မေးခွန်း အကြောင်းအရာ
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လက်ဝါးကြီးအုပ်ရယူထားခြင်းမရှိဘဲ မှန်မှန်ကန်ကန် ဖော်ထုတ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ အထောက်အပံ့ဖြစ်စေရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပြီးသည့် ပုဒ်မ ၂၂ တွင် ပုဒ်မခွဲလေးခုရှိပြီး ပုဒ်မခွဲလေးခု၏ အဓိကအချက်မှာ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အထောက် အထားအပြည့်အစုံနှင့် အခုလက်ရှိဗဟိုကော်မတီကို တင်ပြပြီး ဆောင်ရွက်ခြင်း၊ တည်ဆဲ ဥပဒေဖြင့်လုပ်ခြင်း အကယ်၍ မလုပ်ခဲ့ပါက အာမခံကြေးများကို သိမ်းယူပြီး၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုလည်း သိမ်းပါဟု ဆိုလိုထားပါကြောင်း၊
၂၂-၁၀-၂၀၁၆ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတော် အတိုင်ပင်ခံ များနှင့် တွေ့ဆုံသည့်ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့်ပတ်သက်၍ ခွင့်ပြုထားသည်မှာ ၂၀၁၂ ခုနှစ် မတိုင်မီ မြေဧကပေါင်း ၄.၈ သန်း၊ လူဦးရေ ၆၀၀၀ ခန့်ကို ခွင့်ပြုထားပါကြောင်း၊ မြေခွန်ကြေးများနှင့် ပတ်သက်၍လည်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေပြဋ္ဌာန်းပြီးသည့်ခါတွင် ပုဒ်မ ၄၁ ပုဒ်မခွဲ (ဃ) မပြဋ္ဌာန်းမီက မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည့်ကိစ္စရပ်များ အတိအကျဖော်ထုတ်ထားခြင်းကို ပုဒ်မများ အရ ကြည့်မည်ဆိုပါက အချိန်ကာလ၊ လုပ်ငန်းစဉ်၊ တာဝန်ခံများ၊ ပြစ်ဒဏ်များကို နည်းဥပဒေ ၄၁ နည်းဥပဒေခွဲ (ခ)၊ နောက် နည်းဥပဒေခွဲ (င)၊ ပုဒ်မ ၄၂၊ ပုဒ်မ ၄၃၊ ပုဒ်မ ၄၄ များတွင် အတိအကျ ပြဋ္ဌာန်းထားခြင်းရှိပါကြောင်း၊
အကယ်၍ တာဝန်ရှိသည့် အဖွဲ့အစည်းအဆင့်ဆင့်က ဥပဒေများကိုအတိုင်း ဆောင်ရွက်ကြ မည်ဆိုလျှင် တိုင်းပြည်အတွက် အင်မတန်အကျိုးရှိမည် ဖြစ်ပါကြောင်း၊ ၂၀၁၂ ၃၀-၃-၂၀၁၇ ရက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ သြဂုတ်လ ၃၁ ရက် နည်းဥပဒေ မပြဋ္ဌာန်းမီနှင့် ပြဋ္ဌာန်းပြီးနောက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုအဖွဲ့နှင့် ယခုဗဟိုကော်မတီတို့မှ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို နိုင်ငံတော်တစ်ဝန်း ဧကပေါင်းမည်မျှ ပေးထားသည်ကို သိရှိလိုခြင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ အာမခံကြေးများ အပြည့်အဝရရှိခြင်းရှိ/မရှိနှင့် သီးနှံအမျိုးအစား၊ လုပ်ငန်းအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေ့မှစ၍ မြေခွန်များနှစ်စဉ် ကောက်ခံရရှိခြင်းရှိ/မရှိကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီကာလ အတွင်း ကုမ္ပဏီ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်းဦးရေ ၄၉၂၂ ဦးအတွက် ဧရိယာဧက ၂.၂၃ သန်းကျော် အဓိကအားဖြင့် ၂၂၃၅၅၇၈.၀၁၆ ဧက လုပ်ပိုင်ခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးသည့်နောက်တွင် ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်းဦးရေ ၄၅၉ ဦး၊ ဧရိယာအားဖြင့် ၉၆၀၀၀ ကျော် လုပ်ကိုင်ခွင့် ပြုခဲ့ပါကြောင်း၊ ယနေ့အထိ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်းဦးရေ ၃၅၈၁ ဦးအတွက် ဧရိယာဧက ၂.၃၃ သန်းကျော် အတိအကျအားဖြင့် ၂၃၃၂၂၇၅.၁၀၅ ဧက လုပ်ကိုင်ခွင့် ပြုထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၉ တွင် ဗဟိုကော်မတီအနေဖြင့် ပုဒ်မ ၈ အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးခြင်းပြုသည့်အခါ အာမခံကြေးကို ပေးသွင်းစေပြီး ခွင့်ပြုမိန့်ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ အာမခံကြေး အပြည့်အဝရရှိပြီးမှသာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု ၇၅ ရာခိုင်နှုန်းပြီးပါက ယင်းပြီးစီးသည့် လုပ်ငန်းအပေါ်တွင် အာမခံကြေးကို သက်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂလိကသို့ ပြန်လည် ပေးအပ်ပါကြောင်း၊
၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေ ၄၀ တွင် ဗဟို ကော်မတီ အနေဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခြင်းမှ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ထိထိရောက်ရောက် ကောက်ခံနိုင်စေရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက ယင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိထားသည့်မြေများအတွက် မြေခွန်ကို သီးနှံအမျိုးအစား၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေ့မှ စပြီး တစ်နှစ်တစ်ကြိမ် ဥပဒေပါနှုန်းထားအတိုင်း ပေးသွင်းစေရန်အတွက် ဦးစီးဌာနများက စည်းကြပ် ကောက်ခံရန်အတွက် ညွှန်ကြားပြဋ္ဌာန်းထားပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက်ဆိုလျှင် နှစ်ရှည် ပင်စိုက်လျှင် တစ်ဧကအတွက် ကျပ် ၃၀၀၀ ကျပ် နှုန်း၊ ဥယာဉ်ခြံသီးနှံစိုက်ပျိုးမြေဖြစ်လျှင် တစ်ဧက အတွက် ကျပ် ၂၀၀၀ နှုန်း၊ ရာသီစက်မှု ကုန်ကြမ်းသီးနှံစိုက်ပျိုးမြေဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၁၀၀၀ နှုန်း ဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူရေး လုပ်ငန်း အသုံးပြုမြေဖြစ်လျှင် တစ်ဧက အတွက် ကျပ် ၃၀၀၀ နှုန်း၊ တိရစ္ဆာန်မွေးမြူရေးမြေဖြစ်လျှင် တစ်ဧက အတွက် ကျပ် ၁၀၀၀ နှုန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း အသုံးပြုမြေဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၅၀၀၀ နှုန်းနှင့် အစိုးရကခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို အသုံးပြုမည် ဆိုလျှင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းသတ်မှတ်သည့် အခွန်နှုန်းကို ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတစ်ဝန်းလုပ်ကိုင်ခွင့်ပြုခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား မြေခွန်တော်စည်းကြပ်ကောက်ခံနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနက ၅-၁-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ လိုအပ်သည့်ညွှန်ကြားမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ၁၉-၁-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေး ညှိနှိုင်းခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေကြောင်းအရ စိစစ် နိုင်ရန်အတွက် သဘောထားမှတ်ချက် တောင်းခံခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် ပြည် ထောင်စုအစိုးရအဖွဲ့ စီးပွားရေးကော်မတီကို ဆက်လက်တင်ပြ အတည်ပြုချက်ရရှိထားပြီး ဖြစ်ပါ ကြောင်း၊ ၎င်းနှင့် စပ်လျဉ်းပြီး မြေခွန်သတ်မှတ်ကင်းလွတ်ခွင့် ကုန်ဆုံးပြီးသည့်နောက် ကောက်ခံ ရရှိမည့် မြေခွန်များကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ထည့်သွင်းဆောင်ရွက်သွားနိုင်ရန် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၇-၁၈ ယခု ဘဏ္ဍာနှစ်မှ စတင်ပြီး ကောက်ခံပေးသွင်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးသိန်းထွန်း (သာပေါင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အာမခံကြေးပေးသွင်းပြီး ခွင့်ပြုကာလဖြစ်သည့် မြေခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားလျှင် နှစ်စဉ်ကြေးပေးရမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျှဉ်း၍ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို မြေခွန်ကြေးများ ပေးဆောင်ခြင်း ရှိ/မရှိ မေးမြန်းရာတွင် မြေခွန်ကြေးများပေးဆောင်ခြင်း မရှိကြောင်း၊ နှစ်စဉ်ကြေးများ ပေးဆောင်ခြင်းလည်း မရှိကြောင်း၊ အာမခံကြေးနှင့် ပတ်သက်၍လည်း ပေးသည့်သူရှိသကဲ့သို့ မပေးသည့်သူများလည်း ရှိသည်ကို သိရှိရပါကြောင်း၊ ယင်းကဲ့သို့ ကိစ္စရပ်များကြောင့် နည်း ဥပဒေပုဒ်မ ၄၄ အရ ဆောင်ရွက်ရန် လိုအပ်နေပါကြောင်းနှင့် ယခုနှစ်က စတင် ဆောင်ရွက်မည်ဆိုလျှင် ပုဒ်မ ၄၄ ကိုလည်း သတိထား ဆောင်ရွက်ပေးခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
၁၉၉၁ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ လုပ်ထုံး လုပ်နည်းနှင့် ဆောင်ရွက်သည့်ကာလက အခွန်ကောက်ခံသည့် ကိစ္စရပ်မပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ယခု ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပြဋ္ဌာန်းပြီးမှ ဥပဒေနှင့်အညီ အခွန်ကောက်ခံခြင်းနှင့် ကင်းလွတ်ခွင့်ဆိုင်ရာကိစ္စများကို ပြဋ္ဌာန်းခဲ့မှုရှိပါကြောင်း၊ ဒီလို ဆောင်ရွက် သည့် နေရာတွင်လည်း လုပ်ပိုင်ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ သတ်မှတ်ချက်နှင့် အညီ အကောင်အထည်ဖော်မှု အခြေအနေကို သတ်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီးအလိုက် လုပ်ငန်းအဖွဲ့များမှ မြေပြင်အခြေအနေကို အချိန်ယူကွင်းဆင်း စိစစ်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်းခွင့်ပြုထားသည့် ဧရိယာများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် မြေဧရိယာ ဧကစာရင်း စုစုပေါင်း သုံးသန်းခန့် အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်း မရှိပါကြောင်း၊ ခွင့်ပြုထားသည့် ဧရိယာ တစ်သန်းသုံးသိန်းကျော်သည် အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိ ကြောင်း၊ မိမိတို့လုပ်ထုံး လုပ်နည်းနှင့်အညီ ဧရိယာဧကများကို မိမိတို့ပြန်လည် သိမ်းဆည်း ထား နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ညွှန်ကြားထား ရှိပြီးဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
