(ဆ)-ရသေ့တောင်မြို့နယ်၊ ကျီးကျွန်းတာတမံအား တာပုံစံကျပြုပြင်ခြင်းလုပ်ငန်းများအောင်မြင်နိုင်ရေး အတွက် စက်ယန္တရားများဖြင့် စနစ်တကျ ပုံဖော် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၃.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

khin saw waiရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စုရှိ ကျီးကျွန်းတာတမံသည် ၁၉၇၇ ခုနှစ်ကပင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းလျက်ရှိသည့် စီမံကိန်းတာတမံ တစ်ခု ဖြစ်ပါကြောင်း၊ အရှည် ၃ မိုင် ၆ ဖာလုံရှိပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် တာတမံကို ပြုပြင်ထိန်းသိမ်းမှု အားနည်းလာသည့်အတွက် ရေငန်များစီးဝင်လာပြီး ရေတံခါးများမလုံခြင်း၊ မကြာခဏကျိုးပေါက်လာခြင်း တို့ကြောင့် နှစ်စဉ်လိုလို စပါးများပျက်စီးကြပါကြောင်း၊ တာတမံဆည်ဖို့်ထားမှုကို လေ့လာကြည့်သည့်အခါ အမှတ် (၁) ကွန်ကရစ်ရေတံခါးကို ၂၀၀၃ ခုနှစ်နှင့် အမှတ်(၂) ကွန်ကရစ်ရေတံခါးကို ၂၀၁၃ ခုနှစ်တွင် အသီးသီးတည်ဆောက်ပေးခဲ့ပြီး ရေတံခါး၏ တံခါးရွက်ကို သစ်သားအညံ့စားများဖြင့် တပ်ဆင်ထားသည့် အတွက် ကျိုးပျက်သွားသည်ကို တွေ့ရှိပါကြောင်း၊ ၎င်းတာတမံကို ၂၀၁၄-၁၅ ခုနှစ်တွင် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၆၀ ဖြင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာတွင်လည်း စက်အားမပါဘဲ လူလုပ်အားဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် မြေသားခိုင်မာမှုမရှိဘဲ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရာ ယင်းအက်ကွဲကြောင်းများကို ပပျောက်အောင်မပြုလုပ်နိုင်သေးပါကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးရာတွင်လည်း အဆင်မပြေမှုများ ကြုံတွေ့နေကြရပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျီးကျွန်းတာတမံ ဆည်ဖို့ခြင်း လုပ်ငန်းကို ၄၅ သန်းဖြင့် ဆည်ဖို့ခဲ့ရာတွင်လည်း ပေ ၁၅၀၀ ခန့်ကို လူလုပ်အားဖြင့် ဆည်ဖို့ခဲ့ခြင်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက်သာ မျှော်မှန်းပြီး အပေါ်ယံလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိုးရာသီတွင် အကြိမ်ကြိမ်ကျိုးပေါက်ကျနေရာဖြစ်သည့် လပေါ်စားချောင်းမှ အမှတ်(၁) ရေတံခါးအထိ ပေ ၄၀၀၀ခန့်မှ အတွင်း/အပြင်မှာ ရေစီးချောင်းကြီး ဖြစ်ပေါ်နေပြီး မြေတူးစရာနေရာမရှိသည့်အတွက် တာရိုးကိုပုံစံတကျ ဆည်ဖို့ရန် အခက်အခဲရှိနေပါကြောင်း၊ ၎င်းတာရိုးကို သင့်တော်သည့် နေရာသို့ ရွှေ့ပြောင်းဆည်ဖို့ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျီးကျွန်းတာတမံ ရေရှည်တည်တံ့ပြီး လယ်သမားများမှ မိမိပိုင်လယ်များကို စိတ်ချမ်းသာစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် ပြည်သူ့ဘဏ္ဍာငွေများကို အကျိုးရှိရှိစနစ်တကျ အသုံးပြုနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင် ကျေးရွာအုပ်စုရှိ ကျီးကျွန်းတာတမံကို တာပုံစံကျကျပြုပြင်ခြင်းလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် စက်ယန္တရားများဖြင့် စနစ်တကျပုံဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာအနီး မေယုမြစ် ဘေးတွင် တည်ရှိသော ကျီးကျွန်း ရေငန်တားတာသည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားသည့် ရေငန်တားတာ ဖြစ်ပါကြောင်း၊ အလျားလေးမိုင်ခန့်ရှည်လျားပြီး လယ်ယာမြေဧက ၁၇၀၀ ကျော်ကို ရေဘေးကာကွယ်ပေးထားပါကြောင်း၊ ၂၀၁၅ ခုနှစ် မိုးရာသီတွင် ကိုမန် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သည့်အတွက်ကြောင့် မုန်တိုင်းဒီရေမြင့်တက်ပြီး ကျီးကျွန်းရေငန်တားတာတွင် ၂၂ နေရာကျိုးပေါက်မှု ဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် လယ်မြေများ ဆားငန်ရေမဝင်ရောက်စေရန်အတွက် တာကျိုးပေါက်မှုများကို မြေဖို့ပြုပြင်ရန် စီမံဆောင်ရွက်ခဲ့ရာတွင် အဆိုပါတာအစိတ်အပိုင်းများအတွင်း/အပြင် အပြင်များတွင် ရေတိုက် စားပြီး ချောင်းများဖြစ်ပေါ်နေသည့်အတွက် မြေယူရန်ခက်ခဲပြီး စက်ယန္တရားများ ဝင်ရောက်ရန် မလွယ် ကူခြင်းကြောင့် လူအားဖြင့်သာ ဆောင်ရွက်ရသည့် အခြေအနေဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျခံဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ကျီးကျွန်ရေငန်တားတာ အနေဖြင့် မေယုမြစ်ဘေးတွင် တည်ရှိသည့်အတွက် မိုးရာသီတွင် ဒီရေတိုက်စားမှုကို ပြင်းထန်စွာ ခံစားရသည့် အလျောက် ရေရှည်တောင့်တင်းခိုင်မာစေရန် တာအလျားလေးမိုင်ကို စက်ယန္တရားဖြင့် ပုံစံကျမြေဖို့ပြုပြင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ဤကဲ့သို့ မြေဖို့ပြုပြင်ရာတွင် တာ၏ပေတိုင် ၄၀၀၀ ပေမှ ၁၀၀၀၀ ပေအထိ အလျား ၆၀၀၀ ပေခန့်တွင် တာအတွင်းဘက်နှင့် အပြင်ဘက် ရေတိုက်စား၍ ချောင်းများ ဖြစ်ပေါ်နေသည့်အတွက်ကြောင့် ဖို့မြေရယူရန်နှင့် စက်ယန္တရားများ ဝင်ရောက်ဆောင်ရွက်ရန် ခက်ခဲသည့် အတွက် အနောက်ဘက်ကို အူကြောင်းပြောင်းရွှေ့ပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါအပိုင်း၏ ပေတိုင် ၆၅၀၀ ခန့်တွင် (၅ ပေ x ၆ ပေ) နှစ်ပေါက်ရေတံခါး တစ်ခုကိုလည်း အသစ်ထည့်သွင်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊

တာအူကြောင်း ပြောင်းရွှေ့ဆောင်ရွက်ရမည့် အပိုင်းအတွက် တာဖို့မည့်ဧရိယာ၊ မြေဖို့ယူရန် ဧရိယာနှင့် မလွတ် ကင်းသည့် မြေယာနှင့်သီးနှံများအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ သက်ဆိုင်သည့်ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းပြီး ဒေသခံပြည်သူများနှင့် ကြိုတင်ကွင်းဆင်းညှိနှိုင်း သဘောတူညီမှုများ ရယူပြီးသည့်နောက် မြေယာနှင့်သီးနှံလျော်ကြေးငွေများကို လျာထားသတ်မှတ် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျီးကျွန်ရေငန်တားတာကို ပုံစံကျပြုပြင်ခြင်း လုပ်ငန်းအတွက် တာ၏ပေတိုင် ၄၀၀၀ ပေမှ ၁၀၀၀၀ ပေအထိအပိုင်းကို တာအူကြောင်း ပြောင်းရွှေ့တည်ဆောက်ခြင်းနှင့် (၅ ပေ x ၆ ပေ) နှစ်ပေါက်ရေတံခါးတစ်ခု တည်ဆောက်ခြင်း၊ ပေတိုင် ၀ မှ ၄၀၀၀ အပိုင်းနှင့် ပေတိုင် ၁၀၀၀၀ မှ ၂၁၁၂၀ အပိုင်းများကို ပုံစံကျမြေဖို့ပြုပြင်ခြင်း၊ ပေတိုင် ၁၀၀၀၀ နှင့် ပေတိုင် ၁၃၀၀၀ ပေရှိ မူလရှိပြီးသည့် ရေတံခါးနှစ်ခုကို ရေတံခါးရွက်များ ပြုပြင်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် ရသေ့တောင်မြို့နယ်ရှိ ကျီးကျွန်းရေငန်တားတာကို စက်ယန္တရားများနှင့် ပုံစံကျပြုပြင် တည်ဆောက်ခြင်းနှင့် ရေတံခါးတစ်ခု ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံလယ်သမားများနှင့် သဘောတူညီမှုရရှိလျှင် တည်ဆောက်မှု ကုန်ကျစရိတ်၊ မြေယာသီးနှံ လျော်ကြေးများ စုပေါင်းတွက်ချက်ပြီး လိုအပ်သည့်ရန်ပုံငွေကို တင်ပြတောင်းခံမှုနှင့်အတူ ရန်ပုံငွေခွဲဝေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားနိုင်မည့်အကြောင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၎င်းတာတမံကို တာပုံစံကျကျလုပ်ပြုလုပ်နိုင်ရန် လယ်သမားများက ဆန္ဒရှိနေကြပါကြောင်း၊ သို့သော်လည်း မိမိတို့က ပြည်နယ်ဘတ်ဂျက်ဆိုတာက အမြဲတမ်းကတိကဝတ်များ ဖြစ်ပါကြောင်း၊ ယခင်က အိုးခေါက် ဆိပ်ခံ တံတားက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပေးမည်ဟု ကတိရှိခဲ့သော်လည်း ရခိုင်ပြည်နယ် ဘတ်ဂျက် နည်းသည့်အတွက် ထည့်သွင်းပေးခြင်း မရှိသေးပါကြောင်း၊ ယခုလည်း ရခိုင်ပြည်နယ်ဘတ်ဂျက်ကနေ တိုင်းတာဆောင်ရွက်ပေးမည်ဟုဖြေကြားခဲ့သည့်အတွက် အကယ်၍များ ပြည်နယ်ဘတ်ဂျက်ကများ မပါခဲ့လျှင် ပြည်ထောင်စုဘတ်ဂျက်ကများ ထည့်ပေးနိုင်ခွင့်ရှိ/မရှိနှင့် ၎င်း တာတမံကို တာပုံစံကျကျရအောင်အတွက် လယ်သမားများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဆိုသည့် အကြောင်းကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါ သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

တောင်သူများကို မြေယာအတွက် လျော်ကြေးနှင့် မြေယာလျော်ကြေးအပါအဝင် လိုအပ်သည့် ပုံစံတကျ တည် ဆောက်မည့် လုပ်ငန်းများအတွက် နိုင်ငံတော်ဘတ်ဂျက်ကနေပြီး ကျခံဆောင်ရွက်သွားရမည့် အခြေအနေတွင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့် ဦးစွာမိမိတို့ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေအကန့်အသတ်ရှိမည်ဆိုလျှင်လည်း လာမည့် ၂၀၁၈-၁၉ ပြည်ထောင်စု၏ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေ ရရှိလာသည့်အလျောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။