မေးခွန်း အကြောင်းအရာ
အစိုးရကနှစ်စဉ် လေလံပစ်ပြီး ရောင်းချနေသော လေလံများကြောင့် သားငါးဈေးနှုန်း ကြီးမြင့်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သားငါးထုတ်လုပ်သူများ၊ အသားမွေးသည့်သူများ၊ နွားမွေးသည့်သူများ၊ ဝက်မွေးသည့်သူများ၊ ကြက်မွေးသည့်သူများသည် သူတို့၏ထုတ်လုပ်ထားသည့် ပစ္စည်းများကို ဈေးကွက်ထဲကို တိုက်ရိုက်တင်ပို့ခွင့်မရှိပါကြောင်း၊ အစိုးရထံတွင် သားငါးသတ်သည့် လိုင်စင်၊ ပြန်လည်ရောင်းချရန် လိုင်စင်များကို နှစ်စဉ်ရသည့်သူများကသာ ထိုတိရစ္ဆာန်များကို သတ်ပြီး ပြန်လည်ရောင်းချခွင့်ပြုပါကြောင်း၊ ၎င်း သားငါးများက ပိုးကောင်များ၊ ကူးဆက်ရောဂါများပါမည် စိုးသဖြင့် တိရစ္ဆာန်များကို စစ်ဆေးပြီး ခွင့်ပြုချက် ရရှိသူများကသာထို သားငါးများကို ရောင်းချခွင့်ရပါကြောင်း၊ သို့သော်လည်း လက်တွေ့တွင် ဖြစ်နေသည်မှာ သားငါးရောင်းချခွင့် ရရှိထားသည့် ပုဂ္ဂိုလ်များက အသားငါးဈေးနှုန်းများကို ဈေးမြှင့်ပြီး ပြည်သူများကို ရောင်းချသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကိုအတော်သင့် ခံစားနေရပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည့် မေးခွန်းသည် နှစ်စဉ်လေလံတင်ရောင်းချနေသည့် လိုင်စင်များသည် ဒေသတစ်ခုတွင် တစ်ခုစီချပေးပြီး ပြိုင်ဆိုင်မှုလည်းလုံးဝမရှိပါကြောင်း၊ လက်ဝါးကြီးအုပ်စနစ်ကို အစိုးရကိုယ်တိုင်က လေလံပစ်၍ အကောင်အထည်ဖော်ပြီး တရားဝင် လုပ်ပေးနေသည့် အခြေအနေမျိုး ဖြစ်နေပါကြောင်း၊ ရောဂါကင်းရှင်းရေးကို လုပ်သည့်အဆင့်မဟုတ်ဘဲ သားငါးများကို သည်းကြီးမည်းကြီးလိုက်ဖမ်းနေသည့် အဆင့်ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်သည့်အသားကို မိမိတို့ကိုယ်တိုင် မှောင်ခိုဖြစ်ပြီး ဝယ်စားနေရသည့် အခြေအနေလည်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် သားငါးလိုင်စင်များကို ချပေးမည်ဆိုပါက အသားငါးဈေးမှာ မည်ကဲ့သို့မှ ပိုလာနိုင်စရာမရှိပါကြောင်း၊ ထို့ကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လေလံကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများအား သိရှိလိုပါကြောင်းမေးမြန်းပါသည်။
၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ်သားသတ်လုပ်ငန်း လိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခဲ့ကြပါကြောင်း၊ ဝင်ငွေပိုမိုရရှိခဲ့သော်လည်း ဈေးအများဆုံးပေးနိုင်သည့် လူကို လေလံချထားပေးခြင်းကြောင့် အသားဈေးကွက်ကို တစ်ဦးတစ်ယောက်က ချုပ်ကိုင်လုပ်ကိုင်ခွင့် ခွင့်ပြု သည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုသားသတ်လုပ်ငန်းကြီးကြပ် စီမံခန့်ခွဲရာတွင် ဈေးပြိုင် ရောင်းချသည့်အတွက် သတ်မှတ်ထိန်းချုပ်မှုမရှိဘဲ အဆမတန်လေလံဈေးနှုန်းကြီးမြင့်လာပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် လေလံကြေး၊ ပန်းကြေးယူသွားသည့်အတွက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့များတွင် လေလံဈေးရသင့်သလောက် မရရှိနိုင်သည့် အခြေအနေများ ပေါ်ပေါက်လျှက်ရှိပါကြောင်း၊ ထို့နောက် ပန်းကြေးမရရှိဘဲ အမှန်တကယ် ဆွဲဝယ်လုပ်ကိုင်မည့် သူများကို နှောင့်ယှက်သည့်အနေဖြင့် လေလံကြေးအဆမတန်မြှင့်ပြီး ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ရပ်ဆိုင်းသည့် အခြေအနေများလည်း ပေါ်ပေါက်ပါကြောင်း၊ လေလံကြေးအမှန်တကယ် ရသင့်သည်ထက် လေလံဆွဲဝယ်သူ အချင်းချင်းညှိနှိုင်းပြီး လေလံအောင်မြင်ရန် ဆောင်ရွက်ခြင်းဖြင့် ကြမ်းခင်းဈေး ပြည့်မီခြင်းမရှိဘဲ လေလံလျော့နည်းသည့် အခြေအနေလည်းဖြစ်ပေါ်ပါကြောင်း၊ နောက် လိုင်စင်တန်ဖိုး အဆမတန်ကြီးမြင့်စွာ ဆွဲဝယ်ထားပြီး လေလံစည်းကမ်းပါ အသားဈေးနှုန်းများကို လိုက်နာခြင်းမရှိဘဲ အသားဈေးနှုန်း မြင့်တက်ရခြင်းကြောင့် စားသုံးသူလုပ်သား ပြည်သူများအတွက် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းစသည့် အားနည်းချက်များကို ကြုံတွေ့လာပါကြောင်း၊ ၎င်းအခက်အခဲကို ဖြေရှင်းနိုင်ရန် တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်လုပ်ကိုင်ခွင့်ပြုခြင်းထက် လုပ်ကိုင်လိုသူများကို ခွဲဝေလုပ်ကိုင်စေခြင်းဖြင့် ယှဉ်ပြိုင်မှုများ၊ အသားဈေးနှုန်းများ ပိုမိုရောင်းချခြင်းမရှိစေရန်အတွက် ရောင်းချမည့် အရည်အသွေး ပိုမိုကောင်းမွန်စေရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်စပြီး သားသတ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ဈေးပြိုင်စနစ်နှင့် လေလံတင်ရောင်းချခြင်း မပြုတော့ပါကြောင်း၊ မြို့အနေအထား၊ ဈေးအနေအထားအလိုက် စားသုံးသူတို့လိုအပ်ချက်အရ ဈေးတစ်ဈေးတွင် အသားတစ်မျိုးမျိုးအတွက် သားသတ်လုပ်ငန်းလိုင်စင်တစ်ခုသာ ခွင့်ပြုမည့်အစား သားသတ်လုပ်ငန်းလိုင်စင် လုပ်ကိုင်လိုသူဦးရေ ကန့်သတ်မထားဘဲ နာမည်ပျက်စာရင်းမရှိသူ၊ ပြစ်မှုကင်းရှင်းသူ သတ်မှတ်စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သား မည်သူ့ကိုမဆို ဘဏ္ဍာနှစ်တစ်နှစ်အတွက် သတ်မှတ်ကြမ်းခင်းဈေးအား အညီအမျှခွဲဝေ၍ လိုင်စင်ဝယ်ယူသူအရေအတွက်အလိုက် တိုက်ရိုက်ရောင်းချဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များ၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် မြို့နယ်အသီးသီးတွင် နှစ်စဉ်သားသတ်လုပ်ငန်း လိုင်စင်များကို ဈေးပြိုင်လေလံတင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ သားသတ်လုပ်ငန်းလုပ်ကိုင်လိုသူများ အချိုးကျပေးသွင်းစေပြီး လုပ်ကိုင်ခွင့် ပြုသည့်စနစ်ကို ပြောင်းလဲအသုံးပြုလျက် ရှိနေပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကွပ်ကဲမှု အဖွဲ့အောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကစပြီး သားသတ်လုပ်ငန်းများကို အချိုးကျခွဲဝေလုပ်ကိုင်ခဲ့သည့် စနစ်သည် ဝင်ငွေလျော့နည်းလာပါကြောင်း၊ ခွဲဝေလုပ်ကိုင်သူများကလည်း ယခင်က သားသတ်လုပ်ငန်း လုပ်ကိုင်သူများ၏ ဆွေမျိုးသားချင်းများက လုပ်ကိုင်လာကြခြင်း ဖြစ်သည့်အတွက် ယှဉ်ပြိုင်ရောင်းချမှု မရှိတော့ပါကြောင်း၊ လုပ်ကိုင်သူ များပြားလာသည့်အတွက် သားကောင်အရေအတွက် ပိုမိုသတ်ဖြတ်လာသည့်အတွက် စစ်ဆေးကြပ်မတ်မှုပိုမို ဆောင်ရွက်လာရပါကြောင်း၊ အရေးယူမှုလည်းရှိသည့် အားနည်းချက်များ ဖြစ်ပေါ်လာသည်ကို မူတည်ပြီး သားသတ်လုပ်ငန်းလိုင်စင်များကို လေလံစနစ်ဖြင့် လေလံတင် ရောင်းချနေခြင်းသာဖြစ်ပါကြောင်း၊ ကျန်သည့် ပြည်နယ်/တိုင်းဒေသကြီးမှ ဈေးသက်သာအောင် ၂၀၁၃ ခုနှစ်က မူအတိုင်း ဆက်လက်ရောင်းချနေကြပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအောင်လှိုင်ဝင်း (မင်္ဂလာဒုံ)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မင်္ဂလာဒုံဈေးတွင် လေလံအပြိုင်တင်သည်ကို မလုပ်တော့ဘူးဆိုပြီး ပြောနေသော်လည်း မင်္ဂလာဒုံဈေးတွင် ပြီးခဲ့သည့်ရက်က လေလံပစ်သွားသည့်ဈေးက မနှစ်က ၆၅ သိန်း လေလံအောင်ပါကြောင်း၊ ယခုနှစ်တွင် သိန်း ၂၅၀ နှင့်လေလံအောင် သွားပါကြောင်း၊ မိမိမေးလိုသည်မှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အိမ်ရှင်မများများ အခက်အခဲ ဖြစ်နေသည့်သားဈေး ပြည်တွင်းကထုတ်လုပ်သည့် သားဈေးကို မည်ကဲ့သို့မျိုးစီမံဆောင်ရွက် ထားမည်ကို မေးမြန်းခြင်းနှင့် ဝန်ကြီးဌာန၏အခက်အခဲကို မိမိမှမေးမြန်းခြင်းမဟုတ်ပါကြောင်း၊ မိမိနားလည်သည်မှာ ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ အပြောင်းအလဲတစ်စုံတစ်ရာ ဆောင်ရွက်ရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း
အသားထုတ်လုပ်ခွင့် လိုင်စင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်။ လှိုင်သာယာ၊ ရွာသာကြီး၊ ရွှေပြည်သာအတွက် လိုင်စင်စာရွက်များဆိုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပို့ပေးပါကြောင်း၊ ထိုကဲ့သို့ ပို့ပေးသည့်အထဲတွင် ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး၏ ရန်ကုန်တိုင်းစည်ပင်သာယာရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အသားထုတ်လုပ်ခွင့်လိုင်စင် ရှိသူများကို စာရင်းများနှင့် စည်းကမ်းနည်းလမ်းများကို ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ၂၀၁၂-၁၃ ခုနှစ်တုန်းက ပြည်နယ်/တိုင်းဒေသကြီး အားလုံးတွင် စည်ပင်သာယာရေးနှင့်ပတ်သက်သည့် အစိုးရအဖွဲ့ လက်အောက်ရှိ လိုင်စင်နှင့် အသားငါးများကို တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်ပြီးလုပ်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၁၃-၁၄ ခုနှစ်နှင့် ၂၀၁၄-၁၅ ခုနှစ်မှစပြီး ထိုကဲ့သို့မလုပ်တော့ဘဲ ဈေးအလိုက်၊ မြို့နယ်အလိုက် လုပ်သည်ဟု ပြောပါကြောင်း၊ မိမိအနေဖြင့် ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်ခြင်းမရှိပါကြောင်းနှင့် သူတို့တင်ပြသည့် ကိစ္စများကိုသာ မိမိတို့အနေဖြင့် စုစည်းတင်ပြရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
