံခေါင်ဖျား ဒေသများနှင့် သွားလာရေးခက်ခဲသောဒေသများသို့ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် တာဝန်ချထားရာ၌ အဆင်ပြေချေမွေ့စေရေးနှင့် အမျိုးသားဝန်ထမ်း ပိုမိုးတိုးတက်ရရှိရေးအတွက် ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ရွေးချယ်ရာမှာ ကျားနှင့် မ အချိုးကို တန်းတူထိန်းညှိထားနိုင်မှသာ နောင်တွင်နိုင်ငံသားဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်မှု အမျိုးသား၊ အမျိုးသမီး အချိုးမျှတမှု ရှိမည်ဖြစ်ပြီး ဝေးလံခေါင်ဖျားဒေသများသို့ တာဝန်ပေးစေလွှတ်ရာတွင် အဆင်ပြေဖြစ်ပါကြောင်း၊
ဆေးပညာဘာသာရပ်သည် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ရပ်ဖြစ်ပါသဖြင့် ကျောင်းသူ ကျောင်းသားများ၏ အရည်အသွေး၊ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုပေါ်မူတည်၍ ရွေးချယ်တက်ရောက်ခွင့်ပြုခြင်းဖြစ်သည့်အတွက် တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးနောက် ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ရာတွင် ကျား၊ မ အချိုး ၅၀ ရာခိုင်နှုန်း အချိုးတူစွာ သတ်မှတ်ထားချက်အား ယခုအချိန်တွင် ပြင်ဆင်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နောင်ခါများတွင် နိုင်ငံတော်၏ ကျန်းမာရေး လိုအပ်ချက်အခြေအနေပေါ်မူတည်ပြီး ယခုကဲ့သို့ ကျား၊ မ အချိုးကန့်သတ်ထားခြင်းကို ပြန်လည် စဉ်းစားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးအောင်လှိုင်ဝင်း(မင်္ဂလာဒုံ)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီးဌာနအနေဖြင့် ကျား၊ မ အချိုးကို ပြင်ရန်အစီအစဉ်မရှိကြောင်းနှင့် ဝေးလံခေါင်ဖျားသည့် ဒေသတွင် တာဝန်ထမ်းဆောင်နိုင်မည့် ဝန်ထမ်းလိုအပ်ချက်အရ ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာများတွင် ကျား၊ မ ခွဲခြားခွင့်မပါရှိပါကြောင်း၊ ထို့ကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့် ကန့်သတ်ချက်များအား ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ကျား၊ မ အချိုးဝင်ခွင့်သတ်မှတ်ခြင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လူ့စွမ်းအား အရင်းအမြစ်စီမံကိန်း၊ ကျန်းမာရေး ဆောင်ရွက်မှုစီမံကိန်းများပေါ်မတည်ပြီး ရေးဆွဲ ဆောင်ရွက် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျား၊ မ ခွဲခြားခြင်းမရှိဘဲ ဆောင်ရွက် နိုင်ရန်အတွက် စီမံကိန်းများနှင့်အညီ ပြန်လည်စိစစ်နိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ ပြန်လည် တင်ပြပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
