(က)-ပူတာအိုမြို့နယ်ရှိခုတင်(၁၀၀)ဆံဆေး ရုံကြီးအားခုတင်(၁၀၀)ဆံ့ဆေး ရုံစံကိုက်နှင့် ညီသောဆေးရုံ တည်ဆောက်ပေးရန် အစီအ စဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၉.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u moe shweမိမိနယ်မြေရှိ ပြည်သူများသည် တောင်သူများဖြစ်ကြသောကြောင့် ဆေးကုသရာတွင် ဆေးရုံကိုသာ အဓိကအားထားလျက် ရှိကြပါကြောင်း၊  သို့သော် ဆေးရုံကြီးသည် ပြည့်စုံမှုမရှိသောကြောင့် ရပ်ဝေးရပ်နီးမှပြည်သူများ ဆေးကုသရာတွင် လူနာများနှင့်လူနာစောင့်များအတွက် အခက်အခဲများစွာ တွေ့ရခြင်း၊ ခရိုင်ဆေးရုံကြီးပတ်ပတ်လည်တွင်  ခြံခတ်ထားခြင်းလုံးဝမရှိသောကြောင့်  လူနာများ၊ လူနာစောင့်များအတွက် စိတ်ချလုံခြုံမှု မရခြင်း၊ ဆေးရုံတွင်ရှိသော ထမင်းချက်ဆောင်သည်လည်း သေးငယ်လွန်းသည့်အတွက် လူနာစောင့်များအနေဖြင့် အလှည့်ကျထမင်းချက်ရခြင်းစသည့် အခက်အခဲ များကြုံ တွေ့နေရသည့်နည်းတူ ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံဝန်ထမ်းများ၏နေအိမ်များသည်လည်း လုံလောက်မှု မရှိသဖြင့် ဒေသခံပြည်သူများ၏ အိမ်များကိုငှားရမ်းပြီးနေထိုင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊

ထို့ကြောင့် ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀) ဆံ့ဆေးရုံကြီးအား ခုတင် (၁၀၀) ဆံ့ဆေးရုံစံကိုက်နှင်‌့ညီသော ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်  မြန်မာတစ်နိုင်ငံလုံးတွင် ဆေးရုံများ အသစ် တည် ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခြင်းများအတွက် ရရှိသည့် ခွင့်ပြု ဘဏ္ဍာငွေ အပေါ် မှာမူတည်ပြီး ဦးစားပေးအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ခုတင် ၁၀၀ အထက်နှင့် ၅၀ ခုတင်ဆံ့ဆေးရုံများတွင် စံကိုက်ဟူ၍မရှိပါကြောင်း၊ ၁၆ ခုတင်ဆံ့၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင်သာ စံကိုက်ဟု ရှိပါကြောင်း၊ ထိုသို့ စံကိုက်ထားရှိမှု မရှိခြင်းသည်လည်း ဆေးရုံများအား ခုတင်များ အဆင့်ဆင့်တိုးရာတွင် ၎င်း၏ မြေနေရာပေါ်မူတည်ပြီး လိုအပ်ချက်အရ ခုတင်ဆံံ့ဆေးရုံများ အသစ်ဆောက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊  ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က ခုတင် ၅၀ ဆံ့ဆေးရုံမှ  ၁၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့် သတ်မှတ်ခဲ့သော်လည်း  ယခုအချိန်ထိ ၁၄ နှစ်တိတိ မည်သည့်ပြုပြင်မှုမှ ဆောင်ရွက်ထားသည်ကို တွေ့ရှိရခြင်း မရှိပါကြောင်း၊ ယခုလက်ရှိပူတာအိုဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအတွက် နေအိမ်လုံလောက်မှုမရှိသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၈ ခန်းတွဲလေးထပ်နှင့် ၄ ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာနှစ်လုံး ကို စတင် ဆောက်လုပ်ပေးမည်ဖြစ်ပါကြောင်း၊  ၁၉၇၂ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော လူနာဆောင် (၃) ဆောင်ကိုလည်း အမြန်ဆုံးပြန်လည်ပြုပြင်ပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ ခုတင် အသုံးချမှုသည် ၂၀၁၂ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၄.၄ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၅.၄ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၈.၅ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၃.၂၈ ရာခိုင်နှုန်း အသီးသီးဖြစ်သည့် အတွက် ခုတင်အသုံးချမှုနည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊

မိမိတို့အနေဖြင့် ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀) ဆံ့ဆေးရုံကြီးအတွက် ဝန်ထမ်းအိမ်ရာကို အမြန်ဆုံး စတင်ဆောင်ရွက်ပေးပြီးဖြစ်ပြီး ကျန်လိုအပ်ချက်များကိုလည်း  ပြန်လည်ပြင်ဆင်ပေးမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။