(ဂ)-အင်းတော်မြို့နယ်တွင် အားကစားခန်းမ၊ မြို့ နယ်အားကစားနှင့် ကာယပညာရုံး ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၃၀.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr pyoneအားကစားခန်းမနှင့် အားကစားရုံးအဖြစ် အသုံးပြုနေသည့် အဆောက်အဦ အလျား ၁၅၅ ပေ၊ အကျယ် ပေ ၇၀ နှင့် အမြင့် ၂၉ ပေ၊ အကျယ်အဝန်း ၁.၀၆၆ ဧကဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ၁၉၈၀ ခုနှစ်တွင် မြို့လူထု၏ ငွေအင်အား၊ လူအင်အားဖြင့် မြို့တော်ခန်းမအဖြစ် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ပံ့ပိုးငွေ လုံးဝမပါရှိခဲ့ပါကြောင်း၊ မြအင်းသာခန်းမဟု အမည်ပေးထားပြီး လူထုတွေ့ဆုံပွဲများ၊ စာပေဟောပြောပွဲများနှင့် ဇာတ်ပွဲများ၊ အငြိမ့်၊ စတိတ်ရှိုးစသည့် ဖျော်ဖြေပွဲများကို ၎င်းခန်းမထဲတွင် လုပ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အားကစားဦးစီးဌာနနှင့် မြို့နယ်အာဏာပိုင်များ၊ မြို့မှလောင်းကစားဒိုင်ကြီးများက အဓိကပံ့ပိုးပြီး နောက်ကွယ် တွင် လောင်းကစားဖြင့် ငွေရှာရန်အဓိက လုပ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းခန်းမသည် အားကစား ဦးစီးဌာန၏ တရားဝင်ပိုင်ဆိုင်မှု ပြနိုင်သည့်ခန်းမမဟုတ်ပါကြောင်း၊ ခေတ်စနစ်များ ပြောင်းလာသည့် အချိန်တွင် လူထုက မြို့နယ်ခန်းမ လိုအပ်နေပြီး အားကစားခန်းမနှင်‌့ရုံးကို သင့်တော်ရာနေရာသို့ ပြောင်းရွှေ့ဆောက်လုပ်ပေးရန် တိုင်းဒေသကြီးအစိုးရထံကို အဆင်‌့ဆင်‌့တောင်းခံ ခဲ့ကြပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းစည်ပင်သာယာက ဖျက်သိမ်းခွင့်ပေးရန် ကြန့်ကြာနေပါကြောင်း၊ အင်းတော်မြို့နယ်တွင် လောင်းကစားများ၊ မူးယစ်ဆေးဝါးများ များပြားနေသော်လည်း အင်းတော်၏ အားကစားအဆင်‌့အတန်း မနိမ့်ကျသည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၇၀ မှ ၂၀၁၆ ခန့်အထိ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘောလီဘော၊ ကြက်တောင်၊ တင်းနစ်တို့တွင် တိုင်းလက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်ပါ ၅၀ ဦးခန့် ထွက်ပေါ်နေပါကြောင်း၊ ယခုလက်ရှိ U 23 မြန်မာ့လက်ရွေးစင်အသင်းတွင် အင်းတော်မြို့နယ်မှ နှစ်ဦးပါဝင်ကစားနေပါကြောင်း၊ ထို့အပြင် ရန်ကုန်အားကစားသိပ္ပံတွင် တက်ရောက်နေသည့် ကျောင်းသူများ အာဆီယံဒေသတွင်း ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားတံဆိပ်များ ယူပေးလျက်ရှိပါကြောင်း၊

ထိုခန်းမကြီးကို မြို့နယ်ခန်းမအဖြစ် ပြုပြင်အသုံးပြုရန် သိန်း ၅၀၀ နှင့် ပစ္စည်းများစုဆောင်း နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်အားကစားမှူးကိုယ်တိုင် လာရောက်ကွင်းဆင်းပြီး ဘတ်စကတ်ဘော မိုးလုံလေလုံကွင်းတစ်ခု တည်ဆောက်ရန် မြေပြင်ကွင်းဆင်းတိုင်းတာသွားပါကြောင်း၊ သို့ပါ၍ လိုအပ်လျက်ရှိသည့် အားကစားခန်းမ၊ မြို့နယ်အားကစားနှင့် ကာယပညာရုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweစစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်၊ အကွက်အမှတ် (၆)၊ ဦးပိုင်အမှတ် N1-197 ဧရိယာ ဝ.၆၆၁ ဧကရှိ မြအင်းသာအားကစားခန်းမသည် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် ခန်းမဖြစ်ပြီး ၎င်းခန်းမအားဖျက်သိမ်း၍ စစ်ကိုင်းတိုင်းအစိုးရကြီးအဖွဲ့မှ အထွေထွေပိုလျှံရန်ပုံငွေမှ ခွင့်ပြုမတည်ငွေကျပ်သိန်း ၅၀၀ ဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့တော်ခန်းမအသစ် ပြန်လည်တည်ဆောက်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖများ၊ မြို့နယ်စည်ပင် ခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ စုပေါင်းညှိနှိုင်း၍ ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ တိုင်းဒေသကြီးအစိုးရသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ အင်းတော်မြို့နယ် အားကစားနှင်‌့ ကာယပညာဦးစီးရုံးသည် ဝန်ထမ်းအင်အား ၅ဦးဖြင့် အဆိုပါအားကစားအတွင်း၌ ဖွင့်လှစ်ထားရှိပြီး မြအင်းသာအားကစား ခန်းမဟောင်းအား လေလံတင်ရောင်းချ၍ ရရှိငွေများမှ မြအင်းသာအားကစားခန်းမနှင့် တစ်ဖာလုံခန့်ဝေးသော ၆.၉ ဧက အကျယ်အဝန်းရှိသော အေးမြသာယာမီတာ ၄၀၀ အားကစားကွင်း အတွင်း၌ (ပေ ၃၀ x ၂၀ ပေ)ရှိ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးခန်း အဆောက်အဦအား ပြန်လည်ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ အားကစားသမားကောင်းများ ပေါ်ထွက်လာသော အင်းတော်မြို့နယ်အတွက်  အားကစားခန်းမသည်လည်း မရှိမဖြစ်လိုအပ်သော အဆောက်အဦဖြစ်သည်နှင်‌့အညီ အေးမြချမ်းသာမီတာ ၄၀၀ အားကစားကွင်းကြီး၌ (ပေ ၁၂၀ x ၉၀ ပေ) အကျယ်ရှိ မြို့နယ်အားကစားခန်းမ တည်ဆောက်ရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ခွင်‌့ပြုရန်ပုံငွေတွင် ဦးစားပေးအဆင့်အလိုက် ထည်‌့သွင်းလျာထား၍ ခွင့်ပြုမိန့်ရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။