မေးခွန်း အကြောင်းအရာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲစနစ်ဖြင့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်၍ လွှတ်တော်အသီးသီးကို ဖွဲ့စည်းပြီး နိုင်ငံရေး အခင်းအကျင်းပုံစံအသစ်ဖြင့် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ကျင်းပပေးခဲ့ပြီး ပြည်သူလူထုက ၎င်းတို့သဘောဆန္ဒဖြင့် ရွေးချယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်အသီးသီးကို ထုတ်ပြန်ကြေညာ ပေးခဲ့ပါကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ကန့်ကွက်လွှာတင်သွင်းလိုက ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း ဥပဒေထုတ်ပြန်ထားရာ ကန့်ကွက်လွှာအမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးများဖွဲ့ပြီး ကြားနာစစ်ဆေး၍ ဆုံးဖြတ်ပေးခဲ့ရပါကြောင်း၊ ကန့်ကွက်လွှာတင်သွင်းမှုတွင် အမှုရှုးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေ ၁၅ သိန်းကျပေးချေရန် ဆုံးဖြတ်ပေးခဲ့ပါကြောင်း၊ ကန့်ကွက်လွှာတင်သွင်း၍ ရှုံးနိမ့်သူက မကျေနပ်၍ ထပ်မံ၍ အယူခံတင်သွင်းသောအခါတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့လျှင် နောက်ထပ်စရိတ်ငွေ ၁ သိန်းကျပ် ကို ပေးသွင်းရန် ဆုံးဖြတ်ပေးခဲ့ပါကြောင်း၊ ဤသည်ကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်သူက ကန့်ကွက်လွှာတင်သွင်းမှုမျိုး ပြုလုပ်လာသောအခါ ရွေးကောက်ပွဲတွင် အနိုင်ရထားသူသည် တစ်ဖက်မှတင်သွင်းလာသော ကန့်ကွက်လွှာကို ချေဖျက်နိုင်ရန် အကျိုးဆောင်ရှေ့နေ ငှားရမ်းရခြင်း၊ ခိုင်မာသောသက်သေများကို တင်သွင်း၍ ချေဖျက်ရခြင်းတို့ကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်းပြီး ပြည်သူ့ကိုယ်စား လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အနှောင့်အယှက် အခက်အခဲများ ကြုံတွေ့ကြရပါကြောင်း၊
၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာတင်သွင်းရာ၌ အမှုရှုံးနိမ့်သူက အမှုအနိုင်ရသူအား စရိတ်ငွေ နှစ်သိန်းကျပ်သာပေးချေရန် ဆုံးဖြတ်ပေးခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သူက နည်းလမ်းအမျိုးမျိုး၊ သက်သေအမျိုးမျိုးကို တင်ပြ၍ကန့်ကွက်မှုများကို ကန့်ကွက်လွှာတင်သွင်းခံရ သူသည် အချိန် ၉ လ၊ ၁၀ လခန့်ကြာအောင် အမှုစစ်ဆေးခံရခြင်းကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဖြစ်ရပါကြောင်း၊ ကန့်ကွက်လွှာတင်သွင်းမှုနှင့် အယူခံလွှာတင်သွင်းမှုတို့ကို ရွေးကောက်ပွဲကော်မရှင်က စနစ်တကျကြားနာစစ်ဆေးပြီး စရိတ်များကို ရှုံးနိမ့်သူကသာ ကျခံပေးသွင်းစေသောကြောင့် နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲခြင်းမဟုတ်သဖြင့် အမှုအနိုင်ရသူအတွက် အမှန်တကယ်ကုန်ကျသောစရိတ်ကို မကာမိနိုင်သော်လည်း ကုန်ကျစရိတ်နှင့် နီးစပ်နိုင်ရေးအတွက် ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲကဲ့သို့ စရိတ်ကိုကျခံပေးသင့် စေလိုပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကို ယခင်ကာလများကကဲ့သို့ ၁၅ သိန်းကျပ် ပေးချေနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်မရှိသည်ကို သိရှိလိုပါကြောင်းနှင့် အယူခံလွှာတင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကို ယခုကဲ့သို့ တစ်သိန်းကျပ် မဟုတ်ဘဲ တိုးမြှင့်နိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇၊ ၈၈၊ ၉၀ တို့နှင့်အညီ ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းလာသည့်အခါ တရားမဲ့ပြုကျင့်မှု ပေါ်ပေါက်ခြင်းရှိ/မရှိ ဆုံးဖြတ်နိုင်ရန် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ နှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းစစ်ဆေးရပါကြောင်း၊ ယင်းဖွဲ့စည်းသည့် ရွေးကောက်ပွဲခုံအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများကို စစ်ဆေးရာတွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၇ နှင့် ရွေးကောက်ပွဲနည်းဥပဒေ ၉၄ အရ တရားမမှုများကို စစ်ဆေးရာတွင် လိုက်နာရသည့် ကျင့်ထုံးနှင့်အညီ ကန့်ကွက်လွှာကို စစ်ဆေးပါကြောင်း၊ ထို့အတူ ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ ပုဒ်မခွဲ (က) နှင့် ရွေးကောက်ပွဲနည်းဥပဒေ ၉၉ အရ တင်သွင်းသည့်အယူခံမှုကို ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးက သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၁ ပါ တရားမကျင့်ထုံးဥပဒေအရ အယူခံမှုများကို ကြားနာစစ်ဆေး ရာတွင် လိုက်နာရသည့် ကျင့်ထုံးနှင့်အညီ ကြားနာစစ်ဆေးရမည်ဟု ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် ပါကြောင်း၊
တရားကျင့်ထုံးဥပဒေပုဒ်မ ၃၅ တွင် တရားစရိတ်နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားရှိပါကြောင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၇ တွင် ရွေးကောက်ပွဲခုံအဖွဲ့သည် အမှုစစ်ဆေးခြင်း ကိစ္စနှင့်စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသောအာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ရွေးကောက်ပွဲခုံအဖွဲ့များအနေဖြင့် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၅ (၁)နှင့်အညီ ဆင်ခြင်တုံတရားအရ တရားစရိတ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများတွင် တရားစရိတ်ငွေနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း အမျိုးမျိုးဆုံးဖြတ်ခဲ့ကြပါကြောင်း၊ (က) ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၉) မှ လျှောက်ထားသူ ဦးကျော်ထွန်းအောင်နှင့် လျှောက်ထားခံသူ ဦးဦးလှစောအမှုတွင် အမှုစရိတ်ငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ (ခ) ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၇)၊ (၈)၊ (၉)မှ လျှောက်ထားသူ ဦးသူရမျိုးခင်ပါ (၃) နှင့် လျှောက်ထားခံရသူ ဦးဉာဏ်ဆွေဝင်းပါ (၃) အမှုများတွင် တရားစရိတ်ငွေကျပ် ၁၀ သိန်းကိုလည်း ကောင်း၊ (ဂ) ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂၉)မှ လျှောက်ထားသူဒေါ်ဝိုင်းနှင့် လျှောက်ထားခံရသူ ဦးမျိုးအောင်အမှုတွင် တရားစရိတ်ငွေကျပ်ငါးသိန်းကိုလည်းကောင်း၊ (ဃ) ရွေးကောက်ပွဲ ကန့်ကွက်လွှာပြင်ဆင်မှု အမှတ်(၁)မှ လျှောက်ထားသူ ဦးမြတ်သူ (ခ) ဦးကျော်ဇင်ညွန့်နှင့် လျှောက်ထားခံရသူ ဒေါက်တာမြတ်ဉာဏစိုး အမှုတွင် အမှုစရိတ်ငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ (င) ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၁၄) မှ လျှောက်ထားသူ ဒေါ်ခင်နွဲ့နှင့် လျှောက်ထားခံရသူ ဦးမျိုးမြင့်အမှုတွင် တရားစရိတ်ငွေ ဖော်ပြ သတ်မှတ်ခြင်း မရှိကြောင်းကိုလည်းကောင်း၊ (စ) ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃။၂၀၁၂) မှ ဒေါက်တာအောင်မြတ်သူနှင့် လျှောက်ထားခံရသူ ဦးဖြိုးမင်းသိန်းအမှုတွင် တရားစရိတ်ငွေ ခွင့်ပြုခြင်းမရှိပါကြောင်း၊
ထို့အပြင်လည်း ပါလီမန်ခေတ်က ၁၉၅၆ ခုနှစ်၊ ပါလီမန်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု အမှတ် (၃၂) ဦးစောထွေးအောင်နှင့် ဦးလုံးဖြူပါ (၂) အမှုတွင် ဦးမောင်သောင်းစိန် သဘာပတိအဖြစ် ဆောင်ရွက်သော ခုံအဖွဲ့က လျှောက်ထားသူနှင့် လျှောက်ထားခံရသူများသည် မိမိတို့စရိတ်ကို မိမိတို့ အသီးသီးကျခံစေပါကြောင်း၊ တရားစရိတ်ငွေများနှင့် စပ်လျဉ်း၍ ချမှတ်ရာတွင် အထက်ဖော်ပြပါ အမှုများ၌ ပုံသေသတ်မှတ်ခဲ့ခြင်းမရှိဘဲ ခုံအဖွဲ့များမှ အမျိုးမျိုးချမှတ်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများသည် အရပ်ဘက်တရားမမှုများနှင့် အမှုသဘောသဘာဝအရ တူညီမှု မရှိပါကြောင်း၊ တရားစရိတ်ငွေနှင့် စပ်လျဉ်း၍ ပုံသေသတ်မှတ် ပြဋ္ဌာန်းချက်မရှိပါကြောင်း၊ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံအဖွဲ့များအနေဖြင့် တရားစရိတ်ငွေများချမှတ်ခဲ့ခြင်းမှာ ဥပဒေပြဋ္ဌာန်းချက်ဘောင်အတွင်းမှ ရွေးချယ်ချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
လက်ရှိပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံအဖွဲ့များက ဝေးလံခေါင်းပါးသောဒေသများ ဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုများနှင့် စပ်လျဉ်း၍ တရားစရိတ်ငွေကျပ်နှစ်သိန်းအထိ ချမှတ်ပေးခဲ့သည်များလည်းရှိပြီး တရားစရိတ်ငွေကျပ် တစ်သိန်းမှာ ပုံသေမဟုတ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကန့်ကွက်လွှာအမှုများတွင် ရှုံးနိမ့်သူက အနိုင်ရသူအားတရားစရိတ်ငွေကို ယခင်ကာလများကကဲ့သို့ ၁၅ သိန်းကျပ် ပေးချေနိုင်ရန် အစီအစဉ်မရှိပါကြောင်းနှင့် နောင်တွင် လျှောက်ထားလာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ၌ လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ အမှန်ကုန်ကျမည့် စရိတ်အပေါ် ဆင်ခြင်သုံးသပ်ပြီး တရားစရိတ်များအား ငွေကျပ်တစ်သိန်းထက်ပို၍ တိုးမြှင့်ချမှတ်ပေးရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
