မေးခွန်း အကြောင်းအရာ
အုတ်တွင်းမြို့နယ်သည် ပဲခူးရိုးမတောင်ခြေတွင် တည်ရှိပြီး မြောက်ဘက်တွင် တောင်ငူမြို့နယ်၊ တောင် ဘက်တွင် ဖြူးမြို့နယ်၊ အရှေ့ဘက်တွင် စစ်တောင်းမြစ်စီးဆင်းပြီး အနောက်ဘက်တွင် ပဲခူးရိုးမ တောင်တန်းကြီး ရှိပါကြောင်း၊ ဒေသခံပြည်သူအချို့သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ကြပြီး မြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများ မရှိသလောက် ရှားပါးသည့်အတွက် ဒေသခံပြည်သူအများစုက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး အလုပ်အကိုင် အတည်တကျမရှိကြသော အခြေခံလူတန်းစားများ ဖြစ်ကြသောကြောင့် ကျန်းမာရေးကိုလည်း ဂရုမစိုက် နိုင်ကြဘဲ နေမကောင်းဖြစ်မှသာ ဆေးရုံ၊ ဆေးခန်းများကို တက်ရောက်ကုသကြပါကြောင်း၊
ယခုကဲ့သို့ မိုးရာသီရောက်ပြီဆိုပါက လယ်ယာလုပ်ငန်းခွင်တွင် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အအေးမိဖျားနာစသည်ဖြင့် ရောဂါပေါင်းစုံ ဖြစ်ပွားလျက် ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် မြို့ပြများတွင် သွားရောက်ဆေးကုသရန် လွယ်ကူခြင်း မရှိပါကြောင်းနှင့် အစိုးရဆေးရုံ၊ ဆေးပေးခန်းများကိုသာ အားကိုးနေကြရပါကြောင်း၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်ဆေးရုံ တစ်ခု၊ တိုက်နယ်ဆေးရုံ နှစ်ခုနှင့် ကျေးလက်ဆေးပေးခန်း ငါးခုရှိပါ ကြောင်း၊ ကျေးရွာအုပ်စုပေါင်း ၄၀ ကျော်ရှိ ကျေးရွာပေါင်း ၂၀၀ ကျော်က ပြည်သူများ အားထား နေကြသော ပြည်သူ့ဆေးရုံသည် တက်ရောက် ကုသလာကြသောလူနာများ များပြားလာသည့်အတွက် ကြပ်တည်းမှုများဖြစ်ပြီး ဆေးရုံ အဆင့်သို့ တိုးမြှင့်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိုးရာသီတွင် အုတ်တွင်းမြို့နယ် ဆေးရုံအတွင်း ရေကြီးခြင်းများဖြစ်ပေါ်သည့်အတွက် တက်ရောက်ကုသသော လူနာများ အနေဖြင့် လွန်စွာဒုက္ခရောက် နေကြပါကြောင်း၊
အုတ်တွင်းမြို့နယ်ဆေးရုံသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခုတင်အဆင့်တိုးမြှင့်ရန် လိုအပ်သော အခြေခံမူများ၊ အညွှန်းကိန်းများနှင့် နီးစပ်စွာရှိနေသည့်အပြင် ဆေးရုံအဆင့်တိုးမြှင့်ရန် အတွက် မြေနေရာလည်း အဆင်သင့်ရှိနေပြီဖြစ်သည့်အတွက် ၂၅ ခုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံအသစ်သို့ တိုးမြှင့်ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံနှစ်ရုံရှိပါကြောင်း၊ ၎င်းဆေးရုံများသည် ဖြူးမြို့နယ်ဆေးရုံနှင့် ၂၅ မိုင်၊ တောင်ငူမြို့နယ်ဆေးရုံနှင့် ကိုးမိုင်၊ ကျွဲပွဲတိုက်နယ်ဆေးရုံနှင့် ကိုးမိုင်၊ ညောင်ခြေထောက် တိုက်နယ် ဆေးရုံနှင့် ၁၄ မိုင်ကွာဝေးပါကြောင်း၊ မိမိတို့သည် ၎င်းဆေးရုံကို တိုးသင့်/မတိုးသင့် ပြန်လည် သုံးသပ် သည့်အခါ ခုတင်အသုံးချမှုနှုန်းသည် နည်းပါးနေပါကြောင်း၊ ၎င်းဆေးရုံနှင့် အနီးဆုံး ကိုးမိုင်ဝေးသည့် တောင်ငူဆေးရုံကိုကြည့်သည့်အခါ တောင်ငူဆေးရုံတွင် အထူးကုဆရာဝန်ကြီးများ၊ ဆေးပညာ၊ သားဖွား/ မီးယပ်၊ ကလေးခွဲစိတ်၊ မေ့ဆေး၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊ အကြောအဆစ်၊ ဓာတ်မှန်၊ ရောဂါ ဗေဒ၊မှုခင်း၊ အနုဇီဝဗေဒ၊ ဦးနှောက်အာရုံကြော၊ ဆေးကုများစွာရှိပြီး လက်ထောက်ဆရာဝန်ပေါင်း ၄၆ ဦးနှင့် သူနာပြု ၁၃၅ ဦးရှိပါကြောင်း၊ ဆေးရုံအား အဆောက်အအုံတိုးချဲ့ရန် ဝန်မလေးသော်လည်း ၅၀ ဆံ့ စံကိုက်ဖွဲ့စည်းပုံအသစ်သို့ တိုးပေးခဲ့ပါက ခန့်အပ်ရမည့် ဆရာဝန် အရေအတွက်၊ သူနာပြုအရေအတွက်၊ ကျွမ်းကျင်အရပ်ကူလုပ်သား စသည်ဖြင့် လိုအပ်လျက်ရှိခြင်းကြောင့် ဆောက်လုပ်ရန်အခက်ခဲရှိပါကြောင်း၊ ထို့ကြောင့် ခုတင်အသုံးချမှုနှုန်းသည် ၁၅၀ နှုန်းအထိ တက်လာခဲ့ပါက တစ်ပြိုင်တည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မြို့နယ်၊ တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အဆင့်တောင်းမည်ဆိုပါက ပြင်ဆင်စရိတ်ချပေးရန် အဆင်သင့် ရှိသည့်အတွက် ဆရာဝန်နှင့်တိုင်ပင်ပြီး ပြင်ဆင်စရိတ်တောင်းခံရန် စီစဉ်ပေးသင့်ပါကြောင်း၊ မြေဧက ခုနစ်ဧကရှိသည့်အတွက် လိုအပ်လျှင် ဆောက်လုပ်ပေးရန် ဖွဲ့စည်းပုံတင်ရန်လိုအပ်ပါကြောင်း၊ ၎င်းဆေးရုံတွင် ဖွဲ့စည်းပုံအရ ဆရာဝန် ၅ ယောက်ရှိရမည့်အစား ၂ ယောက်သာရှိပြီး၊ သူနာပြုကလည်း ၁၅ ယောက်ရှိရမည့်အစား ၈ ယောက်သာရှိသည်ကို တွေ့ရှိရသည့်အတွက် ယခုလပိုင်းအတွင်း အမြန်ဆုံး ပို့ပေးမည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်အဆင့်များတွင် ဓာတ်ခွဲကျွမ်းကျင်၊ ဓာတ်မှန်ကျွမ်းကျင်၊ ဆေး မှတ်တမ်း၊ ဆေးစပ်၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်၊ ဆေးထည့်က အစ အကုန်အပြည့်အစုံရှိပါကြောင်း၊ နေ့စား ၁၆ ယောက်တွင် ၈ ယောက်ရှိပါကြောင်း၊ ဝန်ထမ်းအားဖြင့် ၄၇ ယောက်ဖြစ်သည့်အတွက် အခြေအနေ မဆိုးရွားသည့် အတွက် ယခုအချိန်တွင် တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ခုတင်အသုံးချမှုနှုန်းသည် ၁၅၀ နှုန်း ပြည့်မီသည်နှင့် ချက်ချင်းပေးရန် စဉ်းစားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ချိုချို (အုတ်တွင်း) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အုတ်တွင်းမြို့နယ်ဆေးရုံသည် တောင်ငူဆေးရုံနှင့် နီးကပ်စွာရှိပြီး ဖြူးမြို့နယ်နှင့်လည်း နီးကပ်စွာ ရှိနေပါကြောင်း၊ အုတ်တွင်းမြို့နယ်ဆေးရုံကို အားကိုးအားထားပြုနေရသောသူများသည် ကျေးလက်နေ လူတန်းစားများ ဖြစ်ပါကြောင်း၊ ကျန်းမာရေးအတွက် ဆေးရုံလာရန်အတွက် မိုးရာသီတွင် လမ်းခရီး အင်မတန်မှခက်ခဲသည့်အတွက် တောင်ငူဆေးရုံကိုသွားရန် အခက်အခဲဖြစ်နေပါကြောင်း၊ အုတ်တွင်း မြို့နယ်ဆေးရုံသည် လွန်စွာမှ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါကြောင်း၊ အုတ်တွင်းမြို့နယ်ရှိ ကျောကွင်းနှင့် ညောင်ရွှေထောက်တွင် လိုအပ်သည်များ အတော်များများ ပြည့်စုံနေသော်လည်း အုတ်တွင်းမြို့နယ် ဆေးရုံသည် လွှတ်တော်ကိုယ်စားလှယ်နှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ တင်ပြခြင်းများ လုံးဝမရှိသည့် အတွက် ယခုလိုအခြေအနေမျိုးများ ဖြစ်နေရပါကြောင်း၊ ထို့ကြောင့် အုတ်တွင်းမြို့နယ်ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ကာလတွင်တိုးမြှင့်ပေးမည်ဆိုသည်ကို အတိအကျ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မိမိတို့နိုင်ငံသည် ချမ်းသာသောနိုင်ငံမဟုတ်သည့်အပြင် အခြားဦးစားပေးများစွာလည်း ရှိသည့်အတွက် အားလုံးကို Higher Level ခြုံကြည့်ရပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် တစ်ရက်လျှင် ဆေးရုံလာရောက်သည့် အတွင်းလူနာ ပျမ်းမျှ ၂၂ ယောက်၊ ၂၀၁၃ ခုနှစ်တွင် ၂၄ ယောက်၊ ၂၀၁၄ ခုနှစ်တွင် ၂၆ ယောက်၊ ၂၀၁၅ ခုနှစ်တွင် ၃၁ ယောက်၊ ၂၀၁၆ ခုနှစ်တွင် ၃၅ ယောက်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မေလအထိ ၃၀ ယောက်သာရှိပါကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် တိုင်းဦးစီးမှူး ကိုယ်တိုင် သွားရောက်စစ်ဆေးစေပြီး လိုအပ်သည်များကို အမြန်ဆုံးချက်ချင်း ပေးပို့သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
