မေးခွန်း အကြောင်းအရာ
ကျောက်တော်မြို့နယ်တွင် တပ်မတော်အစိုးရလက်ထက် ၂၀၀၃-၂၀၀၄ခုနှစ် ဝန်းကျင်ခန့်က ဇီးချောင်းတာတမံ၊ ပြိုင်းချောင်းတာတမံ၊ မင်းသာ ချောင်း တာတမံစသည့် ရေလှောင် တာတမံကြီး သုံးခုကို တည်ဆောက်ခဲ့ပါကြောင်း၊ ဇီးချောင်းတာတမံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက် ပြီး၂၀၁၂ ခုနှစ်တွင်ပြီးစီးကာ ကာလတန်ဖိုး ကျပ်ငွေ ၉.၉၁၄ ဘီလီယံရှိပါကြောင်း၊ လယ်ဧက ၁၅၀ ကျယ်ဝန်းပြီး အကျိုးပြုလယ်ဧကပေါင်း ၁၀၀၀ ကျော်ဟုလည်းကောင်း၊ ပြိုင်းချောင်းဆည်ကို ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ပြီး ၂၀၁၁ ခုနှစ်တွင်ပြီးစီးကာ ကန်ရေပြင်ဧက ၆၂၅ ဧကရှိပြီး အကျိုးပြုနိုင်သည့် လယ်ဧကပေါင်း ၅၀၀၀ ကျော်ရှိသည်ဟုလည်းကောင်း ခန့်မှန်းထားပါကြောင်း၊ မင်းသားချောင်းရေလှောင်တာတမံကို ၂၀၀၂ ခုနှစ်တွင် တည်ဆောက်ပြီး ၂၀၀၇ ခုနှစ်တွင် ပြီးဆုံးကာ စတင်ပြီးဆုံးသည့် နှစ်များတွင် အနီးအနားရှိ တောင်သူဦးကြီးများက အဆိုပါဆည် များကို အားကိုးပြီး နွေစပါးများ စမ်းသပ် စိုက်ပျိုးခဲ့သည်ဟု သိရှိရပါကြောင်း၊ လယ်သမားများ၏ ပြောကြားချက်များအရ ရေပုံမှန်ပေးဝေမှု မရှိခြင်း၊ အဖျက်ပိုးမွှားများ ကျရောက်ခြင်း၊ ဌာနဆိုင်ရာ များ၏ လျစ်လျူခြင်း များကြောင့် နောက်နှစ်ပိုင်းများတွင် ဆက်လက်ဆောင်ရွက်လိုစိတ် မရှိသည်ကို သိရှိရပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် ဇီးချောင်းဆည်နှင့် အနီးအနားတွင် ရှိသောကျေးရွာတချို့ကို ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပါရှိသည်ကို တွေ့ရှိရပါကြောင်း၊
ပြည်သူများနှင့်တွေ့ဆုံရာတွင် ဆည်များတည်ဆောက်ခြင်းနှင့် ပတ်သက်၍ အကျိုးကျေးဇူး ခံစားရခြင်းမရှိဘဲ လယ်ဧကများ ဆုံးရှုံးခြင်း၊ မိုးရာသီများတွင် ရေလွှမ်းမိုးမှုများ မကြာခဏ ခံရခြင်းများသာ ကြုံတွေ့ခဲ့ရသည်ကို သိရှိရပါကြောင်း၊ ရေနုတ်မြောင်းများ၊ ဆည်တွေ၊ လယ်ဧကများ ဆောင်ရွက်ခဲ့သည့်အချိန်တွင်လည်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေမပေါ်ခင်က
ဆောင်ရွက်ခဲ့ခြင်းကြောင့် အစိုးရဘက်က တောင်သူလယ်သမားများသို့ နစ်နာကြေး ဆုံးရှုံးခြင်းများအတွက် တစ်စုံတစ်ရာဆောင်ရွက်ပေးခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့်အဆိုပါ ရေလှောင်တာတမံကြီးများကို မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်သည် ဧရိယာအားဖြင့် ၆၇၅ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေနှစ်သိန်းကျော်နေထိုင်လျက်ရှိကာ ဒေသနေပြည်သူအများစုအနေဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာနှင့်ဆက်စပ်လုပ်ငန်းများကို လုပ်ကိုင်ကြပါကြောင်း၊ ဒေသ ၏ သဘာဝရေမြေရာသီဥတုအခြေအနေအရ မိုးရာသီတွင် မိုးရေချိန်များစွာ ရွာသွန်းသော်လည်း နွေရာသီတွင် ရေရှားပါးသည့်အတွက် နွေစပါးသီးထပ် မစိုက်ပျိုးနိုင်ခြင်း၊ ဒေသတွင်း သောက်သုံးရေရှားပါးမှုအခက်အခဲများကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေဖူလုံစွာရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်းချောင်း၊ ဇီးချောင်းနှင့် မင်းသားချောင်းရေလှောင်တမံများကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ကို စိစစ်သိရှိရပါကြောင်း၊
ပြိုင်းချောင်းရေလှောင်တမံသည် ကျောက်တော်မြို့နယ်၊ မင်းဒန်းကျေးရွာအနီး၊ ပြိုင်းချောင်းတွင် တည်ရှိပြီး ဆည်ရေသောက်စိစစ် ဧရိယာဧက ၄၆၅၉ ဧကရှိပါကြောင်းနှင့် စိုက်ပျိုးရေပေးဝေဖို့နှင့် ဒေသတွင်းသောက်သုံးရေရရှိစေရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အထူး စီမံကိန်း များ အကောင်အထည်ဖော်ရေးအဖွဲ့၏ ၁၉၉၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးအမှတ်စဉ်(၁/၉၉)၏ ခွင့်ပြုချက်အရ ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊
ပြိုင်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်ရေလှောင်ပမာဏသည် ၂၅၀၀၀ ကျော်ဧကပေ ရှိပြီး နွေစပါးစိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲနိုင်နိုင်ရန်အတွက်လည်း နှစ်စဉ်ခွဲဝေရရှိသော ရန်ပုံငွေပေါ် မူတည်ပြီး ပုံမှန်ပြုပြင် ထိန်းသိမ်းပေးလျက်ရှိပါကြောင်း၊ သို့သော် ဆည်ရေသောက်ဧရိယာတွင် နွေစပါးသီး ထပ်ရေပေးဝေစိုက်ပျိုးနိုင်မှု စီမံခဲ့သော်လည်း လယ်ယာလုပ်သားရှားပါးလာမှုနှင့်အတူ လုပ်အားခ များ ကြီးမြင့်လာမှု၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ်များမြင့်မားလာပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သည့်အတွက် ကုန်စည်စီးဆင်းရန် အခက်အခဲများကြုံတွေ့လာမှု၊ စိုက်ပျိုးသီးနှံများ အကျိုးအမြတ်ရရှိမှုနည်းပါးခြင်းကြောင့် ဒေသခံတောင်သူများအနေုဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးကို စိတ်ဝင်စားမှုနည်းပါးလျက်ရှိပါကြောင်း၊ ထို့ကြောင့် စီမံကိန်းပြီးစီးသည့် ၂၀၁၂-၂၀၁၃ ခုနှစ်မှစပြီး ၂၀၁၅-၂၀၁၆ ခုနှစ် နွေစပါးရာသီအထိ နှစ်စဉ်နွေစပါးလျာထားဧကများအပေါ် အမှန်တကယ် စိုက်ပျိုးနိုင်သည်မှာ ဧက ၁၀၀ ဝန်းကျင်သာရှိသည်ကို သိရှိပါကြောင်း၊
၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးအဖွဲ့များသည် ဒေသခံတောင်သူများနှင့် ကွင်းဆင်း ဆွေးနွေးပြီး နွေစပါး ဧက ၅၀၀ ကျော်စိုက်ပျိုးရန် စီမံခဲ့သော်လည်း ၂၀၀ ဧကခန့်သာ စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ လယ်သမားများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် လယ်ကြားမြောင်း များ တူးဖော်ရန်ဆောင်ရွက်ခြင်းမရှိဘဲ ကွက်ဆင့်သောက်စနစ်ဖြင့်သာ ရေရယူ စိုက်ပျိုး ကြသည့်အတွက် ရေပေးရေယူ အခက်အခဲများဖြစ်ပေါ်လာကာ သက်ဆိုင်ရာတာဝန်ရှိသူက အချိန်နှင့်တစ်ပြေးညီ ကူညီကွင်းဆင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ထို့ကြောင့် ပြိုင်းချောင်း ရေလှောင်တမံသည် တည်ဆောက်ပြီးစီးသည့် ၂၀၁၂ ခုနှစ်ကစတင်ပြီး နွေစပါး စိုက်ပျိုးရေကို ပြည့်စုံလုံလောက်စွာပေးဝေနိုင်ပြီး ဒေသတွင်းသောက်သုံးရေအတွက် အကျိုးပြုနိုင်သည့် ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ အခြေခံအဆောက်အအုံ တစ်ခုဖြစ်ပါကြောင်း၊ သုံးစွဲနိုင်သည့် ရေလှောင်ပမာဏအရ ဆည်ရေသောက် ဧရိယာ ၄၆၀၀ ကျော်တွင် သီးထပ်နွေစပါး စိုက် ပျိုးနိုင်ရေးအတွက်ကိုလည်း လိုအပ်သလို စီမံ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေရှိပါကြောင်း၊
ဇီးချောင်း ရေလှောင်တမသည် ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားမှ နှစ်မိုင်ခန့်အကွာတွင် တည်ရှိပါပြီး ဆည်ရေသောက်ဧရိယာဧက ၉၀၀ ကျော်ရှိကာ နွေစပါးနှင့် အခြား သီးနှံ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီး အထူး စီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ်(၁/၂၀၀၆)၏ သဘောတူခွင့်ပြုချက်ဖြင့် ၂၀၀၆ ခုနှစ်တွင် စတင် တည်ဆောက်ကာ ၂၀၁၂ ခုနှစ်တွင်ပြီးစီးခဲ့ပါကြောင်း၊
နွေစပါးစိုက်ပျိုးရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေရှည်တည်တံ့စေရေး အတွက် လည်း နှစ်စဉ်ခွဲဝေရရှိသော ဘဏ္ဍာရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက် ပေးလျက် ရှိပါ ကြောင်း၊
ရေလှောင်တမံ၏ ကန်ရေပြည့်ရေလှောင်ပမာဏသည် ၇၅၀၀ ကျော်ဧကပေရှိသည့်အလျောက် စိစစ်ပြီး ရေသောက်ဧရိယာ ဧက ၉၀၀ ကျော်ကို နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုး ရေလုံ လောက် စွာပေးဝေနိုင်သည့် ရေထုထည်ပမာဏရှိနေပါကြောင်း၊ ဤကဲ့သို့ စိစစ်ပြီး ဆည်ရေ သောက်ဧရိယာ ၉၀၀ ကျော်တွင် နွေစပါးသီးထပ်စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ခဲ့သော်လည်း ပြိုင်းချောင်းရေလှောင်တမံကဲ့သို့ပင် ဒေသခံတောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရန် စိတ်ဝင်စား မှုနည်းပါးပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် လုံးဝစိုက်ပျိုးခြင်း မရှိနိုင်သည့်အခြေအနေဖြစ်ခဲ့ပါကြောင်း၊
ဇီးချောင်းရေလှောင်တမံက ရေအားလျှပ်စစ်ထုတ်ယူပြီး တမံနှင့် ပတ်ဝန်းကျင်တွင်ရှိသော ကျေးရွာဘုန်းကြီးကျောင်းများနှင့် မဟာမုနိဘုရားတို့ကို လျှပ်စစ်ဓာတ်အားပေးဝေခဲ့ပါကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားပေးဝေလျက်ရှိပါကြောင်း၊ ဇီးချောင်း ရေလှောင်တမံမှ စိုက်ပျိုးရေရယူခြင်းမရှိခြင်းကြောင့် ပိုလျှံသိုလှောင်ရေများကို မဟာမုနိကျေးရွာ၊ သရက်တစ်ပင် ကျေးရွာ၊ သိန်းတန်ကျေးရွာနှင့် ပြင်လှကျေးရွာများသို့ သောက်သုံးရေ ပေးဝေနိုင်ရန်အတွက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် ပြည်နယ်အစိုးရ အဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်ပြီးဖြစ်သောကြောင့် ကျောက်တော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေုဖြင့် စီမံ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
မင်းသားချောင်းရေလှောင်တမံသည် ကျောက်တော်မြို့နယ်၊ မင်းသာတောင်ရွာအနီး၊ မင်းသားချောင်းပေါ်တည်ရှိကာ ဆည်ရေသောက်ဧရိယာ ၅၀နှင့် နွေစပါးစိုက်ပျိုးရန် ရည်ရွယ်ပြီး ၂၀၀၂ ခုနှစ်က စတင်တည်ဆောက်ကာ ၂၀၀၇ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ကန်ရေပြည့် သိုလှောင်မှုပမာဏသည် ဧကပေ ၁၆၅၀ ပေရှိပါကြောင်းနှင့် နွေစပါးဧက ၅၀ အတွက် စိုက်ပျိုးရေအလုံအလောက်ရှိသော်လည်း ဒေသတွင်းလယ်သမားများအနေဖြင့် နွေစပါးစိုက်ပျိုးရန် စိတ်ဝင်စားမှုမရှိခြင်းကြောင့် ဆည်ရေသောက်ဧရိယာအတွင်း လုံးဝ စိုက်ပျိုးခြင်းမရှိခဲ့သည့် အခြေအနေဖြစ်ပါကြောင်း၊
ဒေသတွင်းရှိ လယ်သမားတွေအနေဖြင့် အဆိုပါရေလှောင်တမံ၏ ဆည်ရေသောက် ဧရိယာ များတွင် နွေစပါးအပါအဝင် သီးထပ်နှင့် အခြားတွက်ခြေကိုက်သီးနှံများ ရေသွင်းစိုက်ပျိုးမည် ဆိုပါက လိုအပ်သည့်စိုက်ပျိုးရေကို ပေးဝေနိုင်မည့် အခြေအနေဖြစ်စေရန် စီမံဆောင်ရွက်ထားပါ ကြောင်းနှင့် ဒေသတွင်း သောက်သုံးရေ လိုအပ်ချက်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
