(က)-ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ (၁၆)ခုတင်ဆံ့ ဆင်မတောင်တိုက်နယ်ဆေးရုံအား ဖွဲ့စည်းပုံ အ ပြည့် ဝန်ထမ်းအင်အားခန့်အပ်ကာ ပြည်သူ့ကျန်း မာရေးစောင့်ရှောက် ကုသမှုများကို မည်သည့် အ ချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၃၀.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u nay htet winဆင်ပေါင်ဝဲမြို့နယ်တွင် ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံံ၊ ၁၆ ခုတင်ဆံ့ ချောင်းကောက်တိုက်နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ ဟွန်းချောင်မင်သာတိုက်နယ်ဆေးရုံနှင့် ၁၆ ခုတင်ဆံ့ ဆင်ဖြူတောင်တိုက်နယ် ဆေးရုံဟူ၍ ဆေးရုံ ၄ ရုံရှိသော်လည်း ၂၅ ခုတင်ဆံ့နှင့် ၁၆ ခုတင်ဆံံ့ ချောင်းကောက်တိုက်နယ် ဆေးရုံတို့သည်သာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊ ၁၆ ခုတင်ဆံ ဟွမ်းချောင်မင်သာတိုက်နယ်ကို ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော်လည်း အနီးဆုံးဘဏ္ဍာနှစ်တွင် အဆောက်အဦဆောက်လုပ်ရန်နှင့် ဝန်ထမ်းများအမြန်ဆုံး ခန့်အပ်သွားရန် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဝန်ကြီးဌာနမှ ဖြေကြားပေးခဲ့ပါကြောင်း၊

ဆင်မတောင်တိုက်နယ်ဆေးရုံကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် RHC အဆင့်မှ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံအဆင့်ကို တိုးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆေးရုံကို ၂၀၁၅ ခုနှစ် ၁၀ လပိုင်းတွင် သာကောင်း အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီက စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လအလယ်ခန့်တွင် ပြီးစီးခဲ့ပါကြောင်း၊ ၎င်းဆေးရုံတွင် ခန့်အပ်ပေးရမည့် ဝန်ထမ်းအင်အားစာရင်းမှာ တိုက်နယ်ဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြု၊ လုံခြုံရေးလုပ်သားအထိ ဆိုလျှင် ဝန်ထမ်းစုစုပေါင်း ၁၉ ဦးဖြစ်သော်လည်း ယခုချိန်ထိ တစ်ဦးမှ ခန့်အပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်  သာကောင်းအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၉၉.၇ သန်းနှင့် ဆေးရုံဆောက်လုပ်ခဲ့သည့် အဆောက်အဦများသည် ခြုံနွယ်များ ထူထပ်နေခြင်း ကြောင့် ဆေးရုံဝင်းနှင့် အဆောက်အဦများသည် အချိန်မတိုင်မီ ယိုယွင်းပျက်စီးသည်ကိုလည်း ကြုံလာနိုင် ပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ဆောင်ရွက်ပေးနိုင်ရေး အတွက် ဆင်ပေါင်ဝဲ မြို့နယ်ရှိ ၁၆ ခုတင်ဆံ့ ဆင်မတောင်တိုက်နယ်ဆေးရုံကို ဖွဲ့စည်းပုံပြည့်ဝန်ထမ်းအင်အား ခန့်အပ်၍ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်ကုသမှုများကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ဆင်မတောင်တိုက်နယ်ဆေးရုံ ဖွဲ့စည်းပုံခွင့်ပြုမိန့်ကို ၁၁/၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊  အဆောက်အဦဆောက်လုပ်ခြင်းအနေဖြင်‌့ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၅၉၉.၇ သန်းကိုသုံး၍ ဆေးရုံပင်မအဆောက်အဦ၊ နှစ်ခန်းတွဲဆရာဝန်နေအိမ်၊ လေးခန်းတွဲသူနာပြုအိမ်၊ လေးခန်းတွဲဝန်ထမ်းအိမ်ရာ၊ သုံးခန်းတွဲဝန်ထမ်းအိမ်ရာ၊ ရင်ခွဲရုံအဆောက်အဦတို့ကို ဆောက်လုပ်ခဲ့ရာ ၁၅-၃-၂၀၁၆ တွင် ပြီးစီးခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဆေးရုံအတွင်းလမ်းများ ပြုပြင်ခြင်းအပါအဝင် အသေးစားလိုအပ်ချက်များအား ကုမ္ပဏီတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်စွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းတွင် ဖွင့်လှစ်၍ ဆေးရုံလုပ်ငန်းများ စတင်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာဝန်ခန့်ထားရေးကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ကုသရေးဦးစီးဌာနတို့မှ အဆိုပြုထားသော မကွေးတိုင်းဒေသကြီးအစီအစဉ်ဖြင့် ခန့်အပ်မည့် လုပ်ငန်းအတွေ့အကြုံ လုပ်သက်နှစ်နှစ်အထက်ရှိသော ဆရာဝန်ခန့်ရန်လည်း Order ရှိပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီတွင် Finalize Approval ပြုလုပ်မည်ဖြစ်ပါကြောင်း၊ အထက်တန်းသူနာပြုတစ်ဦးလည်း ခန့်ထားပေးပြီး ဆင်ပေါင်ဝဲမြို့နယ်ဆေးရုံနှင့် တွဲဘက်တာဝန် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် သစ်လွင်သူနာပြုများ ခန့်ထားမည့်အချိန်တွင် ဆင်မတောင်တိုက်နယ်ဆေးရုံအတွက် ဦးစားပေးခန့်အပ်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်း လိုအပ်ချက်နှင့်အညီ အခြားဝန်ထမ်းများခန့်ထားရေးအတွက်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဆင်ပေါင်ဝဲဆေးရုံအတွက် လူနာခုတင်၊ ခွဲစိတ်ခန်းသုံးပစ္စည်းပါ ပစ္စည်း ၄၄ မျိုးအား ဗဟိုဆေးသိုလှောင်ရေးဌာနမှ ပေးပို့ခဲ့ရာ ၁၁-၆-၂၀၁၇ ရက်‌နေ့တွင် အဆိုပါ ဆေးရုံသို့ရောက်ရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၇ ခုနှစ် ဇူလိုင်လ တွင် ဆင်မတောင် တိုက်နယ် ဆေးရုံတွင် ဆေးရုံလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။