မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံ၏ မြို့တိုင်းလိုလိုတွင် သားသတ်ရုံကို စနစ်တကျဆောက်လုပ်ခြင်းမရှိပါကြောင်း၊ တချို့ နေရာ များတွင် လူနေအိမ်များ၌ ခိုးဝှက်ကာ အသားဖော်ကြသည် မြို့နယ်များလည်းရှိပါကြောင်း၊ Safety Food ရရှိရန်သည် Safety Meat သန့်ရှင်းသည့် အသားရမှ ဖြစ်မည်ဖြစ်ပါကြောင်း၊ အသားဖော်မည့် တိရစ္ဆာန်ကို မသတ်မီစစ်ဆေခြင်း၊ စစ်ဆေးပြီးပါက အသားဖော်ပြီး အစိတ်အပိုင်းများကို ထပ်မံစစ်ဆေးခြင်း၊ ရောဂါဖြစ်နေသည့် အစိတ်အပိုင်းများကို ပယ်ခြင်းများဆောင်ရွက်ရသည့်အပြင် အသည်း၊ အဆုတ်နှင့် ကျောက်ကပ်များတွင် ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိရပါက တစ်ကောင်လုံး ပယ်ရခြင်းများရှိပါကြောင်း၊
သားသတ်ရုံများတွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံအချက်အလက်များလည်း ရှိပါကြောင်း၊ ကြမ်းခင်းနှင့် ကြွက်၊ ခြင်၊ ယင်မဝင်မည့် အဆောက်အအုံပုံစံ၊ အလင်းရောင်ရရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ ရေပိုက်သွယ်တန်းထားမှု၊ စွန့်ပစ်ရမည့်ပစ္စည်းများ၊ ရေ၊ ရေခဲဖြင့် ဆေးကြောထားသည့် ရေများကို ပြန်လည်သုံးစွဲမှု၊ အဝတ်လဲခန်းနှင့်အိမ်သာများ၊ ဓား၊ ချိတ်စသည့် အသုံးအဆောင်များ၊ သန့်ရှင်းရေးလုပ်ရန်လွယ်ကူအဆင်ပြေမှုနှင့် လုပ်ငန်းဆောင်ရွက်သူများ၏ ကျန်းမာရေးစသည့် အချက် အလက်များ ပါရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်များတွင် သားသတ်ရုံ(Slaughter House ) များကို စနစ်တကျ ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခုအခြေအနေအရ တိုင်းဒေသကြီး/ပြည်နယ်စည်ပင် သာယာရေးကွပ်ကဲမှုအောက်တွင်ရှိသော မြို့နယ် စည်ပင် သာယာရေးအဖွဲ့ဥပဒေအရ သားသတ်လိုင်စင်လုပ်ငန်းများနှင့် ပတ်သက်သည့် စည်းကမ်းချက် များ ရှိပါကြောင်း၊ သန့်ရှင်းလတ်ဆတ်ပြီး ရောဂါကင်းသည့် တိရစ္ဆာန်များအသားကို အများ ပြည်သူ များ စားသုံးရန်အတွက် ရောင်းချရန်အလို့ငှာ တိရစ္ဆာန်များသတ်ဖြတ်ရာတွင် စည်ပင်သာယာရေး အဖွဲ့ပိုင် သား သတ်ရုံများ၌ စည်းကမ်းနှင့်အညီ သတ်ဖြတ်စေခြင်း၊ သားသတ်ရုံမြေနေရာ ရရှိရေးအတွက် ဆောင်ရွက်နေ သောမြို့နယ်မြို့များတွင် လိုင်စင်ရရှိသူများအနေဖြင့် သက်ဆိုင်ရာမြို့/ရွာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် စည်ပင်သာယာရေးကော်မတီတို့က စနစ်တကျသတ်မှတ်ပေးသည့် ယာယီနေရာများတွင် သားသတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရခြင်းများ ရှိပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေ၏ မြို့နယ် တိုင်းတွင် သားသတ်ရုံများ ရှိပါကြောင်း၊ သို့သော် ဌာနပိုင်သားသတ်ရုံ မရှိသေးသည့် မြို့များ၊ ဌာနပိုင်သား သတ်ရုံရှိသော်လည်း လုံလောက်မှုမရှိသေးသည့်မြို့နယ်၊ မြို့များအတွက် သားသတ်ရုံများကို စနစ်တကျထူ ထောင်ပေးရာတွင် ဌာနပိုင်မြို့သေးများ၊ ကျေးလက်ကျေးရွာကို အခြေခံပြီး ဈေးမရှိသော်လည်း ဖွံ့ဖြိုး တိုးတက်လျက်ရှိသော ကျေးရွာကြီးများ၏ လိုအပ်ချက်များကို စိစစ် တည် ဆောက်ပေးသွားနိုင်မည် ဖြစ်ပါ ကြောင်း၊ တည်ဆောက်သည့်အခါတွင်လည်း ဌာနပိုင်မြေမရှိသေးသည့် မြို့နယ်၊ မြို့ရွာများ၊ လူနေ ရပ်ကွက်၊ သာသနိကအဆောက်အအုံ၊ ဘုရား၊ ပုထိုးများနှင့် ကွာဝေးသော နေရာများကို ရှာဖွေရခြင်း၊ သားသတ်ရုံကိုသွားသည့်လမ်းများ၊ လျှပ်စစ်မီးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရခြင်း၊ သားသတ်ရုံတွင် ကြီးကြပ်မည့်တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်နိုင်မည့်ကြီးကြပ်ရေးမှူးရုံးခန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သားသတ်ရုံမှ ထွက်ရှိလာသည့်အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ရမည့် စနစ်အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားပြီး တည်ဆောက်သွားနိုင်ရန် ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
မြို့နယ်တိုင်းတွင် သားသတ်ရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာရှာဖွေရန်နှင့် ရရှိသည့်မြေနေရာကို သားသတ်ရုံအဖြစ် အသုံးပြုခွင့်ရရှိရန် အဆင့်ဆင့် တင်ပြရပါကြောင်း၊ ရေ၊ မီးသန့်ရှင်းမှုစနစ်ပါဝင်သည့် သားသတ်ရုံအဆောက်အအုံတည်ဆောက်ရန် အခြေခံလိုအပ်ချက်များကို ဦးစွာဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်းနှင့် စည်ပင်သာယာရေးဌာနများသည် ၎င်းတို့၏ ဝင်ငွေများအပေါ်တွင် ရပ်တည်နေရသည့် ဌာနများ ဖြစ်ခြင်းကြောင့် မြို့နယ်တိုင်းတွင် သားသတ်ရုံ(Slaughter House)အရ တည်ဆောက်နိုင်ရေးကို နှစ်ရှည် အစီအမံများရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
