(ဃ)-ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံအား(၂၅) ခုတင်ဆံ့ဆေးရုံမှ (၅၀) ခုတင်ဆံ့ဆေးရုံ အဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၃၀.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u oo tun mgပုဏ္ဏားကျွန်းမြို့နယ်သည် အရှေ့မှအနောက်သို့ (၂၁) မိုင်၊ တောင်နှင့်မြောက် (၂၅) မိုင် ရှည်လျားပြီး အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်နှင့် ပေါက်တောမြို့နယ်၊ တောင်ဘက်တွင် စစ်တွေမြို့နယ်၊ အနောက်ဘက်တွင် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်တွင် ကျောက်တော်မြို့နယ်တို့ ထိစပ်လျက်ရှိပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်သည် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၉၂ အုပ်စု၊ ကျေးရွာပေါင်း ၁၉၃ ရွာ၊ မြို့နယ်၏ လူဦးရေ ၁၃၇၀၀၀ ကျော်ရှိပြီး ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ရှိပါကြောင်း၊ စစ်တွေမြို့မှ ၂၃ မိုင်ကွာဝေးပြီး ရေလမ်း ၃ နာရီခန့်၊ ကားလမ်း ၁ နာရီ ၁၅ မိနစ်ခန့် သွားလာရပါကြောင်း၊ မြို့နယ်ဆေးရုံ မြေနေရာအကျယ်အဝန်းမှာ ၁၀.၇၄ ဧကရှိပါကြောင်း၊ ၁၀-၈-၂၀၀၇ ရက်နေ့တွင် ၁၆ ခုတင်ဆံ့မှ ၂၅ ခုတင်ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးခဲ့သော်လည်း ယခင် ၁၆ ခုတင်ဆံံ့ ဆေးရုံအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခဲ့ရပါကြောင်း၊ ၂၅ ခုတင်ဆံံ့ဆေးရုံအဆောက်အဦ တိုးချဲ့ဆောက်လုပ်ခွင့် မရရှိခြင်းကြောင့် မြို့နယ်ဆေးရုံတွင် မြို့နယ်အတွင်းရှိ လူနာများသာမက ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကုလားတန်မြစ်တစ်ဖက် ကမ်းတွင်ရှိ မြောက်ဦးမြို့နယ်၏ အနောက်ပိုင်းကျေးရွာများ၊ ပေါက်တောမြို့နယ်၏ အနောက်ပိုင်းကျေးရွာများမှ လူနာများကို လက်ခံကုသမှု ပေးနေရပါကြောင်း၊ လက်ရှိဆေးရုံတွင် လူနာများလာလျှင် အဆောက်အဦ မလုံလောက်သည့်အတွက် ဆေးရုံအဆောက်အဦ အသစ်များ တိုးချဲ့ဆောက်လုပ်ပေးရန် လိုအပ်နေပါကြောင်း၊ ယခုအခါ ပုဏ္ဏားကျွန်းစက်မှုဇုန် တည်ဆောက်ရန် မြေနေရာ၊ ကျင်ချောင်းရေလှောင် တာတမံလမ်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဏ္ဏားကျွန်း မြို့နယ် ပြည်သူ့ဆေးရုံအား (၂၅) ခုတင်ဆံ့ဆေးရုံမှ (၅၀) ခုတင်ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၅) ခုတင်ဆံ့ဆေးရုံတစ်ရုံ၊ ရိုးတရုတ်တိုက်နယ်ဆေးရုံ၊ အလယ်ကျောင်းတိုက်နယ်ဆေးရုံနှင့် အိုးရွှေပြင်တိုက်နယ်ဆေးရုံ စုစုပေါင်းလေးရုံ ဖွင့်လှစ်ထားရှိပြီး လူဦးရေ ၁၂၀၀၀၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊  ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသည် အထွေထွေရောဂါကုပါရဂူများ များစွာရှိသည့် စစ်တွေမြို့နယ် ဆေးရုံကြီးနှင့် (၂၃) မိုင်ကွာဝေးပြီး ကားလမ်းဖြင့်သွားမည်ဆိုပါက တစ်နာရီခန့်ကြာမြင့်ပါကြောင်း၊ ရိုးတရုတ်တိုက်နယ် ဆေးရုံနှင့်လည်း (၂၁) မိုင်၊ အလယ်ကျောင်းတိုက်နယ်ဆေးရုံနှင့် (၂၅) မိုင်၊ အိုးရွှေပြင်တိုက်နယ် ဆေးရုံသည်  (၃၅) မိုင်ရှိပါကြောင်း၊ ၎င်းဆေးရုံများ၏ တစ်နှစ်ပျမ်းမျှအတွင်း လူနာကို လေ့လာကြည့်သည့်အခါ ၂၀၁၂ ခုနှစ်တွင် ၁၁ ယောက်၊ ၂၀၁၃ ခုနှစ်တွင် ၁၁ ယောက်၊ ၂၀၁၄ ခုနှစ်တွင် ၉ ယောက်၊ ၂၀၁၅ ခုနှစ်တွင် ၂၇ ယောက်၊ ၂၀၁၆ ခုနှစ်တွင် ၂၇ ယောက်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီကမှ မေလထိ ၂၄ ယောက်သာရှိပါကြောင်း၊ ဆေးရုံခုတင်အသုံးပြုမှုရာခိုင်နှုန်းသည် ၂၀၁၂ ခုနှစ်မှ စပြီး ၄၃၊ ၄၃၊ ၃၄၊ ၁၀၈၊ ၁၀၇၊ ၉၅၊ ၇၂ သာရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အား ယခုလိုရာခိုင်နှုန်းနည်းခြင်းကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၆) ဆုံးဖြတ်ချက်အရ (၂၅) ခုတင်မှ ခုတင် (၅၀)တိုး မည်ဆိုလျှင် ဆေးရုံခုတင်အသုံးပြုနှုန်းက အနည်းဆုံး ၁၅၀ ရာခိုင်နှုန်း ရှိရမည်ဖြစ်သောကြောင့် သတ်မှတ် ချက်များနှင့် ကိုက်ညီရန်လိုအပ်သည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ်ကို (၂၅) ခုတင်ဆံ့မှ (၅၀) ခုတင်ဆံ့ ဆေးရုံအဆင့်တိုးရန် အစီအစဉ်မရှိသော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နှစ်ထပ်လူနာဆောင်ဆောက်လုပ်ရန် ကျပ်သန်း ၂၀၀၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ၁၄၅ သန်းခွင့်ပြုထားပြီးဖြစ်ပါကြောင်းနှင့် လိုအပ်သော ဝန်ထမ်း အင်အားနှင့်ဆေးပစ္စည်းများအား ဦးစားပေး ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။